တိုက်ပိတ်လိုက်လို့ငြိမ်သွားမယ့်အထဲမှာအမှန်တရားမပါဘူး သပိတ်စစ်ကြောင်းကို ဇူလိုင် ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြိုံ့ တာမွေသဓိပဌာန်လမ်း တွင် ပြုလုပ်ရာ အကြမ်းဖက်စစ်တပ်က အရပ်၀တ် များဖြင့် လာရောက်ပစ်ခတ်ဖမ်းဆီးရာမှ ပြန်လည်လွတ်မြောက်လာသည့် GenZ တစ်ဦးနှင့်တွေ့ဆုံခြင်း
By MPA
မေး။ ။ မနေ့က အရပ်၀တ်လက်နက်ကိုင်ရဲ က ညီလေးကိုဆွဲဖမ်းနေတဲ့ပုံလိုင်းပေါ်တက်လာတယ်။ အဲအချိန်မှာ လွတ်မြောက်အောက်လုပ်လာမိတဲ့ အခြေအနေကို အသေးစိတ်ကို လေးပြန်ပြောပြေပေးပါ။
ဖြေ ။ ။ကျွန်တော်တို့သပိတ်စပြီးတော့စက္ကန့်ပိုင်းလောက်ပဲရှိသေးတယ် သပိတ်စတဲ့ ဘေးနားက ကားထဲကနေ အရပ်ဝတ်တွေထွက်လာတာပါ။ အရပ်ဝတ်နဲ့ကျွန်တော့်ကိုဝင်ဆွဲတာက သေနတ်နဲ့တယောက်ရယ် နောက်ဘေးနားမှာက တယောက်ရယ် ။ နောက်မှာက သုံးလေးယောက်လောက်ရှိတယ်။ သေနတ်နဲ့တယောက်က ကျွန်တော့်ကိုဝင်ဆွဲတာ နောက်ကို နှစ်ပတ်လောက်ပါသွားတယ်။ ပါသွားတဲ့အချိန်မှာ ဘေးနားက တယောက်က လက်ထိပ်လားမသိဘူး ထုတ်နေတာ။ အဲ့အချိန်သူက ကျွန်တော့်ကိုဂုတ်ကပဲ ဆွဲထားတာ။ လက်တဖက်က သေနတ်ကိုင်ထားသေးတော့ လက်တဖက်နဲ့ပဲဆွဲထားတာဆိုတော့ ကျွန်တော်လွတ်လောက်တယ်ဆိုပြီး သူ့ကိုရုန်းပြီး ပြန်ထိုးတာ။ အဲ့မှာ လုံးမိနေပြီး သူကျွန်တော့်ကိုလွတ်သွားရော။ အဲ့အချိန် နောက်တယောက်ကလဲ ကျွန်တော့်ကိုထပ်ဆွဲသေးတယ်။ ဒါပေမယ့် ကျွန်တော့်ကိုမမိသွားဘူး။ သူတို့လက်ကနေလွတ်ပြီးတော့ ဘေးလမ်းကနေ တိုက်ဘေးကနေ ဖြတ်ပြေးသွားတာ။ ချော်လဲပြီးတော့ လှည်းကိုဝင်တိုက်သွားသေးတယ်။ အဲ့အချိန် ကျွန်တော့်ကို နောက်ကနေ သေနတ်နဲ့လှမ်းပစ်တာ။ ရာဘာကျည်ပဲဖြစ်မယ်။ ကျွန်တော့်ကိုမထိသွားဘူး။ ဘေးကနေဖြတ်သွားတာ။ ကျွန်တော်နဲ့ဖိနပ်ချွတ်ပြီး တောက်လျှောက်ပြေးတာ။ နောက်ကနေ အရပ်ဝတ်နဲ့ သုံးယောက်လောက်လိုက်လာတယ်။ လမ်းကြားလေးတခုကိုပြေးဝင်မယ် လုပ်လိုက်တဲ့အချိန် စစ်သားတွေ ကြိုရောက်နေတယ်။ ကျွန်တော့်ကိုတွေ့တာနဲ့ ချက်ချင်းထွက်လိုက်တာ။ ဖိနပ်လဲမပါဘူး ဝုန်းကနဲပြေးချလာတော့ သပိတ်ကဆိုတာ တန်းသိတယ်။ အရပ်ဝတ်ရယ် စစ်သားရယ်ဆို ၁၀ ယောက်ကျော်လောက်ရှိမယ်။ ပြေးရင်းနဲ့ မျက်ခြေပြတ်လောက်တဲ့အထိရောက်တော့ အိမ်တအိမ်ကိုအကူအညီတောင်းတယ် “ ကျွန်တော့်ကိုပေးဝင်ပါ။ ရဲတွေလိုက်ဖမ်းနေပါတယ် “ဆိုပြီး ပြောတယ်။ အဲ့အိမ်က မပေးဝင်ဘူး။ အဲ့ဒါနဲ့ ထပ်ပြေးရင်းနဲ့ လမ်းတလမ်းရောက်တော့ ရှေ့မှာ ဓမ္မာရုံတွေ့တယ်။ ဒါပေမယ့် ရဲတွေရှိလောက်မယ်ထင်ပြီး ကျွန််တော်ဆက်မသွားဘူး။ ဘေးနားက ငါးထပ်တိုက်ရှိတယ်။ လှမ်းကြည့်တော့ အထဲမှာ မှောင်နေတာနဲ့ လုံခြုံလောက်တယ်ထင်ပြီး အဲ့ဒီတိုက်ပေါ် ဝင်ပြေးပြီး တတိယထပ်လောက်မှာ ကျွန်တော်သွားဝင်နေနေလိုက်တယ်။ လှေကားမှာပဲထိုင်နေလိုက်တာ။ ကျွန်တော်အိမ်ထဲလည်း မဝင်ရဲဘူး။ တစ်နာရီကျော်လောက်ရှိမယ်။ ၆နာရီလောက်မှ ပြန်ထွက်လာရတာ။ အကိုတယောက်က ၆နာရီလောက်မှ ကျွန်တော့်ကိုလာထုတ်သွားတာ။
မေး။ ။ ဖမ်းတဲ့အချိန်မှာ ဘယ်လိုသတ္တိမျိုးနဲ့လဲ ကြောက်တာရောရှိလား
ဖြေ။ ။ ကျွန်တော်အမြဲတမ်းတော့သတိထားနေတာပေါ့။ ပထမဆုံးဆွဲတဲ့ အချိန်ကတော့ မသိသေးဘူး။ ကိုယ့်လူလို့ထင်နေပြိးတော့ ရှေ့ကိုတိုးနေသေးတယ်။ နောက်ကို ၂ပတ်လောက်ပါသွားပြီး လှည့်ကြည့်တော့မှ အရပ်ဝတ်တွေနဲ့ဖြစ်နေတော့ စိတ်ကတော့မလွင့်သွားဘူး အမြဲသတိထားနေတော့။ သူလက်တဖက်နဲ့ပဲ ကိုင်ထားတာရယ်၊ လက်နက်ကလဲ ကိုင်ထားတာတွေ့တော့ ကျွန်တော်လွတ်လောက်တယ်ဆိုပြီး အတင်းရုန်းတယ်။ ပြန်ထိုးတယ်။ လုပ်နိုင်တာအကုန်လုပ်ပြီး ပြေးလာတာပေါ့။ အကျီချွတ်ဖို့ စဉ်းစားလိုက်သေးတယ် ဒါပေမယ့် အကျ်ီထဲမှာ ဖုန်းကထည့်ထားတော့ ဒီဖုန်းပါသွားခဲ့ရင် ကျွန်တော်ရော ကျွန်တော့ရဲ့ ရဲဘော်တွေရော အကုန်လုံး အန္တရာယ်ရှိနိုင်တဲ့အတွက် အကျီကိုမချွတ်ဘဲနဲ့ အတင်းရအောင်ရုန်းတာ။ ပြေးတဲ့တောက်လျှောက်လဲ လုံးဝသတိမလွတ်ဘဲ စစ်သားတွေ ရှိိနိုင်တဲ့ လမ်းတွေ အကုန်လုံးကို ကွေ့ပတ်ပြီး ပြေးခဲ့တာ။ လွတ်တဲ့နေရာလဲ ရောက်ရော လူကတုန်နေတာပေါ့။ ဖုန်းခေါ်တာတောင်အသံက တုန်ပြီးပြောနေရတယ်။
လွတ်သွားတဲ့အချိန်ကျတော့ ငါသာဖမ်းမိသွားရင် ငါ့ရဲဘော်တွေ အကြောင်းလဲ ပေါ်ရင်ပေါ်သွားမယ်ပေါ့ ငါ့မိဘတွေရောပေါ့ စိတ်ပူမိတယ်။ ပြေးနေတုန်းကတော့ လွတ်အောင်ပြေးမယ်ဆိုတဲ့ စိတ်တခုထဲနဲ့ လုပ်ခဲ့တာပေါ့။ အဲ့အချိန် အကိုတယောက်ကလဲ ပစ်နေတဲ့ကောင်ရဲ့ သေနတ်ကိုလုပြီး ပစ်ချခဲ့သေးတယ်။ သူလဲ လက်မှာပွန်းပြီး ဒဏ်ရာရသွားသေးတယ်။
စိတ်ကိုမလှုပ်ရှားဘူး။ ကျွန်တော်စိတ်ကိုငြိမ်အောင်ထားတယ်။ ပတ်ဝန်းကျင်ကိုအမြဲသတိထားတယ်။ အရင်ကလဲ သပိတ်မစခင် ဝုန်းဆိုဆင်းဖမ်းတာ မျိုးရှိတယ်။ အဲ့တုန်းက ကျွန်တော် မလန့်ဘူး။ ကျွန်တော့်ဖုန်းကိုလုံခြုံတဲ့နေရာမှာ သွားထားလိုက်တာ။ ပြီးတော့ခပ်တည်တည်နဲ့ထိုင်ပြီးတော့ ရီစရာတွေ ထိုင်ပြောနေလိုက်တာ။ မနေ့ကလိုမျိုးကြုံတဲ့အခါကျတော့ စိတ်ကိုလွတ်မသွားဘဲနဲ့ ငါလွတ်ကိုလွတ်ရမယ်ဆိုတဲ့စိတ်ကိုထည့်ထားတယ်။ ပြေးနေရင်းနဲ့လဲ ဘယ်နေရာမှာ ဒီကောင်တွေရှိလဲ ဘယ်နေရာဆိုငါလွတ်လောက်လဲ တွေးနေတယ်။ စိတ်ကိုအဲ့ထဲမှာပဲ နှစ်ထားတယ်။ အဲဒါကြောင့် ဒီဟာကို ကျော်လွှားနိုင်တယ်လို့ကျွန်တော်ထင်တယ်။
မေး။ ။ အရပ်ဝတ်တွေနဲ့ အခုလိုဝင်ဖမ်းတာကို ဘာများပြောချင်လဲ။ ဒီလိုမျိုး အတွေ့အကြုံတွေ အရင်ကရော တွေ့ခဲ့ဖူးလား ။
ဖြေ။ ။ အရင်က ဒီလိုမကြုံဖူးဘူး။ ဆင်းဖမ်းလို့ပြေးရတာတွေတော့ရှိတယ်။ မပြေးနိုင်တော့တဲ့အခါ တခါတလေ ရုပ်တည်နဲ့ထိုင်နေတာမျိုးလဲရှိတယ်။ အရပ်ဝတ်နဲ့ဆင်းဖမ်းတာတွေက အခုနောက်ပိုင်း အရမ်းစိပ်လာတယ်။ တော်တော်များများကြုံလာရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဘယ်လိုပြန်ခုခံမလဲဆိုတဲ့ အချက်တော့ တွေးထားဖို့လိုတယ်။ အရပ်ဝတ်တွေနဲ့လဲ ကျွန်တော်တို့ကြောက်ဖို့မလိုဘူး။ မကြောက်လို့တောင် ခုချိန်ထိ လမ်းပေါ်ထွက်လာခဲ့ပြီးပြီပဲ။ ရဲဘော်တယောက်ကို အရပ်ဝတ်တွေနဲ့ ဆွဲတာမြင်ရင် မရရအောင်ပေါ့နော် ပြန်ခေါ်ရမယ်။ အရပ်တ်ကအများကြီးလာမှာမဟုတ်ဘူး။ အများဆုံးရှိမှ ၆ယောက် ၇ယောက် ဒီလောက်ပဲ။ သပိတ်က လူကများတယ်လေ။ ကျွန်တော်တို့အနေနဲ့ ဒီကောင်တွေကိုပြန်လုပ်လို့ရတယ်။ နောက်သပိတ်တွေကျရင်ပေါ့ တခုခုတော့ ဆောင်ထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဝင်ဆွဲလာတဲ့အခါ ပြန်ခုခံလို့ရအောင်ပေါ့။ မိန်းကလေးတွေဆိုရင် ပါသွားနိုင်တယ် သေချာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရဲဘော်အချင်းချင်း ပြန်ကာကွယ်ဖို့ကတော့ လိုပြီလို့ထင်တယ်။ ပြန်ခုခံဖို့ အရာဝထ္ထု တခုခုပေါ့ ။ ကိုယ့်ရဲဘော်ကို မရရအောင်ပြန်ဆွဲထုတ်တာတွေ လုပ်ဖို့လိုလာပြီ။
မေး။ ။ နောက်တခုက ရဲဘော်ဘယ်နှစ်ယောက်လောက်ဆွဲခံရတာတွေ့လိုက်လဲ
ဖြေ။ ။ ၂ယောက် ၃ ယောက်လောက်တော့တွေ့လိုက်တယ်။ တော်တော်များများတော့လွတ်တယ်။ သုံးလေးငါးယောက်တော့ပါသွားတယ်ထင်တယ်။
မေး။ ။ သပိတ်တူတူထွက်နေတဲ့ ရဲဘော်တွေကိုဘာများပြောချင်လဲ
ဖြေ။ ။ နောက်ပိုင်းမှာ ပိုပြီးတော့ သတိထားစေချင်တယ်။အရပ်ဝတ်တွေ ရှိနေတာဖြစ်တဲ့အတွက် သပိတ်လုပ်မယ့်နေရာမှာ အရမ်းတွေစုမိနေတာမျိုးတွေ သိသာစေမယ့် ပုံစံတွေ မလုပ်ဖို့ပြောချင်တယ်။ အရပ်ဝတ်နဲ့ကောင်တွေကို သူတို့ပုံစံတွေက ကျွန်တော်တို့သတိထားမိနိုင်တဲ့ပုံတွေပါ။ သပိတ်ကို နောက်တနေရာ ရွှေ့တာမျိုးလုပ်သင့်တယ်။ ဒီတခေါက်ကတော့ သတိလွတ်သွားတယ်ပေါ့နော်။ ဒီကောင်တွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး။ နောက်တခါကျရင်တော့ ရဲဘော်တွေကို ပိုသတိထားစေချင်တယ်။ ကိုယ့်ရဲဘော်တယောက်ကိုလာဆွဲတဲ့အခါမျိုးတွေကျ အကုန်လုံးပြန်ပြီးတော့ ကာကွယ်စေချင်တယ်။ ပြန်ခုခံစေချင်တယ်။ နောက်တခုက သပိတ်စစ်ကြောင်းနဲ့တွေ့တဲ့အခါကျ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးစေချင်တယ်။ ပူးပေါင်းပေးစေချင်တယ်။ သပိတ်ဝုန်းဆိုစမှ လက်သုံးချောင်းထောင်တာ ကြွေးကြော်တာမျိုးမဟုတ်ဘဲ ပြေးလမ်းတွေကိုဖွင့်ပေးစေချင်တယ်။ ဘယ်နေရာမှာ စစ်တပ်က တပ်စွဲထားတယ် ဘယ်နေရာမျာ ဒလံတွေ ရှိလဲဆိုတာပြောပေးစေချင်တယ်။ တကယ်ကျဉ်းထဲကျပ်ထဲရောက်လို့ အကူအညီတောင်းတဲ့အခါကျရင် ကူညီပေးစေချင်တယ်။ ကျွန်တော်တို့က ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူး။ မတတ်သာတဲ့အခြေအနေမျိုးမှာ အကူအညီတောင်းရတာပါ။ မဖြစ်နိုင်တော့ဘူး လုံးဝ အဖမ်းခံရတော့မယ့်အခြေအနေဆိုရင် ကျွန်တော်တို့ကိုယ်တိုင် အဖမ်းခံမှာပါ။ ပြည်သူတွေကို ကျွန်တော်တို့ လုံးဝအထိခိုက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် ဖမ်းခေါ်ဖို့ မသေချာသေးတဲ့အချိန်လေးမှာတော့ ကျွန်တော်တို့ကို ကာကွယ်ပေးစေချင်တယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကိုပူးပေါင်းပေးပါ ကာကွယ်ပေးပါလို့ ပြောချင်တယ်။
မေး။ ။ကိုဗစ်တွေဖြစ်နေတဲ့ကြားက ဘာလို့သပိတ်တွေ ဆက်ထွက်နေတာလဲ ။
ဖြေ။ ။ လမ်းပေါ်မှာ ဆန္ဒထွက်ပြနေတာတွေက ဒီတော်လှန်ရေးရဲ့ ထောက်တိုင်တခုပဲ။ စစ်ကောင်စီ က ကျွန်တော်တို့ကို အုပ်ချုပ်လို့မရဘူး ဆိုတာမျိုး၊ ထိန်းချုပ်နိုင်သွားပြီ ဆိုတာမျိုး မပြနိုင်အောင်၊ စစ်အုပ်စုကို ကျွန်တော်တို့ လုံးဝလက်မခံဘူးဆိုတာကို ကျွန်တော်တို့ပြနေတာပါ။ ဒီကိုဗစ်တွေဖြစ်တဲ့ကြားက ကျွန်တော်တို့ ထွက်နေတယ်ဆိုတာ ကျွန်တော်တို့လဲရောဂါကူးမှာကြောက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရဲဘော်တွေလဲ အင်အားနည်းသွားမှာကြောက်တယ်။ ဒီတော်လှန်ရေးကနိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့လမ်းမပေါ်ထွက်နေတာပါ။အပေါ်မှာ ပြောခဲ့သလို ဒိသပိတ်တွေဟာ တော်လှန်ရေးထောက်တိုင်တွေပါ။ စစ်အုပ်စုသည် ဒီတော်လှန်ရေးထောက်တိုင်တွေကို ဘယ်တော့မှ ရိုက်ချိုးလို့ရမှာမဟုတ်ဘူး ဆိုတာကျွန်တော်တို့ပြနေတာပါ။ စိတ်ဓာတ်တွေကိုလဲ ရိုက်ချိုးလို့မရဘူး။ စစ်အာဏာရှင်ကိုအလိုမရှိဘူး။ စစ်အစိုးကို လုံးဝမကြိုက်ဘူးဆိုတာကိုပြနေတာ ။ ဒါကြောင့် အချိန်တိုင်း နေရာတိုင်းမှာ ကျွန်တော်တို့ရှိနေမှာပါ။ ပြည်သူတွေအနေနဲ့လဲ ကျွန်တော်တို့နဲ့ ပူးပေါင်းပေးပါလို့ ကျွန်တော်ပြောပြချင်တယ်။
မေး။ ။ တခြားဘာပြောချင်သေးလဲ
ဖြေ။ ။ သပိတ်ထွက်နေတဲ့ ရဲဘော်တွေအနေနဲ့ ကျန်းမာရေးရော လုံခြုံရေးရော ဂရုစိုက်ပါ။ နောက်သပိတ်တွေကျရင်လည်း ပိုပြီးသတိထားကြပါ။ မကြောက်ကြပါနဲ့။ အကုန်လုံးစည်းစည်းလုံးလုံးနဲ့ ပြန်လုပ်ကြပါ။ စိတ်ကိုမလွတ်သွားစေချင်ဘူး။ အမြဲတမ်းသတိထားနေပါလို့ပြောချင်တယ်။ ကျွန်တော့်လို ကြုံလာခဲ့ရင် လုံးဝမကြောက်သွားပါနဲ့။ ငါ လွတ်နိုင်ရမယ်ဆိုတဲ့ စိတ်ကိုထားပါ။ ပြန်ပြီးခုခံပါ။