By Ko Paing / MPA
အမျိုးသမီး စစ်မှုထမ်းစာရင်းကို သာကေတမြို့နယ်၊၇ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
ယင်းစာရင်းထဲတွင် ၇ အရှေ့ရပ်ကွက်၊အောင်သပြေအရှေ့ ၄လမ်း၊လမ်းအပေါ်ဘက်နေ အမျိုးသမီး ငါးဦးနှင့် လမ်းအောက်ဘက်နေ အမျိုးသမီး၁၅ဦး ပါကြောင်း သိရသည်။
“၇အရှေ့ အုပ်ကြီးရုံးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်းကပ်ထားတာ ဟုတ်ပါတယ်။ အဲလိုကပ်ရုံတင်မကဘူး။ စစ်မှုထမ်းဆင့်ခေါ်စာတွေပါ စာအိတ်နဲ့ အမျိုးသမီးစစ်မှုထမ်းရှိတဲ့ အိမ်တွေထဲ ရောက်လာတယ်” ဟု သာကေတ၊၁၀တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲပိုင်း၌ MPAသို့ ပြောသည်။
သာကေတမြို့နယ်၊၇အရှေ့ရပ်ကွက်နှင့်၁၀ တောင်ရပ်ကွက်၊ခိုင်ရွှေဝါလမ်းရှိ အမျိုးသမီးအချို့ထံ စစ်မှုထမ်းဆင့်ခေါ်စာများ ယခုရက်အတွင်း ရောက်ရှိလာကြောင်း ၎င်းကဆိုသည်။
“အသေးစိတ်တော့မသိဘူး။အဲစာက အုပ်ကြီးရုံးက ရောက်လာတာတော့ မဟုတ်ဘူး။ဌာနဆိုင်ရာ ကလာတာလို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ၂၃ရက်တွင် ကျောက်တန်းမြို့၊ရွှေကုန်းရပ်ကွက်နှင့် သန်လျင်မြို့၊ဗိုလ်ချုပ်ဘက် တို့တွင် အသက်၁၈နှစ် နှင့် ၂၇နှစ်ကြား စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးများစာရင်း ကောက်ယူခဲ့သလို သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်နှင့် တာမွေမြို့နယ်၊ မဂ္ဂင်လမ်းထဲတွင်လည်း စာရင်းကောက်သွားကြောင်း Rangoon Scout Network ကဆိုသည်။
ဇန်နဝါရီ၂၃ရက်တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ရာ ယင်းနည်းဥပဒေအရ စစ် ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများလည်း စစ်မှုထမ်းရ မည်ဖြစ်သည်။
Rangoon Scout Network သည် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ပတ်သက်သည့် မြေပြင်သတင်းများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ တစ်ခုဖြစ်သည်။