ကြောက်ခမန်း လိလိမြင့်တက်လာနေသည့် ကုန်စျေးနှုန်း၊ နေထိုင်စားသောက်မှု စရိတ်များက အလုပ်သမားများ၏ လက်ရှိ အနိမ့်ဆုံး လုပ်ခလစာ တစ်ရက်ကျပ်လေးထောင့်ရှစ်ရာဖြင့် လောက်ငခြင်း မရှိနိုင်တော့ပေ။
သို့ပေမယ့် အလုပ်မရှိခြင်းထက် အလုပ်တစ်ခုရှိနေခြင်းက သက်သာနေသေးသည်ဟူသည့် အခြေအနေကြောင့် အလုပ်သမားများမှာ ဖိနှိပ်ခံရမှုများအား ခါးဆည်း၍ သည်းခံခံစားနေရပေသည်။
ဤ အခြေအနေများနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (FGWM) တွဲဖက်အတွင်း ရေးမှူး မအိနှင့် MPA ဆက်သွယ်မေးမြန်းခဲ့သည်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
မေး – ဟုတ်ကဲ့ဆရာမရေ။ အခု စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒီ အထည်ချုပ်လို စက်ရုံလုပ်သားတွေ ဘယ်လို အရာတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ – အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီ အထည်ချုပ် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ဘယ်အရာတွေ ရင်ဆိုင် နေရသလဲ ဆိုရင် များသော အားဖြင့်က OTကို အရင်ထက် ပိုခေါ်တယ်။ ခေါ်ရခြင်း အကြောင်းတရားကလည်း အထည် ဆိုင်းတွေ မပြည့်လို့ ရှိရင် အလုပ်သမားက သူ့သဘောနဲ့သူ သူ့ရဲ့ စံချိန်ကို အပြည့်အ၀ပေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်တာ ပေါ့နော်။ အလုပ်သမားက ဆင်းချင်ချင် မဆင်းချင်ချင် ဆင်းရတယ်။
OT မဆင်းနိုင်လို့ ငြင်းတဲ့ အလုပ်သမားက အလုပ်ပြုတ်တယ်။ အဲ့ဒါကတော့ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ အခက် အခဲတွေ ဖြစ်တယ်။ နောက်တစ်ခုက လုပ်ငန်းခွင် ထိခိုက်မှုတွေက ဒီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရမ်း ဆိုးဆိုး ရွားရွားကြီး ဖြစ်လာတယ်။ အလုပ်ရှင်တွေ အနေနဲ့ ဒါကို တာ၀န်ယူမှု တာ၀န်ခံမှု မရှိဘူး။ အလုပ်သမားက ကိုယ့်ဖာသာ ကိုယ် ကုရတယ်။
ကိုယ်အင်္ဂါချို့တဲ့တဲ့အထိ ဖြစ်သွားတယ်။ ပြီးရင် အမျိုးသမီး အလုပ်သမားတွေ လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခံရတာတွေ၊ ပြောရမယ်ဆိုရင် အလုပ်သမားတွေက လက်ရှိက နေ့စားအလုပ်သမားတွေကိုအစားထိုး ခိုင်းနေတာ များတယ်ပေါ့နော်၊ လခစား အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်တယ်။
ပြီးရင် အဲ့ဒီလခစား ကျွမ်းကျင် အလုပ်သမားတွေကိုပဲ နေ့စားအဖြစ်နဲ့ ခေါ်ခန့်တယ်။ သူတို့ မလိုရင် ဖြုတ်တယ်။ လိုရင် ခေါ်ခန့်တယ်ဆိုတဲ့ ပုံစံမျိုးတွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ကြုံတွေ့လာရတယ်။
မေး – အရင်က ပြောရရင် ပြည်သူ့အစိုးရလို့ သတ်မှတ်ခဲ့ကြတဲ့ အစိုးရ လက်ထက်ကာလမျိုးမှာ ကြုံတွေ့ခဲ့ရတာ တွေနဲ့ရော ဘယ်လိုကွာခြားနိုင်လဲဆရာမ။
ဖြေ – အာဏာမသိမ်းခင်က ကျမတို့ ပြည်သူ့ အစိုးရ ရှိစဥ်ကာလမှာတုန်းကလည်း အလုပ်သမားတွေက ပြောမယ် ဆိုရင် လွတ်လပ်စွာ တောင်းဆိုလို့ ရတာပေါ့နော်။ အဲ့ဒီအချိန်မှာ ဆိုလို့ ရှိရင်လည်း အလုပ်သမားတွေအတွက် အလုပ် သမား အခွင့်အရေးက အပြည့်အ၀ ရနေတာ မဟုတ်ဘူး။
အလုပ်သမားတွေက ကိုယ့်ရဲ့ အင်အားနဲ့ သမဂ္ဂတွေ စုဖွဲ့ပြီး တောင်းဆိုမှုတွေနဲ့ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်ကိုတိုင် တိုက်ယူရတဲ့ အခြေအနေမျိုးပေါ့။ အရမ်းကြီး ကောင်းနေတဲ့ အခြေအနေတော့ မဟုတ်ဘူး။ အခုကာလဆိုတော့ ပြောရမယ်ဆိုရင် ဒီလိုမျိုး ထုတ်ဖော်ပိုင်ခွင့်လည်း မရှိဘူး။ အဲ့ဒီလိုမျိုး တောင်းဆိုလာတာနဲ့ အလုပ်က ထုတ်တယ်။ စစ်ကောင်စီနဲ့ ဖမ်းခိုင်းတယ်။ ဒါမျိုးတွေ ကြုံရတာလေနော်။ အဲ့ဒီတော့ ရှေ့အာဏာမသိမ်းခင်ကတော့ ကိုယ့်ရဲ့ အင်အားနဲ့ကိုယ် တောင်းဆိုယူရတဲ့ အခြေအနေရှိတယ်။
ဘယ်သူမှ သဘောကောင်းပြီးတော့ ဘယ်အစိုးရကမှ ဒါကတော့ ပေးကိုပေးရမယ်ဆိုပြီးတော့ ရှေ့ထွက်ပြီးတော့ အမုန်းခံတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးပေါ့နော်၊ အခုအချိန်ကတော့ သိတဲ့အတိုင်းပဲ အလုပ်သမား အခွင့်အရေးဆိုတာ လုံး၀မရှိတော့ဘူး။ အဲ့ဒါကြောင့် ကျမတို့တွေက အခု အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ့်ရဲ့ အဖွဲ့၀င်တွေရော အဖွဲ့မ၀င်တာတွေရော အကုန်လုံးလိုက်ပြီးတော့ ကူညီပေးတာတွေ ဒီအလုပ်သမားအသံတွေကို Brand တွေ သိအောင် ဖော်ထုတ်ပေးနေရတာပေါ့။
မေး – နောက်ထပ်ပေါ့ဆရာမ၊ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သတ်ပြီးတော့မေးချင်ပါတယ် ဆရာမ၊ အခုဆို ကုန်စျေးနှူန်းတွေကလည်း သုံးဆလောက်ကို တက်လာပြီ ဆက်လည်းတက်လာနေတုန်းပေါ့၊ အခုလိုဖြစ်နေချိန်မှာ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာက လက်တွေ့နဲ့ ဘယ်လောက်များ ကင်းကွာသွားခဲ့ပြီလဲဆရာမ။
ဖြေ – အခု လက်ရှိ အလုပ်သမားတွေက အနိမ့်ဆုံး လုပ်ခလစာနဲ့ ပတ်သတ်ပြီးတော့ ကုန်စျေးနှုန်းနဲ့ ယှဥ်မယ်ဆိုရင် အများကြီး ကွာဟနေတယ်ပေါ့နော်။ အခုဆိုရင် ဆန်တစ်ပြည် ကိုးထောင်တောင် မရှိတဲ့ လုပ်ခလစာနဲ့ အလုပ်သမား တွေက နေ့စဥ်ကြုံတွေ့နေရတာပေါ့၊ တကယ်တော့ အနိမ့်ဆုံး လုပ်ခလစာ တစ်သောင်းနဲ့အထက် အလုပ်သမား တွေရမှ လက်ရှိကုန်စျေးနှုန်းကို ရင်ဆိုင်နိုင်မယ့် အခြေအနေပါ။
မေး – အနိမ့်ဆုံး လုပ်ခလစာနဲ့ပတ်သတ်ပြီး စစ်ကောင်စီရဲ့ တိုးပေးတာကလည်း အငြင်းပွားမှုတွေ ရှိနေတယ်လို့ ကြားတယ်ဆရာမ။ သူတို့တိုးပေးတာနဲ့ ပတ်သတ်ပြီး ဘယ်လိုယူဆမိလဲ ဆရာမ။
ဖြေ – စစ်ကောင်စီက အနိမ့်ဆုံး လုပ်ခလစာ တိုးပေးတာမဟုတ်ဘူး။ အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာက လေးထောင့်ရှစ်ရာ သူတို့ တိုးပေးတယ်ဆိုတာက ထောက်ပံ့ကြေး တစ်ထောင်ဆိုပြီး တိုးပေးတာပေါ့၊ တိုးပေးလာတော့ ထောက်ပံ့ကြေးလို့ အမည်တပ်လိုက်တာ ဖြစ်တဲ့အတွက် အိုတီကြေးက အစ လေးထောင့်ရှစ်ရာနဲ့ တွက်ချက်ပြီးတော့ ရတာပေါ့၊ ဒါတောင်မှ ၀န်ကြီးဌာနရဲ့ လက်မှတ်မပါလို့ ၀န်ကြီးရဲ့ လက်မှတ်မပါလို့ တစ်ချို့ စက်ရုံတွေ ဆိုလိုရှိရင် လေးထောင့်ရှစ်ရာနဲ့ပဲ ပေးတယ်။ အဲ့ဒီ တိုးပေးတဲ့ ထောက်ပံ့ကြေး တစ်ထောင်ကို ထည့်မပေးဘူးပေါ့နော်၊ ဒါကတော့ အငြင်းပွားမှုတွေ ရှိနေတယ်။ အစိုးရက တိုးမပေးလို့ဆိုပြီး အချို့စက်ရုံတွေက မပေးတာတွေ ရှိတယ်။
အဲ့ဒီတော့ အနိမ့်ဆုံး လုပ်ခလစာကို တိုးပေးတယ် သတ်မှတ်ပေးတယ်ဆိုရင် အိုတီကြေးကအစ လေးထောင့်ရှစ်ရာ အရင်ကရတယ်ဆိုရင် အခု ငါးထောင့်ရှစ်ရာနဲ့ တွက်ချက်ပေးရမှာပေါ့၊ အဲ့ဒါကြောင့် တိုးပေးတယ်လို့ အမည်သာ တွင်တာ တစ်ဘက်မှာတော့ အလုပ်ရှင်တွေနဲ့ စည်း၀ါးရိုက်ထားတာပေါ့နော်၊ အခု ထောက်ပံ့ကြေး ဆိုရင် အိုတီကြေး တိုးပေးစရာ မလိုဘူး ဆိုတာကိုလည်း အလုပ်ရှင်တွေက သိတယ် ။ ဒါကြောင့်မို့ ဒီလိုမျိုး ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဥ်နဲ့ တိုးပေးတာပေါ့။
မေး – ဟုတ်ကဲ့ဆရာမ။ ကျတော် အလုပ်သမားတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။သူတို့အခြေအနေက လစာက လည်း တစ်လမှ နှစ်သိန်းကျော်လောက်ရတဲ့အတွက် အကြွေးသံသရာထဲ နစ်နေတဲ့သဘောဖြစ်နေရတာပေါ့။ တစ်ဘက် မှာလည်း စက်ရုံတွေက အော်ဒါတွေမရတော့လို့ အလုပ်တွေထပ်မခေါ်ကြတော့တာလည်း ဖြစ်နေတယ်ကြားတယ် ဆရာမ။ဒီအခြေအနေမှာ အလုပ်သမားတွေရဲ့ ရတဲ့အလုပ်တစ်ခုကို မဖြစ်မနေဖတ်တွယ်ထားရချိန် အခွင့်အရေးတွေ ချိုးဖောက်တာလည်း ကြိတ်ခံနေကြရတဲ့အပေါ် သဘောထားမှတ်ချက် ပြောပြပေးလို့ရမလားဆရာမ။
ဖြေ – အခုက ဒီ Brand တွေက ထွက်မယ်ဆိုတဲ့ အသံတွေလည်း ကြားရတယ်ပေါ့နော်။ တစ်ဘက်မှာ အော်ဒါတွေမရလို့ ဒီအလုပ်တွေ ပိတ်မှာတွေ စက်ရုံတွေ ပိတ်သွားမှာတွေ အိုတီတွေ လျော့နည်း လာမှာတွေကြောင့် အလုပ်သမားတွေ မှာလည်း စိုးရိမ်စိတ်ရှိတယ်ပေါ့နော်။ ဒါတွေလည်း ကျမတို့ သိရတယ်။ တစ်ဘက်မှာ ဘာပြန်သိရလဲ ဆိုတော့ ဒီ Brand ကြီးတွေက ထွက်မယ်ဆိုပြီးတော့ ကြေညာတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မထွက်သေးဘူးပေါ့။ အဲ့ဒီလိုပဲ ရှေ့မှာ ထွက်သွားမယ် ဆိုတဲ့ Brand တွေက ဘယ်လို ဖြစ်နေလဲဆိုတော့ တရုတ်နိုင်ငံ ဘက်ကနေ မြန်မာပြည်ကို ၀င်နေတယ်ပေါ့နော်။ အရင်တုန်းက ဆိုရင် Made In Myanmar ဆိုပြီး ထုတ်တယ်။ အခုဆိုရင် Made In China ဆိုတဲ့ ပုံစံမျိုးနဲ့။ ဒါကို ကုန်အမှတ်တံဆိပ်တွေက သိတာ မသိတာတော့ မသိဘူးပေါ့နော်။
ဒါပေမယ့် ကျမတို့ရဲ့ သုံးသပ်ချက်ကတော့ လုပ်ငန်းခွင် တော်တော်များများက ပိတ်မှာ မဟုတ်ဘူး။ တရုတ်ပြည်က ၀င်လာတဲ့ Brand တွေ အရင်အခု လက်ရှိ ထွက်သွားမယ့် Brand တွေကလည်း တရုတ်ပြည်က တစ်ဆင့် ပြန်၀င် လာမယ်လို့ ယူဆရတယ်။ လက်ရှိလည်း အနည်းအကျဥ်း ၀င်နေတယ်ဆိုတဲ့ သတင်းလည်း ရတယ်။ အလုပ်ရှင်တွေက အော်ဒါမရှိဘူး အလုပ်သမားတွေကို လျှော့ချချင်တယ်။ ပြီးသွားရင် သူတို့ လူသစ်တွေခေါပြီးတော့ နေ့စား အလုပ် သမားတွေနဲ့ လည်ပတ်တာတွေက အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင် တော်တော်များများမှာ ဖြစ်နေတဲ့ ဆိုးရွား တဲ့ အခြေအနေတွေပေါ့။
တကယ်တော့ အော်ဒါက လျော့နည်းသွားတဲ့ အခြေအနေတော့ ရှိလိမ့်မယ်။ ဒါကလည်း လမ်းခရီး အခြေအနေကြောင့် လျော့နည်းသွားတာ ရှိတာပေါ့။ အော်ဒါတွေက လုံး၀ မအပ်တော့တဲ့ ပုံစံမျိုးတွေတော့ မဟုတ်ဘူး။ လုပ်ခလစာတွေ နှိမ်ချင်လို့ ၊ ဥပမာ ပြောရမယ်ဆိုရင် အော်ဒါက မရှိတော့ဘူး။ ဒီအော်ဒါလေး မြန်မြန်လုပ်ပေး။ အိုတီ ဆင်းပေးဆိုတဲ့ ပုံစံခိုင်းတယ်။ အိုတီကြေး မပေးဘူး။ ဒါမျိုးပေါ့နော်။
အဲ့ဒီတော့ အလုပ်သမားတွေ အနေနဲ့လည်း သူတို့ရဲ့ အလုပ် ဆက်လက် တည်မြဲရေးအတွက် အလုပ်ရှင်ရဲ့ ဒီလိုမျိုး နည်းပရိယာယ်တွေကိုလည်း မမှန်းဆနိုင်ဘူးလေ။ အဲ့ဒါကြောင့် အလုပ်သမားတွေက တကယ်ကို သနားဖို့ကောင်းတယ်။ တကယ်ကိုလည်း အလုပ်သမား အခွင့်အရေးဆိုတာ လုံးလုံး မရှိတော့တဲ့ အခြေအနေပေါ့နော်။ အလုပ်ရှင်တွေက သူတို့ရဲ့ လုပ်နေကြ အတိုင်းပဲ အော်ဒါမရှိတော့ဘူး။ ဒါကြောင့် သူတို့ စက်ရုံမှာ အလုပ်သမား ငါးရာ ရှိတာကနေ နှစ်ရာ လျှော့ချမယ်ဆိုတဲ့ ပုံစံမျိုးတွေ ၊ လျှော့ချမယ်ဆိုတဲ့ အခါမျိုးမှာလည်း နစ်နာကြေးပေးမယ့် ပုံစံလုံးလုံး မရှိဘူးပေါ့နော်။
မေး – ဟုတ်ကဲ့ဆရာမ။ ဒီလိုတွေ ကြုံနေရတဲ့အထဲမှာပေါ့။ အလုပ်ရှင်တွေက သူတို့အမာခံ အလုပ်ကြပ်တွေ မွေးထား ပြီး အောက်ခြေကိူ ပိုဖိနှိပ်တာတွေလုပ်လာကြတယ်။ ဒီလိုမျိုး ဘဝတူ အလုပ်သမားအချင်းချင်း အလုပ်ရှင်အလိုကျ ဖိနှိပ်မှုတွေကရော ဘယ်လောက်တောင် ဆိုးရွားနေမလဲဆရာမ။ ဒီအတွက်လည်း သဘောထားမှတ်ချက်လေး ပြောပြ ပေးပါဦးခင်မျာ။
ဖြေ – ဖိနှိပ်မှုတွေကတော့ အများကြီးပေါ့။ အခု အလုပ်သမားတွေကတော့ ဘယ်လို ဖိနှိပ်မှုတွေ ကြုံရလဲဆိုတော့ လုပ်ငန်း ခွင်ထဲမှာ အလုပ်ရှင်တွေ ခန့်အပ်ထားတဲ့ အောစူပါ၊ စူပါ Leader မန်နေဂျာတွေက အလုပ်သမားတွေကို ကြိုက်ရင် လုပ် မကြိုက်ရင် မလုပ်နဲ့၊ ဒီ စက်ရုံမှာတော့ ဒီ အခွင့်အရေးပဲ ရမယ်။ လုပ်ချင်လုပ် မလုပ်ချင်နေ နင်တို့ မလုပ်ရင်လည်း နေ့စားအလုပ်သမားတွေ ခေါ်ခိုင်းလို့ရတယ် ဆိုတဲ့ ပုံစံမျိုးတွေက ထုတ်ကို ပြောလာတာပေါ့နော်။
လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှု ဖြစ်လာရင်လည်း တာ၀န်ယူမှု မရှိဘူး ၊ အဲ့ဒီတော့ ထိခိုက်မှု ဖြစ်လာတယ် ကိုယ့်ဘာသာ ဆေးခန်းသွား ကိုယ့်ဘာသာကု၊ ကုလို့မှ အဆင်မပြေဘူး ဆိုရင် အလုပ်မလာနိုင်ဘူးဆို အလုပ်ပြုတ်၊ဘာခံစားခွင့်မှ လည်း မရသလို ဘာနစ်နာကြေးမှလည်း မရဘူး။ ဘာဆေးကုသခွင့်မှလည်း မရဘဲနဲ့ အလုပ်သမားတွေက ပြောရမယ် ဆိုရင် အောက်ခြေမှာ အတော်ကို ခံစားနေရတယ်လို့ ပြောရမယ်။
မေး – အဲ့ဒီလိုမျိုး အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အပေါ် ဆရာမတို့ အနေနဲ့ ဘယ်လိုမှတ်ချက်ပြု ပြောချင်ပါလဲ ခင်မျာ။
ဖြေ – ကျွန်မ မှတ်ချက်ပြုချင်တာက မိုးလင်းကမိုးချုပ် လုပ်ငန်းခွင်ထဲမှာဘဲ အချိန်ကုန် တောင်းသမျှ စံချိန်ကို အပြော ခံရမှာစိုးတဲ့အတွက်စံချိန် ပြည့်အောင်ထမင်းစားချိန်ကလွဲပြီး ကုန်းရုန်းချုပ်ပေးနေရတဲ့ဘဝ၊ အလုပ်ဆင်းလို့ အိမ်ပြန် တော့ စားသောက်ဖို့နဲ့အိမ်မှုကိစ္စ မိသားစုတာဝန်ကိုမမောနိုင်မပမ်းနိုင်လုပ်ရပြန်တယ်။
စားသောက် ပြီးတော့အိပ်ချိန်ရောက်ပြီ ဒီလိုနဲအပြင်ဗဟုသုတနဲ့စာဖတ်ချိန်တွေကနည်းတယ်။အခြားလေ့လာဖို့အချိန် မရဘူး၊ လုပ်ငန်းရှင်နဲ့ စက်ရုံတာဝန်ရှိသူတွေကလည်း အလုပ်သမားအခွင့်အရေးဒါတွေရှိတယ်ဆိုပြီးချပြခြင်းမရှိ၊ အစိုးရအဆက်ဆက် အလုပ်သမားအခွင့်အရေးအတွက် သိသိသာသာကာကွယ်ပေးတဲ့အခြေအနေကမရှိ၊ ဥပဒေစိုးမိုး မှုမရှိ၊ အလုပ်သမားတွေကိုမျက်စိပိတ်၊ နားပိတ်ထားတဲ့ လုပ်ငန်းခွင်တွေကများတယ်။အဓိက အစိုးရအဆက်ဆက် အလုပ်သမားအခွင့်အရေးကိုလစ်လျူရှု့ခံရတယ်လို့ကျမအနေနဲ့မှတ်ချပြုချင်ပါတယ်။
လုပ်ငန်းခွင်ထဲကအများဆုံးကအမျိုးသမီးတွေဖြစ်ပါတယ်။ ၁၀၀မှာ ၉၀လောက်ရှိပါတယ်။အမျိုးသမီးတွေကို လည်း အမျိုးသားနဲ့တန်းတူခိုင်းပြီး လုပ်ခလစာကိုတော့ တန်းတူမပေးချင်ဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မီးဖွားပြီး ကလေးမိခင်တွေအတွက် ခံစားခွင့်တွေဥပဒေတွေရှိပါလျှက် ဘာမှမပေးချင်တာ လူ့အခွင့်အရေး၊ အလုပ်သမား တစ်ယောက် အခွင့်အရေး၊ အမျိုးသမီးတယောက်ဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံ ရတာတွေရော အထည်ချုပ် လုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ဘဝကအဆိုးဆုံးအခြေအနေဖြစ်နေပါတယ်။
အဓိက အစိုးရမကောင်းခဲ့လို့ အလုပ်သမားတွေရဲ့ ဘဝက မတိုးတက်တာ၊ နိုင်ငံတစ်ခုရဲ့ အရေးကြီးတဲ့ အရွေ့တိုင်းမှာ အလုပ်သမားလူတန်းစားကအရှေ့တပ်ဦးမှာ ပါစမြဲပါသမိုင်းသက်သေတွေရှိပါတယ်။ ဒါပေမဲ့လည်း လူ့အဖွဲ့ အစည်း မှာ တော့ အမြဲတမ်းဖိနှိပ်ခံ၊ နောက်ချန်ခံထားခံရတဲ့ ဘဝတွေပါ၊ ဥပဒေရှိပါလျက် အပြည့်အဝဘယ်အစိုးရလက်ထက်မှာမှ မခံစားရပါဘူး။
ဟုတ်ကဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။