ဆလိုင်းထက်နီ (CNF)
ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်ကို နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသော လက်ရှိအခြေနေများ၊ ချင်းပြည်နယ်၏ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို Myanmar Pressphoto Agencyမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်:ထားပါသည်။
မေး။ ။လက်ရှိချင်းပြည်နယ်ရဲ့စစ်ရေးအခြေအနေကိုရှင်းပြပါဦး။
ဖြေ။ ။ကျနော်တို့ ချင်းပြည်နယ်စစ်ရေးအခြေအနေနဲ့ပတ်သက်ရင် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျနော်တို့မှာ စစ်တွေကဖြစ်နေတာပဲ။ အခုအကြီးအကျယ်ဖြစ်နေတာကတော့ အခုလ အောက်တိုဘာလမှာ စစ်ကောင်စီက ချင်းပြည်နယ်နေရာမျိုးစုံကနေ စစ်အင်အားကို ဖြည့်တင်းလာတာ၊ တိုးချဲ့လာတာတွေ့ရတယ်။ သူတို့ရိက္ခာနဲ့ တပ်အင်အားနဲ့သံချပ်ကာကားနဲ့ အဲ့ဒီလိုအကြီးအကျယ် တိုးချဲ့လာတာတွေ့ရတယ်။ စစ်ကောင်စီတွေက ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ဗျူဟာထားတယ်။ မြောက်ပိုင်းမှာ စစ်ဗျူဟာထားတယ်။ အဲ့ဒီစစ်ဗျူဟာကိုဦးတည်ပြီးတော့ စစ်အင်အားတိုးချဲ့လာတာရှိတယ်။ အဲ့လိုတိုးချဲ့လာတာနဲ့အမျှ အခုတိုက်ပွဲကတော့ ပိုပြီးတော့ စိပ်လာတာပေါ့။ တိုက်ပွဲကဆက်ဖြစ်နေတုန်းပဲ။ ကျနော်တို့ဘက်ကတော့ စစ်ရေးအရ တင်းမာတဲ့အနေအထားအောက်မှာ ပြောက်ကျားစနစ်နဲ့ ဖြေးဖြေးချင်းဖြစ်လာတယ်။ တိုက်ပွဲကြောင့်လည်း တိုက်ပွဲလမ်းကြောင်းမှာရှိနေတဲ့ ချင်းပြည်ကပြည်သူတွေ တောတောင်တွေထဲ၊ တခြားရွာတွေထဲ ပြောင်းရွှေ့နေရတယ်။ ဘာလို့ဆို သူတို့က ပြည်သူတွေကြောက်အောင်ဆိုပြီး ညှင်းပန်းနှိပ်စက်တာ၊ ရွာတိုင်းကို လက်နက်ကြီးနဲ့ထုတာမျိုးတွေရှိတာပေါ့။ အဲ့ဒီအနေအထားမှာရှိပါတယ်။ တိုက်ပွဲတွေတိုင်းမှာတော့ ကျနော်တို့က စစ်မြေပြင်အရ ပြောက်ကျားစစ်ပုံစံထိုးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က အသေအပျောက်တော့ မရှိသလောက်ဖြစ်ပါတယ်။ နှစ်ဖက်အနေအထားကတော့ တင်းမာနေတာပေါ့။ ပိုပြီးတော့ပြင်းထန်လာဖို့ပဲရှိပါတယ်။
မေး။ ။ချင်းအမျိုးသားတပ်ဦးရဲ့စုဖွဲ့မှု အခြေအနေလေးလည်းပြောပြပေးပါဦးဗျ။
ဖြေ။ ။ကျနော်တို့ချင်းအမျိုးသားတပ်ဦးက အားလုံးနဲ့ပူးတွဲပြီးတော့ စစ်ဆင်ရေးလုပ်တာပါ။ ချင်းအမျိုးသားတပ်ဦးက ကမကထလုပ်ပြီးတော့ ချင်းပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကိုစုဖွဲ့ပြီးတော့ ချင်းပြည် ကြားကာလကာကွယ်ရေးကော်မတီဆိုပြီး ဖွဲ့ပြီး အကုန်လုံးနဲ့ ပူးတွဲတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မေး။ ။တိုက်ပွဲကာလကြာရှည်လာတဲ့အချိန်မှာ ချင်းပြည်နယ်မှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိလာပါသလဲ။
ဖြေ။ ။လက်နက်ကတော့အခက်အခဲတော့ရှိတာပေါ့။ ဒါပေမယ့်တိုက်ပွဲကြာတော့ကျနော်တို့က အင်အားကောင်းလေ စစ်ရေးအတွက် ပိုပြီးတော့ပြင်ဆင်လေဆိုပြီး အဲ့အနေအထားမှာ ပိုပြီးတော့စိတ်ဓာတ်က ပြင်းထန်လာတယ်။ ကြံ့ခိုင်လာတယ်။ ဆိုတော့ လက်နက်ခဲယမ်းကိုယ့်ဟာကိုယ်ရှာကြပြီးတော့ ပိုလုပ်ပြီးတော့ စုဆောင်းတာတွေ ပိုပြီးရှိလာတာပေါ့။ ပြည်သူ့ကာကွယ်ရေးတပ်ရယ် ချင်းအမျိုးသားတပ်ရယ်ဆိုပြီးတော့ မဟုတ်ဘဲနဲ့ အားလုံးကဝိုင်းဝန်းပြီးတော့ အဲ့ဒီလိုတိုက်နေကြတာပေါ့။ အခုအနေအထားကတော့ တစ်ပြည်လုံးအနေအထားနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ကျနော်တို့ပြောလို့မရပေမယ့် ကွက်ကျားကွက်ကျားနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ တိုက်ပွဲပမာဏကြီးကျယ်မှုတော့ ရှိတာပေါ့။ တစ်ပြည်လုံးအနေအထားနဲ့ဖြစ်နေတယ်လို့ပဲ ပြောရမှာပဲလေ။ အဓိကတိုင်းရင်းသားနေရာကတော့ လေးငါးနေရာကတော့ဖြစ်နေတယ်။ အခြားဘက်မှာလည်း မြို့တွင်းပြောက်ကျားတိုက်ပွဲတွေ ဖော်ဆောင်တာတွေတော့ ပိုပြီးတော့ပမာဏာကကျယ်လာတာပေါ့။
မေး။ ။တိုက်ပွဲကာလတလျှောက်မှာ စစ်တပ်ကိို ဘယ်လောက်ချေမှုန်းနိုင်ခဲ့ပါပြီလဲ။ ချင်းကာကွယ်ရေးအဖွဲ့တွေရဲ့ ထိခိုက်မှုအခြေအနေကရောဘယ်လောက်ရှိနေပါသလဲ။
ဖြေ။ ။ကျနော်တို့ တစ်ပြည်လုံးအနေအထားကိုစောင့်ကြည့်နေတော့ စစ်တပ်တွေက ကျနော်ပြောတာမမှားရင် တနေ့ကို၅ယောက် ၆ယောက်နှုန်းနဲ့ ရဲတွေရော၊ စစ်တပ်တွေရော သေဆုံးနေတယ်လို့ ခန့်မှန်းပြီးတော့ ပြောလို့ရပါတယ်။ သူတို့ဘက်က အင်အားဆုံးရှုံးမှုကပ်ိုများလာတယ်။ ကျနော်တို့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကျနော်တို့ဘက်မှာတော့ ဆုံးရှုံးမှုသိပ်မရှိဘူး။ တိုက်ပွဲတွေကပြင်းထန်တဲ့အချိန်မှာ သူတို့ဘက်က ဆုံးရှုံးမှုပိုပြီးတော့များတာတွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က ပြည်သူ့တော်လှန်ရေးဆင်နွှဲနေတဲ့နေရာမှာ ပြည်သူနစ်နာဆုံးရှုံးမှုတွေက စစ်ကောင်စီက ပြည်သူလူထုအပေါ် နှိပ်စက်ရိုက်နှက် အကြမ်းဖက်မှုတွေက ကျနော်တို့အနေနဲ့ ဆုံးရှုံးရတာဖြစ်ပါတယ်။ စစ်ရေးအနေနဲ့က ကျနော်တို့ဘက်ကအောင်မြင်နေတယ်လို့တော့ပြောချင်ပါတယ်။
မေး။ ။ချင်းပြည်သူလူထုရဲ့ စစ်ရှောင်နေရတဲ့အခြေအနေလည်း ပြောပြပေးပါဦး။
ဖြေ။ ။ဟုတ်ကဲ့။ စစ်ရှောင်တွေကတော့ သိတဲ့အတိုင်း ထန်တလန်မြို့ပေါ်တိုက်ပွဲမှာ ထန်တလန်တမြို့လုံးကတော့ လွတ်တဲ့ဒေသတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ၊ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်တာတွေရှိတယ်။ တဖက်နိုင်ငံဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ မီဇိုရမ်ပြည်နယ်ပေါ့။ ကျနော်တို့စစ်ဘေးရှောင်တွေက အနည်းဆုံး ၃သောင်းလောက်ရှိတယ်။ ပြည်တွင်းထဲမှာထွက်ပြေးရတာတွေ၊ တောထဲတောင်ထဲမှာ၊ နယ်စပ်ဘက်၊ သူတို့ဆွေမျိုးတွေရှိတဲ့ဘက် ထွက်ပြေးရတာမျိုး၊ ကျေးရွာလေးတွေကိုတိမ်းရှောင်တာတွေရယ် ပြီးတော့အားလုံးပေါင်းရင်တော့ ၆သောင်းလောက်တော့ ခန့်မှန်းလို့ရပါတယ်။ အဲ့ထက်ပိုများလာဖို့ပဲရှိပါတယ်။
မေး။ ။ချင်းအမျိုးသားတပ်ဦးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သဘောတူညီချက်ထဲမှာ ကျနော်တို့က အမြဲတမ်း နိုင်ငံရေးအရချိတ်ဆက်မှု၊ စစ်ရေးအရချိတ်ဆက်မှုဆိုတာကို ပိုပြီးတော့မှလုပ်လာတယ်။ ကျနော်တို့ ချိတ်ဆက်မှုတွေကို အမြဲမပြတ်လုပ်တာမျိုးရှိပါတယ်။ သူတို့နဲ့ ကျနော်တို့ကြားမှာ ချိတ်ဆက်မှုက ကောင်းပါတယ်လို့ပြောချင်ပါတယ်။
မေး။ ။သီတင်းကျွတ်လပြည့်နေ့မှာ ပြည်မမှာ ဘုရားဖူးတွေများပြားနေတဲ့အပေါ် ချင်းပြည်ဘက်က တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အားမလိုအားမရဖြစ်တဲ့ ဝေဖန်မှုမျိုးတွေ တွေ့ရပါတယ်။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ပြည်မကပြည်သူတွေအပေါ် ဘယ်လိုသတင်းစကားမျိုးပါးချင်ပါသလဲ။
ဖြေ။ ။ဒီတစ်ခါမှာတော့ ကျနော်တို့က မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်က အဓိကအနေနဲ့ ကျနော်တို့တိုင်းရင်သားလက်နက်ကိုင်တွေရှိတဲ့ တောင်ပေါ်ဒေသတွေမှာရှိတယ်။ မြေပြန့်ဘက်မှာတော့ အဲ့လိုမျိုးတွေမရှိခဲ့ဘူး။ ဒီတစ်ခါကျနော်တ်ို့ရဲ့တော်လှန်ရေးက တပြည်လုံးအသွင်ဆောင်လာတဲ့အခါကျတော့ ပြည်မကလည်း တတ်နိုင်သလောက်လှုပ်ရှားနေတာတွေ့ရတော့ ကျနော်တို့ကအားရပါတယ်။ ကျေနပ်ပါတယ်။ သို့သော် တိုက်ပွဲအရှိန်မြှင့်ဖို့ကလိုအပ်ပါတယ်။ တောင်ပေါ်မြေပြန့်ဆိုပြီး မခွဲခြားဘဲနဲ့ ဟန််ချက်ညီညီနဲ့ အားကောင်းကောင်းနဲ့လုပ်ဖို့လိုအပ်တယ်။ မလုပ်ဖူးဆိုတာတော့မပြောချင်ပါဘူး။ လုပ်နေပါတယ်။ ပိုပြီးတော့အားကောင်းလာဖို့ တိုက်တွန်းချင်တာပါ။ အဲ့ဒါမှ စစ်ကောင်စီက စစ်မျက်နှာတွေအများကြီးဖွင့်မယ်။သူတို့ဘက်က အင်အားလျော့နည်းလာမယ်။ အဲ့ဒါကြောင့် တောင်ပေါ်ရယ်၊ မြေပြန့်ရယ်၊ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့တော့ သတင်းစကားပါးချင်ပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ။ ။ဘယ်လိုပဲဖြစ်နေဖြစ်နေ စစ်ကောင်စီအပေါ် ပြည်သူက မုန်းတီးလာတာကိုတွေ့ရတယ်။ အဲ့ဒါကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကူညီဖို့ပြင်းထန်လာတယ်။ စစ်အာဏာရှင်မရှိမှသာဆိုတဲ့ သူတို့နိုင်ငံရေးရပ်တည်ချက်ပြင်းထန်လာပြီး စစ်ကောင်စီကို ပြည်သူ့အားနဲ့ တောင်တန်းပြည်မမခွဲခြားဘဲနဲ့ စစ်အာဏာရှင်ဖြုတ်ချပြီးတော့ အားလုံးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ရာ အားလုံးမှာတာဝန်ရှိတယ်။ အားလုံးပူးပေါင်းပြီးဝိုင်းဝန်းကြဖို့တိုက်တွန်းချင်ပါတယ်။
#CNF #အင်တာဗျူး #MPA