By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ရာ အသက် ၁၀၀ ကျော်အရွယ်ရှိ အဘွားအိုတစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို အင်အား ၁၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ စစ်ရေး သတင်းရင်းမြစ်ထံကသိရသည်။
” စစ်ကြောင်းက ၁၈ ရက်နေ့ညမှာ ရွာကိုရောက်တယ်။ နောက်နေ့မနက်မှာ မီးရှို့တာဗျ။ ပြည်သူတွေက ရှောင်ကြပါတယ်။ မီးထဲပါတဲ့အဘွားက မရှောင်နိုင်တာတူတယ်ဗျ။ အသက်အရွယ်လည်း တော်တော်ကြီးပြီကိုး ” ဟု ၎င်းက MPA ကိုပြောသည်။
ထို့ပြင် ကျောက်ဆောက်ရွာ ဘုန်းကြီးကျောင်းအနီး ကတ္တရာလမ်းဘေးတွင်လည်း မီးရှို့ခံထားရသည့် အမည်မသိ အလောင်းသုံးလောင်းကို တွေ့ရှိရကြောင်း ၎င်းကပြောသည်။
” စစ်ကြောင်းတစ်လျှောက်ကနေ သူတို့ဖမ်းလာတဲ့ပြည်သူတွေကို သတ်ပြီး မီးရှို့တာလား။ တိုက်ပွဲကြားထဲ သေတဲ့ စစ်သားတွေကို မီးရှို့ခဲ့တာလားဆိုတာတော့ အတိအကျ မသိရသေးဘူးဗျ ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်ဆောက်ရွာမှ နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်က မြိုင်မြို့နယ် ထန်းငယ်တောရွာနှင့် စဘေရွာအကြားတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း MVP Revolution Force က သတင်းထုတ်ပြန်ထားသည်။