“ ကျွန်တော်တို့တိုင်းတာတဲ့ အနေအထားအရ မြေအောက် ၄၀ မီလီမီတာနဲ့ မီလီမီတာ ၁၀၀ အနက်အထိ မြေအောက်ရေခိုအောင်းမှု အနေအထားကို ဂြိုဟ်တုကနေ တောက်လျှောက်တွေ့ရတယ်။ တွေ့ရတဲ့အနေအထားမှာ အခု အလယ်ပိုင်းဒေသဆိုလို့ရှိရင် မြေအောက်ရေ ဆုတ်နေပြီ။ ခုနပြောတဲ့ ပဲခူးတိုင်း အနောက်ခြမ်းဆိုရင်လည်း မြေအောက်ရေစပြီးတော့ ဆုတ်တဲ့အနေအထားတော့ ရောက်နေပြီ”
(ဦးဝင်းနိုင် – မိုးလေဝသစောင့်ကြည့်လေ့လာသူ)
နေ့အပူချိန်များသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပြီး ရာသီဥတု ပြောင်းလဲလာမှုအခြေအနေကြောင့် ပဲခူးတိုင်းအနောက်ခြမ်းတွင် မတ်ပဲစိုက်ခင်းများ ခင်းလုံးကျွတ်ရေငတ်၍ ပျက်စီးဆုံးရှုူံးခဲ့မှုသည် အစွန်းရောက်ရာသီဥတုဖြစ်စဥ် အယ်လ်နီညို၏ သက်ရောက်မှုကြောင့်ဖြစ်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူများက ဆိုသည်။
အဆိုပါ အစွန်းရောက်ရာသီဥတုဖြစ်စဥ်ကြောင့် ယခုနှစ် နွေရာသီတွင် ဖြစ်ပေါ်နိုင်သော ရာသီဥတုအခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သည့် အကြောင်းအရာများအား မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကို MPA က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အယ်လ်နီညိုဆိုတာ ဘယ်လိုရာသီဥတုဖြစ်စဥ်မျိူးလဲ။
ဖြေ။ ။ အယ်လ်နီညိုရဲ့ အဓိကဖြစ်တဲ့ အကြောင်းအရင်းက ပစိဖိတ်သမုဒ္ဒရာအရှေ့ဖက်အစွန် မက္ကဆီကိုပင်လယ်ကွေ့ အဲ့ဒီပတ်ဝန်းကျင်မှာ သူ့ပုံမှန်အနေအထားကနေပြီး ရေပူစီးကြောင်းတွေ ဝင်လာပြီးတော့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က သတ်မှတ်ထားတဲ့၊ ပုံမှန်ထက်များလာပြီဆိုလို့ရှိရင် အယ်လ်နီညိုဆိုပြီးသတ်မှတ်တယ်။ အဲ့ဒီသတ်မှတ်ထားတဲ့အပူချိန်ထက် လျော့ကျသွားလို့ရှိရင် လာနင်ညာလို့သတ်မှတ်တယ်။ အယ်လ်နင်ညို၊ လာနင်ညာက ဆန့်ကျင်ဘက်နှစ်ခု။ နှစ်ခုစလုံးကိုတော့ အစွန်းရောက် ရာသီဥတုဖြစ်စဥ်လို့ ခေါ်လို့ရတယ်။ စဖြစ်တာကတော့ အပူချိန်တွေပြောင်းလာတဲ့ အနေအထားကနေ စဖြစ်တာ။
မေး။ ။အယ်လ်နီညိုက ဘယ်နှနှစ်မှာတစ်ကြိမ်ဖြစ်ပေါ်တတ်လဲ။
အရင်တုန်းကအနေအထားတွေအရဆိုရင်တော့ ၄ နှစ်နဲ့ ၇ နှစ်မှာ တစ်ကြိမ်ဖြစ်ပေါ်တတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာက အဲ့ဒီလိုမဟုတ်တော့ဘဲနဲ့ ၂ နှစ်တစ်ခါ၊ ၁ နှစ်တစ်ခါ ဖြစ်လာတာမျိုးတွေ တွေ့ရတယ်။ အဓိကက ဘာကြောင့်လဲဆိုတော့ (global warming) ကမ္ဘာကြီးပူနွေးလာတာရယ်၊ သူကနေမှတစ်ဆင့် နောက်ဆက်တွဲဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲခြင်း (climate changes) အဲ့ဒီဟာတွေကြောင့် အယ်လ်နီညိုဖြစ်တဲ့ဖြစ်စဥ်က အရင်ထက်စာလို့ရှိရင် စိပ်လာတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ဘယ်နှစ်တွေမှာ အယ်လ်နီညိုကျရောက်ခဲ့လဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးနဲ့ ကမ္ဘာကလည်း အားအပြင်းဆုံး အယ်လ်နီညိုလို့ သတ်မှတ်ထားတာက ၂၀၁၅။ ၂၀၁၅ ကတော့ အယ်လ်နီညို အားအပြင်းဆုံးနှစ်ဖြစ်တယ်။ အဲ့ဒီနှစ်မှာ အလယ်ပိုင်းဒေသတွေမှာ အယ်လ်နီညိုဖြစ်နေတဲ့ နှစ်အစမှာ ပူပြင်းတဲ့ဒဏ်ခံရတယ်။ အပူချိန်တွေ တအားမြင့်ပြီးတော့ ရေရှားတာတွေ၊ မိုးခေါင်တာတွေဖြစ်တယ်။ ဒါပေမယ့် သူကနေပြီးတော့ မုတ်သုံရာသီအကုန်ပိုင်းကို ရောက်သွားတဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်ကိုဝင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေဖြစ်တယ်။ အဲ့ဒီ ဆိုင်ကလုန်းမုန်တိုင်းတွေက မြန်မာပြည်ကိုမဝင်ဘူး။ သူတို့အရှိန်ကြောင့်မလို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ မိုးတွေတအားများတယ်။ ၂၀၁၅ ခုနှစ်မှာ တော်တော်ကို စံချိန်ချိုးလောက်တဲ့ မြစ်ကြောင်းတစ်လျှောက် ရေကြီးတာတွေဖြစ်ခဲ့တယ်။ အဲ့ဒီတော့ ဧရာဝတီတိုင်းထဲမှာရော နောက်ပြီးတော့ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် အဲ့ဒီဒေသတွေမှာ ရေကြီးတဲ့ဖြစ်စဥ်တွေဖြစ်ခဲ့တာ။ ဒါကတော့ ဖြစ်ခဲ့တဲ့အနေအထားပေါ့။
မေး။ ။ အယ်လ်နီညို တစ်ကြိမ်ကျရောက်ရင် ဘယ်လောက်ကြာတတ်လဲ။
ဖြေ။ ။ သူ့ရဲ့ပုံမှန်အတိုင်းပဲ ပြောမယ်ဆိုရင်တော့ သူက ၁၈ လ။ တစ်နှစ်ခွဲအထိကြာတယ်။ အယ်လ်နီညိုသည် ပုံမှန်အားဖြင့် အားအကောင်းဆုံးက ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလ။ ဒီနှစ်လမှာ အယ်လ်နီညိုက အားအပြင်းဆုံးဖြစ်တတ်တယ်။ အဲ့ဒီတော့ အားအပြင်းဆုံးဖြစ်တတ်တဲ့ ဒီဇင်ဘာမတိုင်ခင် ၉ လ၊ အားအပြင်းဆုံးဖြစ်တဲ့ ဒီဇင်ဘာနောက် ၉ လ။ အဲ့ဒီလိုမျိုး ကာလကို ယေဘူယျအားဖြင့် ၁၈ လ သတ်မှတ်ထားတယ်။
မေး။ ။ ဒီနှစ်ဘယ်အချိန်မှာ အယ်လ်နီညိုစတင်ကျရောက်ခဲ့တာလဲ။ အယ်နီညိုက ဘယ်အချိန်မှာ လျော့ကျသွားမှာလဲ။
ဖြေ။ ။ ၂၀၂၃ အယ်လ်နီညိုက ဧပြီ၊ မေလလောက်က စပြီးတော့ဖြစ်တယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီမှာတော့ အားအကောင်းဆုံး။ အတည်ပြုလို့ရတာကတော့ ဇန်နဝါရီမှာ အားအကောင်းဆုံးပေါ့။ သူကနေ ဆက်ပြီးတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေအထိ အယ်လ်နီညို effect (သက်ရောက်မှု)က ဆက်ပြီးရှိနေမယ်လို့ ကျွန်တော်တို့တွေးထားတယ်။ ဩစတြီးယားမိုးလေဝသဌာနကလည်း အဲ့ဒီအတိုင်း ထုတ်ပြန်ထားတယ်။ အမေရိကန်အခြေစိုက် NOAA ကလည်း သူ့ရဲ့ ဖေဖော်ဝါရီ ၅ ရက်က နောက်ဆုံးထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အဲ့ဒီလိုပဲဖော်ပြထားပါတယ်ဗျ။
မေး။ ။ အခုနှစ် အယ်လ်နီညိုက အရင်နှစ်တွေနဲ့ ဘာတွေ ကွာခြားလဲ။ ပိုပြီး အားကောင်းလာသလား။
ဖြေ။ ။ ၂၀၂၃ က လာနီညာကနေပြီးတော့အယ်လ်နီညိုကို အကူးအပြောင်းဖြစ်တဲ့နှစ်ပေါ့နော်။ ၂၀၂၂-၂၀၂၃ က လာနီညာနှစ်လို့လည်းပြောလို့ရတယ်။ အဲ့ဒီလာနီညာနှစ်ကနေပြီးတော့ ၂၀၂၃ နွေရာသီကျော်ကျော်ပေါ့။ ဧပြီ၊ မေလောက်ကစပြီးတော့ ဒီအယ်လ်နီညိုအစပျိုးတယ်။ ဒီဇင်ဘာမှာ အားအပြင်းဆုံးဖြစ်မယ်ဆိုပြီး ခန့်မှန်းတယ်။ တကယ်တမ်းဖြစ်တော့ ဇန်နဝါရီမှာ အားအပြင်းဆုံးဖြစ်တယ်။ ဆိုတော့ ပြီးခဲ့တဲ့နှစ် ၂၀၂၃ က လာနီညာဓာတ်ခံလေးကရှိတော့ သူလည်းဘာပဲပြောပြော ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကအပူချိန် (earth surface temperature) က အမြင့်ဆုံးနှစ်ဆိုပြီး စံချိန်ချိုးတယ်။ အဲ့ဒီတော့ ၂၀၂၄ အယ်လ်နီညိုကတော့ မေလလောက်မှာ ကုန်သွားမယ့်အနေအထားပေါ့နော်။ အားကုန်ပြီးတော့ neutral ပေါ့။ လာနီညာလည်းမဟုတ်၊ အယ်လ်နီညိုလည်းမဟုတ် အဲ့ဒီလိုနှစ်ကို ရောက်သွားပြီးတော့ ၂၀၂၄ ကတော့ ပြီးခဲ့တဲ့နှစ်တွေထက်ပိုပြီး ပူမယ့်အနေအထားတော့မရှိဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ ဒီနှစ် ဘယ်လထဲမှာ အပူဆုံးဖြစ်မလဲ။ ဘယ်ဒေသတွေလဲ။ အပူချိန်ဘယ်လောက်ရှိမလဲ။
ဖြေ။ ။ လောလောဆယ်မှာ နောက်ဆုံးရထားတဲ့ အတည်ပြုချက်အရ ဇန်နဝါရီလရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က ၂ ဒီဂရီ ထိမြင့်တက်နေတယ်လို့ record ရှိတယ်။ ပြီးခဲ့တဲ့ အယ်လ်နီညိုအပြင်းဆုံးဖြစ်တဲ့နှစ်တွေမှာဆို ၂ ဒသမ ၆ ဒီဂရီဆဲဆီးရပ်စ်အထိ record ဖြစ်တယ်။ အခုက ၂ ဒသမ ၀ ဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ လောက်လည်းအားမပြင်းဘူး။ ပြီးခဲ့တဲ့နှစ်တွေလောက် မပူဘူးဆိုပေမယ့်လို့ အပူချိန်ကတော့ တာရှည်မှာပဲ။ အဲ့ဒါက ဧပြီလထဲမှာ အပူပြင်းဆုံးဖြစ်မယ်။ ဒေသတော်တော်များများက ၄၀ ဒီဂရီအထက် အနည်းဆုံး ၄ ရက်ကနေ ၁၅ ရက်လောက် အထိရှိမယ်။
မေး။ ။ အခု ဖေဖော်ဝါရီလထဲမှာ ပဲခူးတိုင်းက မတ်ပဲခင်းတွေပျက်စီးသွားတာဟာ အယ်လ်နီညိုနဲ့ ဘယ်လိုသက်ဆိုင်မှုရှိလဲ။
ဖြေ။ ။ အယ်လ်နီညိုနဲ့ ဆိုင်တယ်ပေါ့နော်။ အယ်လ်နီညိုဖြစ်တဲ့အချိန်မှာ ရာသီဥတု ပူပြင်းခြောက်သွေ့တာကတော့ ဖြစ်မှာပဲဆိုတော့ မြေအောက်ရေဆုတ်သွားတာပေါ့။ ကျွန်တော်တို့တိုင်းတာတဲ့ အနေအထားအရ မြေအောက် ၄၀ မီလီမီတာနဲ့ မီလီမီတာ ၁၀၀ အနက်အထိ မြေအောက်ရေခိုအောင်းမှု အနေအထားကို ဂြိုဟ်တုကနေ တောက်လျှောက်တွေ့ရတယ်။ တွေ့ရတဲ့အနေအထားမှာ အခုအလယ်ပိုင်းဒေသဆိုလို့ရှိရင် မြေအောက်ရေ ဆုတ်နေပြီ။ ခုဏကပြောတဲ့ ပဲခူးတိုင်းအနောက်ခြမ်းဆိုရင်လည်း မြေအောက်ရေစပြီးတော့ ဆုတ်တဲ့အနေအထားတော့ ရောက်နေပြီ။ ဆိုတော့ တကယ်တမ်းအခု မြေအောက်ရေဆုတ်နေတဲ့အနေအထားသည် မကွေးတိုင်းနဲ့ မန္တလေးတိုင်းလောက် မဆိုးသေးဘူး။ မတ်၊ ဧပြီလောက်ဆိုရင်တော့ ဆိုးလာလိမ့်မယ်။ မြေအောက်ရေ 30% (၃၀ ရာခိုင်နှုန်း) အောက်ကျသွားပြီဆိုရင် အပင်တွေဖြစ်ဖို့ အတော်ကို ခက်တဲ့ အနေအထားဖြစ်သွားပြီ။
မေး။ ။ အယ်လ်နီညိုလျော့ကျပြီး နောက်ပိုင်းကာလမှာ ရာသီဥတုက ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်သလဲ။
ဖြေ။ ။ ဒီနှစ်က မုတ်သုံအဝင် စောင့်ကြည့်ရမယ်။ မုတ်သုံက နှစ်မျိုးရှိတယ်။ နွေရာသီဆိုတဲ့အနေအထားမှာ ဒီဇင်ဘာကနေ ဧပြီလအထိက ဆောင်းမုတ်သုံလို့လည်း ခေါ်တယ်။ ဆောင်းမုတ်သုံဆိုရင် အရှေ့မြောက်ဘက်ကနေ တိုက်တယ်။ အရှေ့မြောက်ဘက်ကတိုက်တဲ့ လေစီးကြောင်းက လေစီးကြောင်း pattern တွေအရဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အဲ့ဒီနေရာတွေအထိကိုပဲ အရှေ့မြောက် မုတ်သုံလေရဲ့ သက်ရောက်မှုကရှိတယ်။ အနောက်တောင်မုတ်သုံလေဆိုတာက မေလ မိုးရာသီအစမှာ အနောက်တောင်ဘက်ကနေ တိုက်တဲ့လေက အနောက်တောင်မုတ်သုံလေလို့ခေါ်တယ်။ အခုဖြစ်နေတဲ့ အနေအထားက အရှေ့မြောက် မုတ်သုံလေလို့ ခေါ်တယ်။ အရှေ့မြောက် မုတ်သုံလေ မေလောက်မှာ ပြီးသွားပြီဆိုရင် မိုးရာသီ မုတ်သုံရာသီစပြီ။ စတဲ့အချိန်မှာ ပင်လယ်ပြင်မှာဖြစ်တဲ့အနေအထားတွေကိုစောင့်ကြည့်ရမယ်။ မုန်တိုင်းတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်။ အဲ့ဒီပေါ်မှာ မူတည်ပြီး မိုးရေချိန်အနည်းအများတွေ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်။ မိုးရေချိန်အများဆုံးကတော့ အခုလောလောဆယ် ကြည့်ထားတဲ့အနေအထားမှာက ကြိုတင်ခန့်မှန်းချက်အရဆိုရင် ဇူလိုင်၊ ဩဂုတ်နှစ်လမှာ မိုးရေချိန်အများဆုံးဖြစ်မယ်။ တချို့ဒေသတွေမှာ စက်တင်ဘာ၊ အောက်တိုဘာအထိ မိုးဆက်သွားနိုင်တယ်။ တချို့ဒေသတွေမှာတော့ စက်တင်ဘာအထိ မိုးမဆက်ဘူး။ တကယ်ဖြစ်လာမယ့်အနေအထားကိုက တစ်ပတ်လောက်ကိုပဲ ကြိုပြီးခန့်မှန်းတာက ပိုပြီးတိကျတယ်။ ပိုပြီးလည်း မှန်ပါတယ်။
မေး။ ။ လတ်တလောမှာ တစ်နေ့နဲ့ တစ်နေ့ အပူချိန်ကွာခြားချက်အခြေအနေက ဘယ်လိုရှိလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ တစ်နေ့ထက်တစ်နေ့ဆိုရင်တော့ အပူချိန်က တစ်ရက်ကို ၁ ဒီဂရီ၊ ၂ ဒီဂရီလောက်တော့ တိုးနေတာ။ နောက်တစ်ခုက မနက် ၁၁ နာရီနဲ့ နေ့လည် ၂ နာရီကြားကို ခရမ်းလွန်ရောင်ခြည်မြင့်တက်တယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက တက်တက်နေတယ်။ တနင်္သာရီတိုင်းတစ်ခုလုံးမှာ အခုလောလောဆယ်ဆိုရင် အမြင့်ဆုံးအခြေအနေကိုရောက်နေတယ်။ နောက်တစ်ခုက အရှေ့မြောက်မုတ်သုံလေက ရှမ်းပြည်နယ် အရှေ့ပိုင်းလောက်ထိကိုပဲ ထိတာများတယ်ဆိုတော့ အရှေ့မြောက်ဘက်က ဝင်လာတဲ့ တိမ်တွေက မြန်မာပြည် အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ဘက် ဧရာဝတီ၊ ရန်ကုန် အဲ့ဒီဘက်တွေအထိ မရောက်တော့ဘူး။ တိမ်တွေရဲ့ အကာအကွယ်မရှိတော့တဲ့အတွက် နေရောင်ခြည်က တိုက်ရိုက်ထိတယ်။ နေရောင်ခြည်တိုက်ရိုက်ထိတဲ့အတွက် အပူချိန်က တဖြည်းဖြည်းနဲ့ တိုးမှာပဲဆိုတော့ အပူဆုံးအခြေအနေက ဧပြီလထဲမှာ အများဆုံးဖြစ်မယ်။ ရန်ကုန်ဆိုရင် ၄၄-၄၅ ဒီဂရီဆဲလ်ဆီးရပ်စ်လောက်အထိ တက်နိုင်တယ်။
မေး။ ။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်သင့်လဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ နှစ်က မိုးတွေများတယ်၊ ရေတွေကြီးတယ်ပေါ့။ ရေတွေကြီးတော့ ဆည်မြောင်းက တာဝန်ရှိတဲ့ အဖွဲ့တွေလည်း ဘာပဲပြောပြော သူတို့ဆည်ထဲမှာ ရေကို တတ်နိုင်သလောက်စုတယ်။ လောလောဆယ်မှာ ပြောချင်တာက ရေချိုသိုလှောင်ထားတဲ့ အနေအထား။ အခုချိန်မှာတော့ မိုးကမရွာလို့ ရေမရတော့ဘူးပေါ့။ ဆိုတော့ မိုးတွင်းကာလနဲ့ မိုးတွင်းအဆုံးကာလမှာတော့ ရေချိုစုဆောင်းဖို့ ၂၀၂၄ အယ်လ်နီညိုနှစ်မှာ ဖြစ်လာမဲ့ ရေရှားပါးတဲ့ ပြဿနာအတွက်ကို ကြိုတင်ပြင်ဆင်ဖို့ ကျွန်တော်ပြောခဲ့တယ်။ အခုချိန်မှာတော့ စုဆောင်းထားတဲ့ရေကို ထပ်ပြီးချွေတာဖို့ကလွဲရင် ပြောစရာမရှိတော့ပါဘူး။
မေး။ ။ မြန်မာနိုင်ငံအနှံ့အပြားမှာစစ်ဘေးရှောင်တွေရှိတော့ ရေရှားပါးတဲ့ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ရောဘယ်လိုပြင်ဆင်မှုတွေလုပ်ဆောင်ထားသင့်လဲ။
ဖြေ။ ။ အခုလောလောဆယ်ဖြစ်တဲ့အနေအထားက မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီလောက်အထိက UV index ခရမ်းလွန်ရောင်ခြည်တအားမြင့်နေတယ်။ တအားမြင့်နေတဲ့အချိန်မှာ နေလောင်တဲ့ ဒဏ်က တစ်နေ့တည်း၊ တစ်လတည်းနဲ့ မသိသာဘူး။ ရေရှည်ဖြစ်လာတဲ့အချိန်ကျတော့မှ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အရေပြားကင်ဆာဖြစ်တဲ့အဆင့်အထိ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ အဲ့ဒီတော့ အရိပ်ထဲမှာနေပါ။ နောက်ပြီး နေရောင်ခြည်ကို တိုက်ရိုက်မထိနဲ့။ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အရမ်းမြင့်နေတဲ့ဒေသတွေ index အရမ်းမြင့်တဲ့ ၂ နာရီမထိုးခင်အချိန် နေကိုလှမ်းကြည့်လိုက်မယ်ဆို မျက်လုံးပါ ပျက်စီးသွားနိုင်တယ်။ မိနစ်ပိုင်းအတွင်းမှာ မျက်စိပျက်စီးသွားနိုင်တယ်ဆိုပြီး
ကျန်းမာရေးဆွေးနွေးချက်တွေမှာလည်း ဖတ်ရပါတယ်။ နောက်တစ်ခုက အပူဒဏ်ကာကွယ်နိုင်ဖို့အတွက် ချွေးထွက်များပြီးတော့ ဖြစ်တတ်တာတွေ ရှိတဲ့အတွက်ကြောင့်မလို့ ဓာတ်ဆားရေလိုမယ်။ တကယ်တမ်း ချွေးထွက်များပြီးတော့ မူးတာ၊ မောတာ တွေဖြစ်လာမှာပေါ့နော်။ ပြီးခဲ့တဲ့ နှစ်ကလည်း အပူဒဏ်လွန်ကဲပြီးတော့ heat stroke ဖြစ်ပြီးတော့ လမ်းပေါ်မှာ လဲတာတွေ ဘာတွေ အဲ့လိုကိစ္စမျိုးတွေမဖြစ်အောင် သတိထားကြဖို့လိုမယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပြပေးပါအုံး။
ဖြေ။ ။ မိုးလေဝသနဲ့ ရာသီဥတု ဒီနှစ်ခုကို ကျွန်တော် အသေးစိတ်ကို ထပ်ပြီးတော့လေ့လာနေပါတယ်။ ထူးခြားတဲ့ကိစ္စတွေရှိလာပြီဆိုရင် ကျွန်တော်ပြောလည်းပြောပါမယ်။ ကျွန်တော်အခု site တစ်ခုလည်း ပြင်ဆင်နေတာလေးရှိတယ်။ အဲ့ဒီမှာလည်း ကျွန်တော် တတ်နိုင်သလောက် ရာသီဥတုနဲ့ပတ်သက်တဲ့ဟာ၊ global warming နဲ့ပတ်သက်တဲ့ဟာတွေကို အသေးစိတ် ကျွန်တော် ပြောပြနိုင်စေဖို့အတွက်၊ မှတ်တမ်းတစ်ခုအနေနဲ့ ရှိဖို့အတွက် ပြင်ဆင်နေပါတယ်။