စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့တွင်အခြေစိုက်ထားသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် (People Revolution Army(PRA) မှ ပြန်ကြားရေးတာ၀န်ယူထားသည့် ဗိုလ် ဂျပန်နှင့် MPA တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။အစ်ကို့ရဲ့နာမည်ရယ်၊ ရောက်နေတဲ့နေရာရယ်၊ တပ်ဖွဲ့ရယ်၊ တာဝန်ယူထားတဲ့အပိုင်းရယ်ကို မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ကျနော့်နာမည်ကဂျပန်ကြီးပါဗျ။ စခန်းအခြေစိုက်ထားတာကတော့ စစ်ကိုင်းတိုင်းရယ်၊ မကွေးတိုင်းရယ်၊ ချင်းပြည်နယ်အစပ်မှာပါဗျ။ ပြည်သူ့တော်လှန်ရေးတပ်မတော် (People Revolution Army(PRA)) ပေါ့နော်။ တာဝန်ယူထားတဲ့အပိုင်းကတော့ ကျနော်က စခန်းတာဝန်ခံတစ်ယောက်ဖြစ်သလို ပြန်ကြားရေးမှာတာဝန်ယူထားပါတယ်ဗျ။
မေး။ ။ပြည်သူ့တော်လှန်ရေးတပ်မတော်အနေနဲ့ လက်ရှိလုပ်ကိုင်နေတာလေးတွေပြောပြပေးပါဦး။
ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ဒီမှာကတော့ သင်တန်းပေးတယ်။ ရက်တိုရက်ရှည်ပေါ့။ ရက်တိုဆို၁၀ရက်။ ရက်ရှည်ဆိုရင်တစ်လ ပုံစံမျိုးနဲ့ သင်တန်းပေးတယ်ပေါ့။ မိုင်းပညာတွေဘာတွေပေးတယ်ပေါ့။ ဒီမှာတော့ လူစုဖွဲ့မှုအားကောင်းကောင်းနဲ့ လက်နက်ကို ကိုယ်တိုင်လည်းထုတ်တယ်၊ ဝယ်လည်းဝယ်တယ်။ အဲ့ဒါမျိုး စုဖွဲ့မှုအားကောင်းကောင်းနဲ့ စစ်ကောင်စီကို တွန်းလှန်ဖို့အရှိန်ယူနေပါတယ်ဗျ။
မေး။ ။လက်ရှိ နောက်ဆုံးတိုက်ပွဲအခြေကရော ဘယ်လိုရှိနေပါသလဲ။ အဖွဲ့အနေနဲ့ ဘယ်လောက်အထိ စစ်ကောင်စီကို သုတ်သင်နိုင်ခဲ့ပါသလဲ။
ဖြေ။ ။ဒီရက်ပိုင်းကတော့ စစ်ကိုင်းဘက်ရော၊ ချင်းပြည်နယ်ဘက်ရောဆိုရင် စစ်ကောင်စီဘက်ကနေ ထိုးစစ်ဆင်တာတွေ တော်တော်လေးစိပ်လာတယ်။ စိပ်လာတဲ့အနေအထားမှာ ကျနော်တို့ဘက်က ပြင်ဆင်မှုက မိုင်းကိုပိုပြီးတော့အားကိုးတယ်ဗျ။ မိုင်းကိုမှ အဆွဲမိုင်း၊ အဝေးထိန်းမိုင်းတွေ၊ အဲ့ဒါတွေနဲ့ ကျနော်တို့ အများအပြားလုပ်ထားတာရှိတယ်။ စစ်ကောင်စီကနေ ထိုးစစ်ဆင်မှုတွေက ခပ်ခပ်စိပ်စိပ်ဖြစ်လာတဲ့အခါ ဒီရက်ပိုင်းတွေဆို ပိုပြီးတော့ ထိတွေ့မှုတွေများလာတာပေါ့။ ကျနော်တို့က စစ်ကောင်စီကလာပြီဆိုရင် သတင်းစီးဆင်းမှုက ပြည်သူတွေဆီကနေရတာနဲ့ဆိုင်တယ်။ အဲ့ဒီအတွက် ကျနော်တို့ကပြင်ဆင်လို့ရတာပေါ့။ တိုက်ခိုက်တဲ့ပုံစံက စစ်ခွေးတွေလာတဲ့လမ်းကို မိုင်းထောင်တယ်။ ပြန်လည်ပစ်ခတ်တယ်။ အဲ့တာမျိုးနဲ့တိုက်ပွဲကို စနေပါတယ်ဗျ။ ဒီချိန်ထိဆိုရင် တိုက်ပွဲစုစုပေါင်းက ၁၅ကြိမ်၊ ၁၆ကြိမ်ဖြစ်သွားပြီဗျ။ အဲ့ထဲမှာမှ စစ်ကောင်စီကိုသုတ်သင်ဦးရေအရေအတွက်ဆိုရင် ၁၂၀၊ ၁၃၀ဝန်းကျင်လောက်ရှိပြီ။ ကျနော်တို့ဘက်မှာလည်း အထိအခိုက်အကျအဆုံးတော့ အနည်းငယ်ရှိပါတယ်ဗျ။
မေး။ ။အပေါ်ပိုင်းမှာဆိုရင် စစ်ကောင်စီရဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုပြီး ကြားရလေ့ရှိပါတယ်။ အဲ့ဒီအခါမှာစစ်တပ်ဘက်က အယောက်၂၀၊ ၃၀လောက်သေတယ်မျိုးတွေကြားရပါတယ်။ ဘယ်လိုနည်းပညာနဲ့ တိုက်ခိုက်မှုတွေကြောင့် အဲ့လောက် အကျဆုံးရှိရတာပါလဲ။ အဲ့ဒါတွေရဲ့ဖြစ်စဉ်လေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ကျနော်တို့မိုင်းတွေက ကေအဲန်ယူစခန်းတွေက သင်ထားတာတွေဖြစ်တယ်။ မိုင်းကကျတော့ တော်တော်လေးလည်းကောင်းတယ်။ စစ်ကောင်စီကလာပြီဆိုရင် ကားနဲ့လာကြတာများတယ်။ အဲ့ဒီအခါကျရင်မိုင်းတွေဆင်။ ပြီးတဲ့အခါမှာ ထိထိမိမိ ကျနော်တို့ဆွဲတဲ့အချိန်မှာ စစ်ခွေးတွေဘက်ကအကျအဆုံးများတာ။
မေး။ ။တိုက်ခိုက်ပြီးတဲ့အခါမှာရော စစ်တပ်က ဘယ်လောက်သေလဲပြန်ပြီးစစ်ဆေးတာမျိုးရော ရှိပါသလား။
ဖြေ။ ။တစ်ခါတလေကျရင် အဲ့လိုမျိုးသွားစစ်ဆေးတာတွေရှိတယ်။ တစ်ခါတလေကျရင်လည်း သူတို့အလောင်းတွေပြန်သယ်သွားတာတွေ၊ မြေမြှုပ်တာတွေ အဲ့ဒါတွေကိုကြည့်ပြီးတော့မှ ဘယ်နှစ်ယောက်သေတယ်။ ဘယ်နှစ်ကောင်ဒဏ်ရာရတယ်ဆိုတာကို ၁၀၀ရာခိုင်နှုန်းမဟုတ်ရင်တောင် ၈၀ရာခိုင်နှုန်းအထိ ခန့်မှန်းပြီးတွက်ချက်လို့ရပါတယ်။
မေး။ ။လက်နက်အင်အားပြည့်စုံတဲ့စစ်တပ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ အဖွဲ့အနေနဲ့ ဘာအခက်အခဲတွေများရှိပါသလဲ။
ဖြေ။ ။ဒီတော်လှန်ရေးက တစ်နိုင်ငံလုံး အကုန်လုံးပါဝင်ပြီး ထကြွနေတဲ့အချိန်မှာ အဓိကအခက်အခဲကတော့ လက်နက်ခဲယမ်းလောက်ပါပဲဗျ။ ကျနော်တို့ဆီမှာ အစစ်က တော်တော်လေးနည်းပါသေးတယ်။ ကျနော်တိို့ဆီမှာလက်လုပ်နဲ့ အစစ်အနည်းငယ်နဲ့ ပြောင်းပဲရှိပါတယ်ဗျ။ အဲ့ဒါကိုအခြေခံပြီးတော့ တိုက်နေရ ပြုနေရတော့ လက်နက်အင်အားလေးပဲ အားနည်းတယ်လို့ ပြောလို့ရပါတယ်ဗျ။ ကျန်တဲ့ဟာကတော့ တပ်အင်အားစုဖွဲ့မှုရော၊ မိုင်းရော၊ လက်နက်လုပ်သေနတ်ရော၊ ကျနော်တို့ဆီမှာ တော်တော်လေးအင်အားကောင်းတယ်။ လက်နက်လေး နည်းနည်းလေးအခက်အခဲဖြစ်တာလောက်ပါပဲဗျ။
မေး။ ။အစ်ကိုတို့က PDFမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့ဆိုတော့ အမျိုးသားညွတ်ရေးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်မှုလေးတွေရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။NUGကို ကျနော်တို့ တောင်းဆိုထားတာလေးတွေရှိပါတယ်ဗျ။ NUGအောက်ကသွားနေတဲ့ အဖွဲ့စည်းတစ်ခုပါပဲ။ နာမည်ကတော့ People Revolution Army ဆိုပြီး တပ်ပေါင်းစုပုံစံမျိုး စုဖွဲ့ထားခြင်းဖြစ်ပါတယ်။ NUGလက်အောက်ကနေ ကျနော်တို့သွားတယ်။ နိုင်ငံတကာဥပဒေကျင့်ဝတ်တွေကိုလည်း ကျနော်တို့လိုက်နာပြီးတော့မှ အဲ့အောက်ကနေ သွားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဗျ။ NUGကနေထောက်ပံ့မှုကတော့ ပထမအသုတ်အနေနဲ့ ကျနော်တို့ သိန်းနှစ်ရာထောက်ပံံ့မှုကို အဖွဲ့အနေနဲ့ရထားပါတယ်ဗျ။ အဲ့အတွက်လည်း ကျနော် တို့ အခြားလှူဒါန်းမှုတွေနဲ့ စုဆောင်းပြီးတော့မှ လက်နက်အစစ်တွေဝယ်ဖို့လုပ်နေကြတယ်။ ဝယ်လည်းဝယ်နေကြတယ်။ လက်နက်ဈေးကလည်း အရမ်းကိုဈေးကြီးနေတဲ့အချိန်မှာ တလက်ကိုပဲ သိန်း၆၀ သိန်း၇၀ ဝန်းကျင်ကျနေတော့ ကျနော်တို့မှာ အဲ့အခက်အခဲတစ်ခုပဲရှိပါတယ်။ NUGက အဆက်အသွယ်ရပါတယ်။ ဦးရည်မွန်တို့နဲ့လည်း အစည်းအဝေးတွေ လုပ်ဖြစ်ပါတယ်ဗျ။
မေး။ ။လက်ရှိစစ်တပ်က အညာဒေသမှာ အနော်ရထာစစ်ဆင်ရေးဆိုပြီး လုပ်နေတာကရော ဘယ်လိုအနေအထားရှိပါသလဲ။ သူတို့လက်နက်အင်အားနဲ့ ထိုးစစ်ဆင်လာတာမျိုးပေါ့။ဒီဘက်ခြမ်းက စခန်းသိမ်းခံရတာတွေ ကျနော်တို့ကြားရပါတယ်။ အခုလက်ရှိ အညာတွေမှာဘာတွေဖြစ်နေလဲဆ်ိုတာ ပြည်သူလူထုကို ပြောပြပေးပါဦး။
ဖြေ။ ။ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုက ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပိုပြီးတော့လည်းကြမ်းလာတယ်။ လက်နက်ကြီးတွေ တင့်ကားတွေကအစ ပါလာတယ်ပေါ့။ကျနော်တို့က ကျနော်တို့စခန်းကို လုံးဝမထိခိုက်အောင် အကုန်လုံးက တော်တော်လေးကိုပြင်ဆင်ထားတယ်။ အဲ့ထဲမှာမှ တိုက်ပွဲတွေဖြစ်ပြီဆိုရင် အဲ့ပတ်ချာလည်ရွာတွေက စစ်ရှောင်နေရတာ တော်တော်လေးများတယ်ဗျ။ အဲ့ဒီအတွက် ကျနော်တို့စခန်းမှာဆိုရင် စစ်ရှောင်အင်အားက ၄၀၀စွန်းစွန်းဖြစ်သွားပြီပေါ့။ အဲ့ဒါတွေက ပြည်သူတွေကိုလည်းကျနော်တို့ ကာကွယ်ရမယ်ဆိုတဲ့စိတ်မွေးပြီးတော့ ကာကွယ်စောင့်ရှောက်တယ်။ ကျနော်တို့တပ်ရင်းတပ်ဖွဲ့တွေနဲ့ သေသေချာချာလေးအစီစဉ်ဆွဲထားပါတယ်။ ပြီးတော့ တိုက်ပွဲလည်း တော်တော်လေး ပြင်းထန်လာတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါသုံးပြီးတော့မှ တော်တော်လေးဖြိုခွဲလာတယ်။ ကျနော်တို့ အထိအခိုက်မရှိအောင်လို့ တိုက်ပွဲကိုဆင်နွှဲနေရပါတယ်ဗျ။
မေး။ ။လက်နက်အင်အားမမျှတဲ့အတွက် စစ်တပ်ကိုတိုက်တဲ့အချိန်မှာ ဘယ်လိုမျိုးဗျူဟာမျိုးနဲ့ တိုက်ခိုက်နေရပါသလဲ။
ဖြေ။ ။ကျနော်တို့က ရပ်တည်တာမကြာသေးတဲ့အဖွဲ့အစည်းဖြစ်တယ်။ PDF ဖြစ်ဖြစ်၊ PRAဖြစ်ဖြစ်ပေါ့။ သိပ်ပြီးတော့မှမကြာသေးဘူး။ စစ်ကောင်စီကတော့ နှစ်နဲ့ချီပြီးရပ်တည်လာတော့ သူတို့ကိုတိုက်ဖို့ဆိုတာ ပြောက်ကျားစနစ်ကိုပဲ အခြေခံရတာပေါ့။ သာရင်သာသလို ကျနော်တို့ မိုင်းဆွဲတယ်၊ ပြန်ပစ်ခတ်တယ်။ ပြီးရင်ပြန်ဆုတ်တယ်။ အဲ့ပုံစံမျိုးပဲ အမှည့်ခြွေခြွေရတဲ့အနေအထားလောက်ပဲ လုပ်လို့ရတယ်ပေါ့။ ထိပ်တိုက်တွေ့ဖို့ဆိုတာက ကျနော်တို့မှာ လက်နက်အင်အားကောင်းကောင်းမရှိသေးဘူး။ အဲ့လိုလက်နက်ကောင်းကောင်းရှိမယ်ဆို အခုလုပ်နေတာထက် စစ်ကောင်စီကို အဆပေါင်းများစွာ မြို့သိမ်းတိုက်ပွဲတွေ ကောင်းကောင်းလုပ်လို့ရတာပေါ့။ အခုလို ကျနော်တို့မှာ လက်နက်ကိစ္စခက်ခဲနေတဲ့အတွက် ပြောက်ကျားစနစ်ကိုပဲ အခြေခံပြီးတော့မှ တိုက်နေရတာဗျ။
မေး။ ။အဲ့ဒါဆို လက်နက်သာရမယ်ဆိုရင် ကိုယ့်မြို့ကိုယ့်ဒေသကို စစ်တပ်လက်ထဲက ပြန်သိမ်းလို့ရတယ်လို့ ဆိုလိုတာလားဗျ။
ဖြေ။ ။အဲ့လိုဆိုလိုလို့ရပါတယ်ဗျ။ ကျနော်တို့တပ်ပေါင်းစုအဖွဲ့ဆိုတာက အရှေ့မှာပြောခဲ့သလို ဧရာဝတီတိုင်းလည်းရှိတယ်၊ စစ်ကိုင်းလည်းရှိတယ်၊ မကွေးလည်းရှိတယ်။ ကျနော်တို့စစ်ကိုင်းတိုင်းဒေသကြီးဖြစ်တယ်ပေါ့။ အဲ့ထဲကမှ NUGအစိုးရက လက်နက်သာခပ်ကောင်းကောင်းချပေးတာတို့ လမ်းကြောင်းတွေပွင့်လာမယ်ဆိုရင် ကျနော်တို့က ကိုယ့်မြို့၊ ကိုယ့်နယ်အပြင်ကို ဒီအခြားမြို့နယ်တွေ၊ တိုင်းတွေအကုန်လုံးကို သိမ်းလို့ရတဲ့အင်အားလည်းရှိနေတော့ ကျနော်တို့မှာ လက်နက်အင်အားလေးရမယ်ဆိုရင် အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောလို့ရတယ်ဗျ။
မေး။ ။PRAအနေနဲ့ တိုက်ပွဲတွေလည်းတိုက်နေတယ်။ စစ်ဘေးရှောင်တွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုတော့ ပြည်သူလူထုကို ဘာများ သတင်းစကားပါးချင်ပါသလဲ။
ဖြေ။ ။ပြည်သူလူထုက စိုးရိမ်ကြတယ်။ တချို့က လုံခြုံရေးစည်းပေါက်မှာစိုးလို့။ ကျနော်တို့ရဲ့ပြင်ပစခန်းကို စစ်ရှောင်တွေကိုမလာဖို့ သူတို့အကြံဉာဏ်ပေးတာတွေရှိတယ်ဗျ။ကျနော်တို့ရဲ့ခံယူချက်က ပြည်သူကိုကာကွယ်မယ်၊ အာဏာရှင်ကိုလည်းတိုက်မယ်ဆိုပြီးမှ လုပ်ကြရတာဖြစ်တဲ့အတွက် ပြည်သူဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ကမကြည့်ရက်ဘူးပေါ့။ အဲ့တော့ သူတို့ကို မကယ်ထုတ်ဘူးဆိုရင် စစ်ကောင်စီက အကုန်ပစ်သတ်တယ်၊ ရွာတွေကိုမီးရှို့တယ်။ သူတို့အိမ်တွေကို မီးရှို့တာတွေလုပ်လာတယ်။ ကျနော်တို့က စစ်ကောင်စီကိုတိုက်ဖို့ဆိုရာမှာ ပြည်သူ့မျက်နှာတစ်ခုတည်း ကြည့်ပြီးလုပ်ရတာဖြစ်တဲ့အတွက် ပြည်သူကိုလည်း မျက်နှာမူနေရတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ တိုက်ပွဲကိုလည်း အကောင်အထည်ဖော်ပါ့မယ်။ ပြည်သူကိုလည်းကာကွယ်ပါ့မယ်။ ကျနော်တို့ကိုစိုးရိမ်ပူပန်ပေးကြလို့ ပြည်သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ကျနော်တို့လည်း သေသေချာချာအလုပ်တစ်ခုကို ဇောက်ချပြီးတော့မှ လုပ်နေပါတယ်။ ဖရိုဖရဲတော့အဖြစ်မခံနိုင်ပါဘူး။ ကျနော်တို့ဒီမှာလည်း EC၁၇ဦးနဲ့ ဒီအဖွဲ့စည်းကို အောင်မြင်အောင်၊ လမ်းမှားလည်းမရောက်အောင် NUGရဲ့လက်အောက်မှာ သွားပြီးတော့မှ ၁၇ဦးကလည်း အများသဘောတူမှ အကောင်အထည်ဖော်ပြီးမှလုပ်ကြမယ်လို့ သဘောတူထားတာရှိတယ်ပေါ့။ အမှားလည်းနည်းအောင်လို့ပေါ့နော်။ အဲ့အတွက် ပြည်သူလူထုကို ကျနော်တို့က ကျေးဇူးလည်းတင်တယ်။ ပြီးတော့ နောက်တစ်ခုက သတင်းစီးဆင်းမှုတွေကနေ စစ်ခွေးတွေအင်အားဘယ်လောက်ရှိလည်းဆိုတာကအစ သတင်းတိတိကျကျရတယ်။ အဲ့အတွက်လည်း ကျနော်တို့မှာအထိခိုက်နည်းနည်းနဲ့ အောင်ပွဲဆင်နေနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။
မေး။ ။ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
ဖြေ။ ။ကျနော့်ဆီမှာက အရင်တည်းက အင်အားကလည်း ယောကျာ်းတွေရော၊ မိန်းကလေးတွေရော တော်တော်လေးများတဲ့အနေအထားဗျ။ အင်အားများတဲ့အခါကျတော့ စစ်ဘေးရှောင်တွေပါရောက်လာတော့ မိုးကာတွေ၊ ရိက္ခာတွေ၊ ဆေးဝါးအခက်အခဲကတော့ ပိုပြီးတော့ဖြစ်လာတယ်။ အဲ့ဒီအတွက်လည်း ပြည်သူတွေတစ်ရပ်လုံးအနေနဲ့ ကျနော်တို့ကို ပါဝင်ပေးကြပါလို့တောင်းဆိုရင်းနဲ့ ကျနောတို့သည် တိုင်းပြည်အတွက် အသက်ပေးပြီးတော့စွန့်လွှတ်သွားပါမယ်လို့ပြောချင်ပါတယ်။