ယခုနှစ်မှစတင်ကာ တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးဦးရေ ပိုများလာ ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို ပွဲစားများက အလုပ်ရှာပေးမည်ဟုဆိုကာ တရုတ်ပြည်ထဲသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း လူကုန်ကူးခံနေရသူများအား ကူညီပေးနေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။
“ အမျိုးသမီးတွေရောင်းစားခံရတာတွေရှိတယ်။ပွဲစားတွေလည်းများတယ်။ အလုပ်ရှိတယ်ဆိုပြီးတော့ ရွှေလီထဲကိုပို့တယ်။ တရုတ်ပြည်ထဲရောက်တော့ တရုတ်တွေဆီကိုရောင်းစားကြတာ၊ အများကြီးပဲ” ဟု ၎င်းကပြောသည်။
ယခုနှစ်အတွင်း တစ်လလျှင် လူကုန်ကူးခံရသူ ၂၀ကျော် တို့က ဆက်သွယ်အကူအညီတောင်းခံကြပြီး ၂၀၂၃ခုနှစ်အတွင်း ဆက်သွယ်အကူအညီတောင်းသူမှာ တစ်လလျှင် ၈ဦးခန့်သာ ရှိကြောင်း လူကုန်ကူးသူများကို အကူအညီပေးနေသည့် မူဆယ်အခြေစိုက် အမျိုးသမီးတစ်ဦးကပြောသည်။
လတ်တလော လူကုန်ကူးခံရသူ များစွာရှိနိုင်ပြီး စာရင်းဇယား အတိအကျရရန်မလွယ်ကြောင်းလည်း ၎င်းကပြောသည်။
” အဲလိုမျိုး စာရင်းပြုစုဖို့က project တစ်ခု၊ ကာလတစ်ခု လုပ်ရမှာပါ။ ပြန်ပို့ခံရတာနဲ့ တိုင်ထားတာ ပေါင်းရင်တောင် စာရင်းမှန်မရနိုင်သေးဘူး။ နယ်စပ်ကအကျယ်ကြီးပဲလေ” ဟု ၎င်းကပြောသည်။
မြန်မာအမျိုးသမီးတစ်ဦးလျှင် တရုတ်ငွေ ယွမ် ၅သောင်းဖြင့် ရောင်းစားခံနေရပြီး ရောင်းစားခံရသူ အချို့ ဒုက္ခရောက်သဖြင့် ပရဟိတအသင်းများထံ အကူညီတောင်းခံကြကြောင်း သိရသည်။
“ လူကုန်ကူးတာကအရင်ကတည်းကရှိတာပေါ့နော်။ဒါပေမယ့်၊ ဒီနှစ် အခုမှပိုများလာတာ။ မြန်မာနိုင်ငံမှာကအလုပ်လုံးဝမရှိတော့တဲ့အချိန်မှာ မထူးဇာတ်ခင်းကြတာလည်းရှိတယ်။ အဆိုးဆုံး က ကိုယ့် ဘာသာရောင်းစားကြတဲ့သူတွေလည်းရှိတယ်” ဟု အမည်မဖော်လိုသူ အမျိုးသားကပြောသည်။
တစ်ပတ်ကဒ်ဖြင့် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ကာ ရက်ကျော်နေထိုင်သူများအား တရုတ်အာဏာပိုင်တို့က ပြန်ပို့ပြီးနောက် လက်ရှိတွင် ကန့်သတ်ချက်အသစ်အဖြစ် တရုတ်သူဌေးက အာမခံပေးမှသာ တရုတ်ပြည်ထဲသို့ ဝင်ခွင့်ပေးတော့ကြောင်း ဒေသခံတစ် ဦးကပြောသည်။
“ အခုပွဲစားတွေရှိတယ်။ တရုတ်ပြည်ထဲမှာလူကုန်ကူးတဲ့တရုတ်ပွဲစားတွေရှိတယ်။ သူတို့ကထောက် ခံပေးရင်ဝင်လို့ရနေဦးမှာပဲ။ရောင်းစားခံနေရဦးမှာ။အခုအချိန်က တော်တော်သတိထားရမယ့် အချိန်ပါ” ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင်ရန် ကြိုးစားလာခြင်းနှင့်အတူလူကုန်ကူးခံရမှုများ ပိုမိုဖြစ်လာကြောင်း သိရသည်။
မြန်မာနိုင်ငံ မှတရုတ်နိုင်ငံသို့ ဝင်ရန် မူဆယ်ဂိတ်တွင် ဒေသစုံမှ မြန်မာနိုင်ငံသားများ တနေ့လျှင် ထောင်နှင့် ချီ တန်းစီစောင့်ဆိုင်းနေကြကြောင်း သိရသည်။