By Ra Wai / MPA
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်၌ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
အိုးဘိုအကျဉ်းထောင်၌ ပုဒ်မ ၅၂(က)/ ၅၀(ည)တို့ဖြင့် ထောင်ဒဏ် ၂၂နှစ်ကျခံနေရသည့် ဒေါ်စန်းရီ(၆၅နှစ်)သည် အကျဉ်းထောင်ထဲ၌ သွေးချို၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့ဖြင့် ဖေဖော်ဝါရီ ၁၀ရက်က ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်) သတင်းထုတ်ပြန်သည်။
” ရောဂါကတော့ အရင်ကတည်းကရှိတဲ့ ရောဂါအခံလို့သိရပါတယ်ဗျ။ အကျဉ်းထောင်ထဲမှာ ဒီရောဂါကပိုဆိုးလာတယ်။ အကျဉ်းထောင်ထဲမှာ ဆေးဝါးက လုံလောက်မှုမရှိတာရယ်။ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေကလည်း ငွေကြေးအခက်အခဲရှိနိုင်တယ်။ ပြင်ပဆေးရုံကို သွားရောက်ကုသဖို့ဆို ငွေကြေးလိုအပ်တာဖြစ်တဲ့အတွက် ပြင်ပကို သွားရောက်ကုသဖို့ ခေါ်ထုတ်နိုင်တယ်ဆိုရင်တောင်မှ မိသားစုဝင်တွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားမိသားစုက ပိုက်ဆံမရှိတာမျိုးဆိုရင် ဒါကိုသွားပြီးပို့ဆောင်လို့မရဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင်၊ ကိုသိုက်ထွန်းဦးက MPA သို့ ပြောသည်။
ထောင်ထဲ၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊ ဆေးဝါးမပြည့်စုံခြင်းနှင့် ပြင်ပ၌ ဆေးကုသရန် ငွေကြေးအခက်အခဲရှိခြင်းတို့ကြောင့် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများနှစ်စဉ် ကျဆုံးနေကြောင်း ၎င်းကပြောသည်။
အကျဉ်းထောင် အာဏာပိုင်းများက ထောင်တွင်းကျဆုံးမှုများကို ပြင်ပသို့ သတင်းမပြန့်စေရန် ပိုမိုလုပ်ဆောင်လာပြီး မိသားစုဝင်များကို ခေါ်ယူသတိပေး၊ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
ဒေါ်စန်းရီသည် ၂၀၂၁ခုနှစ်၊ ဧပြီ ၂၂ရက်က ချမ်းမြသာစည်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ရှိနေစဉ် ချမ်းမြသာစည်မြိုနယ်၊ အမှတ် ၁၀ရဲစခန်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် လူငယ်သုံးဦးအား ဝှက်ပေးထားသည်ဟုဆိုကာ ဖမ်းဆီးခံလိုက်ရပြီး ၂၀၂၂ခုနှစ် မေလ ငါးရက်တွင် ထောင်ဒဏ် ၂၂နှစ်ချမှတ်ခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
စာတည်း – ML