By Nway / MPA
ဇန်နဝါရီလ ၂၄ ရက်တာအတွင်း စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း၌ အမျိုးသမီး၄၂ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁ ရက်နေ့မှ ၂၄ ရက်အထိ သေဆုံးခဲ့သည့်အမျိုးသမီး၄၂ဦးကို အမည်နှင့်တကွ အတည်ပြု နိုင်ခဲ့ပြီး ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်ငါးဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ လေးဦး ပါဝင်ကြောင်း သေဆုံးသူများအနက် ၃၆ ဦးမှာ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး ကျန် ခြောက်ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း AAPP က ဆိုသည်။
” တို့တွေ ပျူတွေကို ကြောက်လို့ ရွာကရှောင်လာတာ ၂၀၂၂လောက်ကတည်းက။ လေကြောင်းရန် ကတော့ အမြဲကြောက်နေရတယ်။ အခုဆို လူစုနဲ့ကို မနေရဲတော့တာ။ စစ်ကြောင်းဝင်လို့ ရှောင်ရ ရင်လည်း တောထဲပဲ ဖြစ်သလိုနေလိုက်တယ်။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကအစ ခဏခဏလာပစ်နေတော့လေ ” ဟု မြိုင်မြို့နယ်၊ကန်နီပျူရွာအနီးရှိ ကျေးရွာမှ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ ၂၀၂၅ ခု၊ ဇန်နဝါရီ ၂၁ ရက်အထိ စစ်တပ်ကြောင့် နိုင်ငံတစ်ဝန်း၌ ပညာရေးကဏ္ဍမှ ဆရာမနှင့်ကျောင်းသူ ၇၂ဦးသေဆုံးခဲ့ကြောင်းလည်း AAPPက ထုတ်ပြန်ထား သေး သည်။
ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာစည်ကျေး ရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လေကြောင်းမှ စစ်တပ် ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် အတွင်းရှိနေသော သက်ကြီးပိုင်းအမျိုးသမီး ဒေါ်ဇင်မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။