By MPA ( အင်တာဗျူး )
နွေဦးတော်လှန်ရေးတစ်နှစ်ပြည့်မှာ ခုခံတော်လှန်စစ်အတွက်ဘာတွေပြင်ဆင်ရမလဲ။ ကရင်တော်လှန်ရေး နဲ့ နွေဦးတော်လှန်ရေး ဘာတွေဘယ်လိုကွဲပြားခြားနားသလဲဆိုတာတွေကို KNLA ဒုတိယ စစ်ဦးစီးချုပ်၊ ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် MPA အင်တာဗျူးထားပါသည်။
မေး။ ။ KNLA အနေနဲ့ နှစ်ပေါင်း ၇၀ကျော် ဖက်ဆစ်စစ်တပ်ကို တော်လှန်နေတဲ့ အနေအထားကနေ ခုလက်ရှိ ၂၀၂၁ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖက်ဆစ်စစ်တပ်ကို ခုခံတော်လှန်နေတဲ့ အနေအထားက ဘာတွေဘယ်လိုပြောင်းလဲသွားလဲ။ အဲဒါကိုသုံးသပ်ပေးပါဦး။
ဖြေ။ ။ ဗြိတိသျှဆီက လွတ်လပ်ရေးနဲ့ မွေးဖွားလာခဲ့တဲ့ လူမျိုးစုတွေရဲ့ တော်လှန်ရေးဟာ လူများစုဖြစ်တဲ့ ဗမာပြည်သူတွေရဲ့နားလည်မှုကို မရခဲ့ဘူး။ တင်းတင်းကျပ်ကျပ်နဲ့ စနစ်တကျခွဲခြားဖိနှိပ်မှုတွေအောက်မှာ ဗမာလူများစု ပြည်သူတွေနဲ့ လူမျိုးစုတွေကြားမှာ ဒီနိုင်ငံရဲ့ အဓိကပြဿနာကို သုံးသပ်တာအတော် ဟ နေခဲ့တယ်လို့ကျနော်မြင်တယ်။ ပညာရေး၊ စာပေနဲ့ ယဥ်ကျေးမှုများအပါအ၀င် နည်းလမ်းပေါင်းစုံနဲ့ စနစ်တကျခွဲခြားဖိနှိပ်ခဲ့တဲ့ အာဏာရှင်စနစ် အမျိုးမျိုးကြောင့် ပြည်သူတွေဟာ တော်လှန်ရကောင်းမှန်းမသိတာ၊ မတော်လှန်ရဲတာ၊ တော်လှန်လို့မရတာစတဲ့အခြေအနေတွေနဲ့ နှစ်ပေါင်း ၇၀ ကျော်ကျနော်တို့ရဲ့တော်လှန်ရေးက ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ(၁)ရက်နောက်ပိုင်းခက်ခဲတဲ့ နွေဦးတော်လှန်ရေးကိုကြည့်ရင် ပြည်သူအများစုရဲ့ အနေအထားက အတော်လေးပြောင်းလဲနေခဲ့ပြီ။ အထူးသဖြင့်ဒီကနေခေတ်လူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ သူတို့ကမ္ဘာကြီးထဲက အခြေအနေတွေကို ရှု့မြင်သုံးသပ်ပုံတွေက အများကြီးရှေ့ပြေးတယ်လို့ယူဆရတယ်။ ပိုပြီးလည်းရဲရင့်တဲ့အတွေးမျိုးရှိတယ်။ အဲဒါအပြင် လွတ်လပ်မှုကို လိုလားမှုက ပိုကြီးလာတယ်။ သူတို့လိုချင်တဲ့လွတ်လပ်မှုကိုလည်းအတော်တန်ဖိုးထားပြီး တိုက်ယူဖို့အထိပြင်းထန်တယ်လို ကျနော်မြင်တယ်။
ချုပ်ပြောရရင် ဒီကနေ့ကျနော်တို့နိုင်ငံက ပြည်သူလူထုတွေဟာ ပိုပြီးမလွတ်လပ်တဲ့အခြေအနေကို အံတုဖို့၊လွတ်လပ်မှုကို ရတဲ့နည်းနဲ့ယူဖို့၊လွတ်လပ်ငြိမ်းချမ်းဖို့ကို လိုလားမှုပြင်းထန်လာတယ်။ ဒီအခြေအနေမျိုးဟာ ခုခံတော်လှန်ရေးအောင်မြင်ဖို့လိုအပ်ချက်ဖြစ်တယ်။ ပြည်သူလူထုတွေ၊ အထူးသဖြင့် ကျောင်းသားလူငယ်တွေ ပိုပြီးရဲရင့်ပြတ်သားလာတယ်။ ဒါဟာလည်းတော်လှန်ရေးအတွက် လိုအပ်ချက်ဖြစ်တယ်။ ကျနော်တို့ဟာ ရေမချိုးခင်နဲ့ ရေချိုးပြီး အဝတ်စားလဲတာမျိုးလေး အပြောင်းအလဲလုပ်တာမျိုးလုပ်မရဘူး။ ပြတ်ပြတ်သားသားတော်လှန်ဖို့လိုတယ်။ ဒါကို တစ်နိုင်ငံလုံးက ပြည်သူလူထုအများစုကသဘောပေါက်နေကြပြီလို့ ကျနော်မြင်တယ်။ ဒါဟာလွတ်လပ်ရေးနဲ့အတူမွေးဖွားလာတဲ့ တော်လှန်ရေးများအခင်းအကျင်းနဲ့ ဒီကနေ့ ပေါင်းစပ်လာတဲ့ နွေဦးတော်လှန်ရေးအခင်းအကျင်း ခြားနားချက်လို့ကျနော်မြင်ပါတယ်။
မေး။ ။ တပ်မဟာ ၆ နယ်မြေတစ်ခုဖြစ်တဲ့ လေးကေ့ကော်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထား တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ရဲ့ အမြင်လေးကိုပြောပြပေးပါဦး ။ လေးကေ့ကော်တိုက်ပွဲက ကဘယ်လောက် နစ်နာဆုံးရှုံးမှုရှိသလဲ။
ဖြေ။ ။ ဒီအခြေအနေကို ကျနော်တို့အပေါ်ယံကြောပဲကြည့်လို့မရဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနိုင်ငံရေးနှစ်ခုစလုံးနဲဲ့ ကြည့်ဖို့လိုသလို တစ်လွှာချင်းစီလည်းကြည့်ဖို့ လိုပါတယ်။ လေးကေ့ကော်မြိုသစ်ကိုတည်ထောင်ခွင့်ပေးထားတယ်ဆိုတာက အပေါ်ယံကြောမှာတွေ့ရတာပါ။ ဒါပေမယ့် အစကတည်းက ဒီနေရာနဲ့ ပတ်ဝန်းကျင်ဟာစစ်ရေးအရ၊ လူမှုရေး စီးပွားရေးအရ ဗမာစစ်တပ်ကမြို့ထဲ၊ စခန်းထဲဝင်မထိုင်ယုံ လွှမ်းမိုးထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ နိုင်ငံရေးအရကြည့်ရင်လည်း ကရင်ပြည်နယ်ထဲမှာ မြို့ကိုတည်ထောင်ခွင့်ပေးတာ စစ်တပ်အလုပ်မဟုတ်သလို နေပြည်တော်က အစိုးရအလုပ်လည်းမဟုတ်ပါဘူး။ အဲ့ဒီခွင့်ပေးတယ်ဆိုတဲ့ ကိစ္စဟာနိုင်ငံရေးအရမှားယွင်းနေတာဖြစ်တယ်။ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအရ လွှမ်းမိုးထိန်းချုပ်တဲ့ဗျူဟာဖြစ်တယ်။
ဆိုတော့ အခုလေးကေ့ကော်ကို စကစကထိန်းချုပ်တယ်ဆိုတာ ပုံစံပြောင်းသွားလို့ သက်ရောက်မှုကွာသွားတာဖြစ်ကောင်းဖြစ်မယ်။ အနှစ်သာရအားဖြင့် မခြားနားလှပါဘူး။ ကျနော်အနေနဲ့တော့ ဗမာစစ်တပ်ရဲ့ လွှမ်းမိုးအနိုင်ကျင့်မှု၊ နယ်မြေစိုးမိုးမှုပါပဲ။ အစကတည်းက ကျူးကျော်ခံရတဲ့အခြေအနေပါ။ အခုချိန်မှာ ပြောင်းလဲသွားတဲ့အခြေအနေကြောင့် ကျနော်တို့ အတိအလင်းပြန်တိုက်ဖို့ပဲရှိပါတယ်။
မေး။ ။ NUGနဲ့ကော လက်ရှိအချိန်ထိ စစ်ရေးအရ ၊နိုင်ငံရေးအရ ပူးပေါင်းတာမျိုးရှိလား။ ရှိရင် ဘာကြောင့်လဲ။ မရှိရင်လဲဘာကြောင့်လဲ။
ဖြေ။ ။ NUG ကစစ်ရေးဘာလုပ်နေလဲ ဘယ်လိုလုပ်နေလဲကျနော်မသိဘူး။ ကျနော်နဲ့တိုက်ရိုက်ပြောတာလည်းမရှိလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်များများစားစားပြောစရာမရှိပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့ ဘုံရည်မှန်းချက်တွေတူနေသရွေ့၊တိုက်နေတဲ့ ဘုံရန်သူတူနေသရွေ့မှာ ကရင့်တော်လှန်ရေးက တော်လှန်ရေးမိတ်ဖက်အားလုံးနဲ့ ကျောသားရင်သားမခွဲခြားပဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကျနော်နားလည်ထားပါတယ်။ ကရင်တွေဘာလိုချင်တာလဲဆိုတာသာ ပြည်သူတွေ၊မဟာမိတ်တွေ မသိဘူး၊ နားမလည်ဘူးလို့ငြင်းလို့ ရကောင်းရနိုင်တယ်။ ဒါပေမယ့်ကရင်တွေ ဗမာလူမျိုးကြီးဝါဒကိုတော်လှန်တယ်၊ စစ်အာဏာရှင်နဲ့ အာဏာရှင်အမျိုးမျိုးရဲ့ခွဲခြားဖိနှိပ်မှုတွေကိုတော်လှန်တယ်။ ကရင်တွေတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်နေတယ်ဆိုတာ ပြည်သူအားလုံးသဘောပေါက်နေပြီးသားလို့ ကျနော်ယုံကြည်ပါတယ်။
ဆိုတော့ ကျနော်တို့ အမြဲတန်းဆန်းစစ်နေဖို့လိုတာက ကျနော်တို့ဘုံရည်မှန်းချက်တွေ တူနေရဲ့လား ဘုံရန်သူတွေတူနေရဲ့လားဆိုတာပါ။ ကျနော်တို့အနေနဲ့ကတော့ စစ်အာဏာရှင်နဲ့ စစ်သွေးကြွအာဏာရှင်ကိုတော်လှန်တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့ကြီးငယ်အားလုံးကို တက်နိုင်တာအားလုံးပံ့ပိုးပြီး ဘုံရန်သူကိုဖြိုဖျက်ဖို့ အခွင့်အရေးရတိုင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေတာပါပဲ။
မေး။ ။ တစ်နိုင်ငံလုံးအနေအထားရဖက်ဆစ် စစ်တပ်ကို အပြုတ်တိုက်ဖို့ဆိုရင် မဟာဗျူဟာကျတဲ့ စုပေါင်းမဟာ မိတ်တပ်ဖွဲ့လိုမျိုးလိုအပ်လား။ ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ။ ။ ခပ်တိုတိုဖြေရရင်လိုပါတယ်။ စနစ်တကျစုစည်းတည်ဆောင်နိုင်ဖို့ပိုလိုအပ်ပါတယ်။
မေး။ ။ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ဖက်ဆစ်စစ်တပ်ဒေါက်တိုင်တွေကို ၁၀ ရက်အတွင်း ပြန်ဖို့ စာထုတ်တာက စစ်ကြေညာလိုက်တဲ့သဘောလား။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ။ ။ စစ်ကြေညာတာမဟုတ်ပါဘူး။ စစ်ကြေညာစရာမလိုပါဘူး။ ကျနော်တို့စပြီးတိုက်ခဲ့ပြီးသားဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့ရည်ရွယ်တဲ့ ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ် ယန္တရားတွေရှင်သန်နေအောင် မလုပ်ကြဖို့ လိုပါတယ်။
မေး။ ။ အပြစ်မဲ့ပြည်သူတွေကို လေယာဥ်တွေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တဲ့အပေါ်ကော ဘာများမှတ်ချက်ပြုပြောချင်ပါသလဲ။
ဖြေ။ ။ လက်နက်မဲ့ ပြည်သူလူထုအနေနဲ့ ခြိမ်းခြောက်ညှင်းပန်း နှိပ်စပ်မှုတွေမျိုးစုံအောက်မှာ ကြောက်ရွံ့ပြီး မတော်လှန်ရဲတော့အောင်၊ တော်လှန်ရေးကိုထောက်ခံပံ့ပိုးတာမျိုးမလုပ်ရဲတော့အောင် အစွမ်းကုန်အနိုင်ကျင့်တဲ့လုပ်ဆောင်မှုလို့မြင်ပါတယ်။ ဒါပေမယ့် ကျနော်တော့ ပြည်သူတွေကိုယုံတယ်။ သူတို့ဟာ မအဘူး။ ထို့အတူ ကြောက်ခဲ့ဖူးတာထက် ပိုမကြောက်တော့ပါဘူး။ ပြည်သူတွေရဲ့ ခံနိုင်ရည်ကိုကျနော်ဘယ်တော့မှ လျှော့မတွက်ဘူး။ ကျနော်တို့အားလုံး ဒီလိုနိုင်ထက်စီးနင်းဖိနှိပ်ညှင်းပန်းမှုအောက်က လွတ်မြောက်ဖို့တော်လှန်ကြရမှာဖြစ်ပါတယ်။
မေး။ ။ ပြည်သူများကို ခုခံတော်လှန်စစ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ပြောချင်ဆုံး မှတ်ချက်စကားကဘာဖြစ်မလဲ။
ဖြေ။ ။ လူမျိုးပေါင်းစုံပြည်သူလူထုဟာနည်းမျိုးစုံနဲ့နှစ်ပေါင်းများစွာ အာဏာရှင်တွေရဲ့ မတရားဖိနှိပ်ညှင်းပန်းမှုတွေကို ခံခဲ့ပြီးဖြစ်တယ်။ ကျနော်တို့တော်လှန်ရေးအောင်ပွဲမခံမချင်း ဆက်ပြီးရင်ဆိုင်ပေးဆပ်သွားရမှာပဲဖြစ်တယ်။ ဒီတော်လှန်ရေးဟာ တဒင်္ဂအေးချမ်းဖို့မဟုတ်ပါဘူး။ အနာဂတ်လုံခြုံဖို့ ဆင်နွဲရတဲ့တော်လှန်ရေးဖြစ်ပါတယ်။ ကျနော်တို့အားလုံးကိုယ့်ရဲ့ကျရာ ကဏ္ဏ အသီးသီးကနေ လုံ့လဝိရိယမလျှော့၊ အားမာန်မလျှော့ဘဲ ဆက်ပြီးတော်လှန်သွားနိုင်ဖို့လိုပါတယ်။