By 007 / MPA ( အင်တာဗျူး )
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်ပါရက်စွဲနှင့် ထုတ်ပြန်ကြေငြာချက်အမှတ် ၆/၂၀၂၂တွင် စစ်ကောင်စီ အသုံးပြုနေသည့် လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်၊ သံချပ်ကာယာဉ်များ ယူဆောင်လာပြီး ပူးပေါင်းလျှင် သို့မဟုတ် ဖျက်ဆီးပေးလျှင် ဆုကြေးငွေ သိန်းသန်းချီ ချက်ချင်းပေးရန် စီမံထားသည်ဟု ထုတ်ပြန်ထားသည်။
ဧပြီ ၇ ရက်စွဲဖြင့် NUG ထုတ်ပြန်ချက်တွင် ဆုကြေးငွေ ၉ မျိုး ပါဝင်ပြီး လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်တို့နှင့်အတူ စစ်ကောင်စီတပ်ကို စွန့်ခွာလာလျှင် အမြင့်ဆုံးဆုငွေအဖြစ် ကျပ် သိန်း ၁၀,၀၀၀ ချီးမြှင့်မည်ဟု ဖော်ပြထားရာ ဖြစ်နိုင်ချေရှိသည် မရှိသည်နှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီး စိုင်းနေမျိုး နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ NUG ရဲ့ ၆/၂၀၂၂ ကြေညာချက်ဟာ တကယ်ထိရောက်နိုင်သလား။
ဖြေ။ ။ NUG က အဲ့လိုဆုပေးမယ်ပြောရုံနဲ့ ဘက်ပြောင်းလာနိုင်မလားဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ဉာဏ်ပညာနဲ့ ဆင်ခြင်တုံနိုင်စွမ်းနဲ့ပဲ ဆိုင်မယ်ထင်တယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ လက်တစ်ဆုပ်စာလူတွေကို ကာကွယ်မလား၊ ပြည်သူလူထုကိုကာကွယ်မလား ပိုပြီးကွဲကွဲပြားပြား သိမြင်လာစေရတာလည်း ကိုယ့်ဖက်က အမြတ်ထွက်တာပဲလေ။ အကြမ်းဖက်စစ်ခေါင်းဆောင်ပြောသမျှကိုယုံပြီး ဟုတ်သည်၊မဟုတ်သည် ပိုင်ခြားနိုင်စွမ်းမရှိတဲ့ အများစုသောအုပ်စုက သပ်သပ်ကိုရှိနေတဲ့အတွက် ဘက်ပြောင်း၊ မပြောင်းတော့ စောင့်ကြည့်ရမှာပဲ။
မေး။ ။ ထုတ်ပြန်ချက်မှာဆုကြေးတွေပါတယ်။ ဒါဟာ ပြည်သူတွေအတွက် အကျိုးရှိနိုင်လား။ အခြားပြည်သူတွေမှာ လိုအပ်ချက်တွေလဲ ရှိတယ်လေ။
ဖြေ။ ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကာကွယ်ဖို့ ဝယ်ပေးထားတဲ့ပစ္စည်းတွေနဲ့ ပြည်သူကို ပြန်ဒုက္ခပေးနေတာတွေ ရပ်တန့်ဖို့ ထုတ်ပြန်တယ်လို့ ယူဆတယ်။ထုတ်ပြန်ချက်ကိုလဲ ကြိုဆိုပါတယ်။ စွမ်းဆောင်နိုင်သူ တစ်ဦးချင်း ဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ သိန်းနှစ်ထောင်ကနေ သိန်းတစ်သောင်းထိ ရနိုင်မယ့်အနေအထားကို တွေ့ရတယ်။ တစ်ချို့က တပ်ကလူတွေက ခေါင်းမာတယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ မထင်ဘူး။ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားရှိသူဆိုရင် သိမှာပဲ။ အဲ့လိုမဟုတ်ရင်တော့ နလပိန်းတုံးတွေလို့ပဲမြင်တယ်။
မေး။ ။ ထုတ်ပြန်ချက်ထဲမှာက လုပ်ငန်းစဉ်မပါတော့ တကယ်လုပ်လို့ရမလား။ စစ်လက်နက်ပစ္စည်းအကြီးတွေက သယ်ဆောင်ဖို့မလွယ်ဘူးလေ ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ ဘယ်လိုနေရာတွေကို တင့်ကားတွေ ထွက်လာရမယ်။ လေယာဉ်တွေ ဆင်းရမယ် ဆိုတာတော့ ယာယီသမ္မတရဲ့ ကြေညာချက်ထဲမှာတော့ မပါဘူး။ဒါပေမယ့် လိုရင်ကြံဆ နည်းလမ်းရပေါ့လေ။အဓိက ကစိတ်ပဲလေ။ စိတ္တာဓိပတိပေါ့။ လိမ်ညာပြီး ရာထူးတွေ ထိပ်တက်အောင်လုပ်နေတဲ့ လူကြီးဆိုသူတွေကိုတောင် လိမ်နေကြသေးတာပဲ။ အခုကိစ္စက အဲ့ဒီလောက်ခက်ခဲမယ် မထင်ပါဘူး။ ဆက်သွယ်ချင်ရင် ပြည်သူ့ရင်ခွင်အဖွဲ့လို အဖွဲ့တွေလဲ ရှိနေတာပဲ၊ ဆက်သွယ်ကြည့်ပေါ့၊ လှိုက်လှိုက်လှဲလှဲကူညီကြမှာပါ။
မေး။ ။ အကြမ်းဖက်ကောင်စီတပ်တွေက အရမ်းယုတ်မာနေကြတာ။ ဒီတော့အခုကြေညာချက်ကို တပ်ကယုံပါ့မလား။
ဖြေ။ ။ တပ်ထဲကယုံပါ့မလားဆိုတာ ကျွန်တော်စောစောကဖြေခဲ့သလိုပဲ နလပိန်းတုံးအုပ်စုက သပ်သပ်လိုရှိနေတဲ့ အတွက် ယုံချင်မှယုံမှာပါ။ ဘာလို့ဆိုတော့လဲဆိုတော့ သူတို့ထဲမှာ တန်ပြန်ဝါဒဖြန့်ကြမှာပဲလေ။ ဩစတြေးလျမှာ ခိုလှုံခွင့်ကိစ္စကိုပဲ ကြည့်လေ။ သူတို့တွေထဲမှာ ဘယ်လောက် ပျာယာခတ်သွားသလဲဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် လာရောက်ဆက်သွယ်သူတွေကို အကြေအလည်ရှင်းပြပေးနိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ တန်ပြန်ဝါဒတွေ သဲထဲရေသွန် ဖြစ်သွားခဲ့တာပဲ။ ယုံကြည်ရင် တကယ်လုပ်၊ လိုချင်တာရဖို့ လုပ်ချင်လဲလုပ်၊ အဓိက ကတော့ ပြည်သူ့မျက်နှာကို ကြည့်တဲ့စိတ်နဲ့ လုပ်ကိုင်မယ်ဆိုရင် သားစဉ်မြေးဆက် ဂုဏ်ယူနေရမှာပါ။ အကြမ်းဖက် အာဏာလု စစ်ခေါင်းဆောင်ထက် ပြည်သူ့အစိုးရက အဆပေါင်း မရေတွက်နိုင်လောက်အောင် ယုံကြည်ရပါတယ်။ ကျွန်တော်တော့ ဒါလေးလုပ်ပေးမယ်ဗျာ စရံဘယ်လောက်ချပေးဆိုတာတော့ မရဘူးလေ၊ နွားပွဲဈေးမှမဟုတ်တာ။
မေး။ ။ NUG ကဝါဒဖြန့်ချိတာလား၊ တပ်ကတကယ်လုပ်နိုင်သလား။ အခွင့်အရေးရှိလား ။
ဖြေ။ ။ဝါဒဖြန့်ချိတာမဟုတ်ဘူးဆိုတာ သေချာတယ်။ ပြည်သူ့ငွေနဲ့ ပြည်သူကို ဒုက္ခပေးတာကိုလျော့နည်းအောင် လုပ်တာလို့မြင်တယ်။ စစ်လက်နက်ပစ္စည်းကြီးတွေနဲ့ အနီးကပ်နေသူတွေအတွက် အခွင့်အရေးပဲ။ ဘယ်နေရာမှာ လေယာဉ်ဆင်းရမယ်လို့တော့ ပါမှာမဟုတ်ဘူး။ တကယ်လုပ်ချင်ရင် တကယ်ဆက်သွယ်၊ စိတ်ချယုံကြည်ရတဲ့ အချိန်ရောက်ရင် ဘယ်ကိုလာပါလို့ ပြောမှာပေါ့။ ရဟတ်ယာဉ်လဲ ဒီအတိုင်းပဲ ဆင်းနိုင်တယ်လေ။ တင့်ကားတွေလည်း ဒီလိုပဲ မောင်းလို့ရတဲ့နေရာကို အတိအကျ ယုံကြည်ရပြီဆို ပြောမှာပေါ့။
မေး။ ။ဆုကြေးတွေရဖို့ တပ်ဘက်ကသူတွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့သုံးသင့်လဲ။
ဖြေ။ ။ထုတ်ပြန်ချက် သေချာဖတ်စေချင်တယ်။ ခြေလျင်ကသူတွေလည်း အခွင့်အရေးရှိတယ်။ ဉာဏ်သုံးပြီး လုပ်ရဲကိုင်ရဲဖို့လိုတာ။ ဒါ့အပြင် လေယာဉ်ပိုင်းလော့တွေဆို အမြင့်ဆုံးဆုကြေးတွေရမှာ။ လေယာဉ်ကို မပျက်စီးပဲ မောင်းလာ၊ ပြီးရင် သိန်းတစ်သောင်းယူ။ မြန်မာငွေမလိုချင်ရင် အမေရိကန်ဒေါ်လာငါးသိန်းယူ။ နှစ်ယောက်ဆို တစ်ယောက် တစ်ဝက် နည်းတာမှတ်လို့။ တစ်ယောက်မောင်းတွေဆို တစ်ယောက်တည်းရမှာ။ ရာသီဥတုမကောင်းလို့ဆိုပြီး မေဒေ… မေဒေ အော်ပြီး လေထီးနဲ့ခုန်ချလိုက်လဲရတယ် ။ ဒေါ်လာသုံးသိန်းယူ ဘယ်လောက်အထာကျလဲ။ ပြီးတော့ ပထမဆုံးစလုပ်တဲ့သူတွေဆို ပြည်သူက ဝိုင်းလှူချင်လှူကြ ဆုချချင်ချကြမှာ။
မေး။ ။ခြေလျင်တပ်တွေ၊ လက်နက်စက်ရုံတွေ၊ နောက်တန်းတာဝန်ယူသူတွေ၊ စစ်ရုံးတွေမှာ လုပ်နေတဲ့သူတွေကအဆင်ပြေပါ့မလား။
ဖြေ။ ။တင့်ကားကြီးမောင်းလာလို့ မရရင်လဲ ဖျက်ဆီးခဲ့ပေါ့။ ဒေါ်လာတစ်သိန်းယူ။ ခြေလျင်တွေဆိုလဲ စစ်ကြောင်းမှာ တင့်တွေ သံချပ်ကာတွေပါတာပဲ။ နှစ်ဖက်ထိတွေ့ချိန် ကိုယ့် RPGနဲ့ တင့်ကားကိုထုပေါ့၊ မိုင်းထောင်လဲရတာပဲ။ မှတ်တမ်းတော့ ရအောင်ယူထားပြီးမှ ကိုယ့်သေနတ်ကိုယ်ယူပြီး လွတ်မြောက်နယ်မြေဘက် ထွက်လာခဲ့ပေါ့။ ပြည်သူ့အစိုးရက ပေးတဲ့ဒေါ်လာတစ်သိန်းလဲရမယ်။ လွတ်မြောက်နယ်မြေတွေက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ချီးမြှင့်တဲ့ ဆုကြေးလဲရမယ်။ စစ်ကျွန်ဘဝမှာတော့ ဒီလောက်ရဖို့ မဖြစ်နိုင်ဘူး။
နောက်တန်းမှာနေရတာ လုံခြုံရေးပဲလုပ်နေတာဆိုပြီးတော့လည်း စိတ်ပျက်စရာမလိုဘူး။ အခွင့်အရေးကလက်တစ်ကမ်းမှာပဲရှိတယ်။ ဘေးနားကိုကြည့်လိုက် လေယာဉ်၊ ရဟတ်ယာဉ်၊ သံချပ်ကာကားတွေ ရပ်ထားလား။ လေယာဉ်ဆီသိုလှောင်ကန်၊ လက်နက်တိုက်လား၊ လက်နက်စက်ရုံလား။ ပိပိရိရိမှတ်တမ်းယူပြီး ဖျက်ဆီးခဲ့။ ပြီးရင် လွတ်မြောက်နယ်မြေ လာခဲ့ သိန်းနှစ်ထောင် ဒါမှမဟုတ် ဒေါ်လာတစ်သိန်းယူရုံပဲ။
မေး။ ။ ဖျက်ဆီးတာလွယ်တယ်။ လွတ်အောင်ပြေးဖို့ခက်နေရင်ရောဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ။ ဖျက်ဆီးပြီးလို့ မလွတ်နိုင်ဘူးထင်ရင် မပြေးနဲ့၊ မှတ်တမ်းလေးတော့ လုံခြုံစိတ်ချတဲ့နေရာမှာသိမ်းထား၊ မသိချင်ယောင်ဆောင်ပြီး အဖမ်းခံလိုက်။ စုံခုံဖွဲ့ခံရရင် ကိုယ်တစ်ယောက်တည်းပါမှာမဟုတ်ဘူး။ အထက်ကနေ နှိပ်စက်နေတဲ့ အရာရှိဆိုးတွေပါ အစစ်ခံရမှာလေ။ အစစ်ခံတဲ့အခါ ဘာမှမသိတဲ့ ယုန်သူငယ်လေးလိုနေလိုက်။ဒါမျိုးတွေ ကျွမ်းကြပါတယ်။ ထောင်ကျရင်လဲ ကိုယ်တစ်ယောက်တည်းကျမှာမှမဟုတ်တာ၊ အတွဲလိုက်ကြီးကျမှာလေ။
ပြည်သူ့အစိုးရ ပြန်လာတဲ့အခါကျ မှတ်တမ်းလေးနဲ့ ပြန်တင်ပြ၊ ထောင်ကလွတ် သိန်းနှစ်ထောင်ဆုကြေးလဲရ။ အာဏာရူးစစ်ခေါင်းဆောင်တွေ ခိုင်းတာလုပ်ခဲ့တဲ့အကောင်တွေကတော့ ထောင်ထဲမှာကျန်ခဲ့ပြီး ခိုင်းတိုင်းလုပ်ခဲ့တဲ့ အမှုအတွက် ရင်ဆိုင်ရဦးမှာ။
မေး။ ။နောက်ဆုံးအနေနဲ့ ပြောချင်တာရှိလား။
ဖြေ။ ။စိတ်ချရမှုဘယ်လောက်ရှိတယ်မရှိဘူးဆိုတာ ကြေငြာချက်ရဲ့ နံပါတ်(၆)မှာပါတယ်။ The Public Property Protection Act-1947 အရ တရားစွဲဆို အရေးယူအပြစ်ပေးခံခြင်းမရှိစေရတဲ့။ ဒါက တော်လှန်ရေးကာလမှာပဲ ရတဲ့အခွင့်အရေးနော်။ နှစ်ခါပြန်မရဘူး။ တော်လှန်ရေးပြီးသွားတဲ့အခါမှ ဒါမျိုးလုပ်ချင်လို့မရဘူး၊ အဲ့ကျမှလုပ်ရင်တော့ ပြည်သူ့တရားစီရင်ရေးနဲ့တွေ့မှာပဲ။ အကြမ်းဖက်အာဏာရူးလက်အောက်မှာ ခိုင်းသမျှလုပ်နေသူတွေကိုလည်း နွေဦးတော်လှန်ရေးဟာ အတိုင်းအတာတစ်ခုကိုရောက်နေပြီဆိုတာ အသိပေးလိုပါတယ်။ ပြည်သူတွေအနေနဲ့ ဆက်လက်တွန်းလှန်ပြီး အပြန်အလှန်အားပေးကူညီရင်း အားတင်းထားကြပါလို့ မေတ္တာရပ်ခံပါတယ်။ ဤခရီး နီးနေပါပြီ။
#NUG #CDM #တင့်ကား #လေယာဥ် #အကြမ်းဖက်စစ်ကောင်စီ #Myanmar #ပြည်သူ့ရင်ခွင်ခိုလှုံ #အင်တာဗျူး