မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဖြစ်ပွားနေမှုများကို ကာကွယ်ပေးမည့် အဖွဲ့အစည်းမရှိတော့ကြောင်း The Space Learning Center မှ အမှုဆောင် နန့်မေသဉ္ဇာက ပြောသည်။
“ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့သူတွေက ကျမတို့ထက် ကျော်လွန်သော အမိန့်အာဏာနဲ့ အခွင့်အရေး ရရှိထားပြီးသား ဖြစ်နေတယ်။ ဥပမာ ထောင်ထဲက အခြေအနေတွေဆိုရင် ဘယ်လိုမှ သွားတားလို့မရတဲ့ အခြေအနေ၊ ကျမတို့မှာ ခုခံပေးမယ့် အဖွဲ့အစည်းတွေ မရှိသေးဘူး။ အခုလိုအကြမ်းဖက်ခံနေရတဲ့ကိစ္စအတွက် အကြံပေးစရာက နိုင်ငံရေးအစုအဖွဲ့တွေနဲ့ ပြန်လည်ထူထောင်ရေးကို စိတ်ဝင်စားတဲ့သူတွေတောင်မှ အကြံပေးဖို့က လက်ပေါက်ကျပ်တဲ့ ကိစ္စဖြစ်နေတယ်၊ အဲဒါကြောင့်မလို့ တားစီးဖို့အတွက် အဖြေကတော့ ခက်ပါတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က အုပ်ချုပ်ယန္တရားကို လည်ပတ်နေပြီး လုံခြုံရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့်အပြင် တော်လှန်ရေးကာလအတွင်း စင်ပြိုင်အစိုးရသည်လည်း အကြမ်းဖက်မှုများဖြစ်ပွားသည့်အခါ တိုင်တန်းနိုင်သည့် ခုခံပေးမည့်အဖွဲ့အစည်းများ မစီစဉ်ပေးနိုင်သေးကြောင်း နန့်မေသဉ္ဇာက ဆက်လက် ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီတပ်က ကားလမ်းမများပေါ်၌ စစ်ဆေးရေးဂိတ်များ ချထားပြီး အမျိုးသမီးများဖြတ်သန်းသွားလာသည့်အခါ လက်နက်များဖြင့် ခြိမ်းခြောက်မှုများနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးသည့်အခါ မုဒိမ်းကျင့်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
“ ကျမတို့ လမ်းခရီး သွားတဲ့အခါ ဂိတ်တွေရောက်ရင် အကုန်ဆင်းရတယ်။ အဲဒီအချိန်မှာ သူတို့ကို(စစ်ကောင်စီတပ်) ကြောက်နေတဲ့ အမျိုးသမီးတွေ အမျိုးမျိုးရစ်တယ်၊ စစ်လို့ ဘာမှ အပြစ်မရှိဘူးဆိုရင် အကြောင်းအမျိုးမျိုးရှာပြီး ပိုက်ဆံတောင်းတာတို့ ဖုန်းဘေလ်ထည့်ခိုင်းတာလို့ လုပ်တယ်။ ကျမတို့ရွာဘက်ကို စစ်ကြောင်းထိုးလို့ မရှောင်နိုင်ခဲ့ရင် စစ်သားတွေက မုဒိန်းကျင့်တဲ့ဟာတွေလည်း ကြုံနေရပြီ ” ဟု တနင်္သာရီတိုင်း၊ လိပ်ပုကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်၏ ဖိနှိပ်မှုများကြောင့် လုံခြုံရေးအရ ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားလာလျှင် တိုင်တန်းစရာမရှိသည့်အခြေအနေကြောင့် အမျိုးသမီးများ စိုးရိမ်နေရကြောင်းလည်း သိရသည်။
” ကျမတို့ အမျိုးသမီးတွေရဲ့ အဖြစ်က တစ်ခုခုကြုံလာရင်တောင် ဘယ်တိုင်ရမှန်း မသိဘူး။ ပြည်တွင်းမှာဆိုလည်း ပြည်တွင်းမှာမို့လို့၊ ဒီဘက်ရောက်တော့ ဒီဘက်မို့လို့နဲ့၊ အဓိကကတော့ တာဝန်ယူဖြေရှင်းပေးမယ့် ခိုင်ခိုင်မာမာ အဖွဲ့အစည်းတွေ မရှိသေးတာဘဲ၊ မရှိသေးသ၍တော့ တစ်ခုခုဖြစ်ရင်တောင်မလွယ်ပါဘူး “ ဟု ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်မြို့သို့ ရှောင်တိမ်းနေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၈၁၀ ဦးအထိ ရှိပြီး နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ ၅၄၁၆ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။