ဇူလိုင် ၂၀ ရက်နေ့ညပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုံ၌ အောက်ဆီဂျင်တန်းစီပြီးပြန်လာသူ စေတနာ့ဝန်ထမ်းပရဟိတ လူငယ်နှစ်ဦးကို မဂ်လာဒုံမြို့နယ် ၊ခရေပင်လမ်းခွဲ လမ်းဆုံအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်ရဲများက ရိုက်နှက်ခဲ့ရာ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ ကာယကံရှင်စေတနာ့ဝန်ထမ်းတစ်ဦးကို MPA မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အောက်ဆီဂျင်ကဘယ်မှာ သွားယူတာပါလဲ ။ ဘယ်အချိန်လောက်ဖြစ်မလဲ ?
ဖြေ။ ။ ည ၁၀ နာရီကျော်ကျော်လေးပဲ ရှိဦးမယ်။လှိုင်သာယာက ရွှေလင်ပန်း စက်ရုံထဲမှာ သွားထုတ်တာ။ ကျနော်က မနက်ထဲက အိုးကိုပေးပြီး တန်းစီထားတာ လက်ထဲ အိုးရောက်ချိန်က ၉နာရီခွဲလောက်ဖြစ်နေပြီ။ ဟိုက်ဂျက်လေးကသေးသေးလေးနဲ့ အိုးတွေက အများကြီးပဲဖြစ်နေတော့ လှိုင်သာယာက ကျနော်ညီလေးရဲ့ အလုပ်ရုံမှာ အိုးတွေအကုန်သွားချတယ်။
အရေးပေါ် လိုတဲ့လူနာတွေအတွက် အောက်ဆီဂျင်ဖြည့်ပြီးသားတအိုးကို ကားပေါ် ပြန်တင်ပြီး ပြန်လာတာပါ။
မေး။ ။ ရိုက်နှက်ခံရတယ်ဆိုတာက ဘယ်လို ဖြစ်ပျက်ခဲ့တာပါလဲ ?
ဖြေ။ ။ ကျနော်တို့က အောက်ဆီဂျင်အိုးသွားယူပြီးပြန်လာတာ ၊ ခရေပင်လမ်းခွဲ အကျော် ဂုံးဆင်းနားလေးမှာ စစ်တပ်က လူတွေရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလဲအများကြီးပဲ အဲ့ဒါနဲ့ ကားကိုရပ်ပေးလိုက်တယ်။ မီးတွေဘာတွေပိတ် ဆစ်ဂနယ်ပြပြီးတော့ပေါ့ ။ ကျနော်တို့အောက်ဆီဂျင်ထုတ်ပြီးပြန်လာတာပါပေါ့။ သူတို့ကတော့သွားလို့ပြောတယ်။ သူတို့နဲ့ ရှေ့မလှမ်းမကမ်း အများဆုံးကွာမှ ဆယ်ပေလောက်ပဲ။ အဲ့မှာ ရဲ အယောက်၂၀ လောက်ရှိတယ်။ သူတို့က သေနတ်တွေကိုင်ပြီးလမ်းလယ်ခေါင်မှာ လျှောက်နေတယ်။ ဒီဘက်က စစ်ပြီးလို့ ကားတံခါးပိတ် စက်နှိုးပြီးပြန်ထွက်တော့ စစ်ဂနယ်လေးက ပြထားတုန်း ဘေးကပါလာတဲ့ ကောင်လေးကိုစကားပြောနေတာကို သူက လက်လှမ်းပြတယ်။ စစ်ဂနယ်ပြထားလို့ ပိတ်ခိုင်းတယ်ထင်လို့ ပိတ်ပြီး ရှေ့ကိုကားလေးလှိမ့်လိုက်တာ။ အဲ့ဒါ ပစ် ပစ် ဆိုပြီးပြောရော ကျနော်တို့လဲကားရပ်လိုက်တယ်။ ကျနော်နဲ့ပါလာတဲ့ ဘေးက ကောင်လေးကိို ဆံပင်ကနေဆွဲချပြီး လက်သီးတွေနဲ့ထိုးရော။ ပြီးတော့ ကျနော်ကို သုံးပွင့်နဲ့ရဲက လက်သီးတွေနဲ့ထိုးတယ်။ ခြေထောက်တွေနဲ့ကန်တယ်။ ဒူးတွေနဲ့တိုက်တယ်။ သုံးပွင့်နဲ့ ရဲတစ်ယောက်တည်းကပဲ လုပ်တာပါ။ မင်းတို့ကဘာလဲ ကားတားတာ ဘာလို့မရပ်လဲ ဆိုပြီးမေးတယ်။ ကျွန်တော်က ရပ်တယ် ကားက မန်နျူရယ် မို့လို့ ကလပ်က ထောက်ပြီး ကားကခုန်သွားတာ အဲ့ဒါကိုပြသနာရှာတာပါ။
မေး။ ။ နောက်ပြီးတော့ ဘာတွေဆက်ဖြစ်လဲ?
ဖြေ။ ။ သူတို့အကျင့်အတိုင်းပဲ တယောက်ကလုပ်ရင်တော့ တယောက်က နည်းနည်းလိုက်ကာပေးတယ်။ မင်းကွာ ဘာလို့ကားကိုမရပ်တာလဲပေါ့။ မင်းတို့အသင်းဖွဲ့လုပ်နေတာ ငါတို့သိတာပဲ မင်းတို့ကို တားရင် ရပ်ပေါ့ ဆိုပြီးပြောတယ်။ ကျနော်က ကားကိုရပ်ပေးတယ်။ အကိုတို့နဲ့ အရှေ့ ခြေလှမ်းလေးလှမ်း ၊ ငါးလှမ်းလောက်အကွာမှာ ကားရပ်ပြီးထွက်လာတာ သူတို့ထပ်တားမယ် မထင်လို့ လို့ပြောတယ်။ ကျနော်ကိုတားမှန်းမသိလို့ပါ ဆိုတော့ အသင်းကတာဝန်ရှိသူကိုဖုန်းဆက်တယ်။ အသင်းကားနဲ့တော့ မဟုတ်ဘူး အပြင်ကားနဲ့ အောက်ဆီဂျင်အိုးသွားထည့်ပြီးပြန်လာတာ။ ဒီကားနဲ့ အောက်ဆီဂျင်သွားထည့်ခိုင်းတာ ဟုတ်သလားဆိုတော့ အသင်းက တာဝန်ရှိသူက ဟုတ်ပါတယ်။ လွှတ်လိုက်တာပါ ။ ရုံးမှာ ကားတွေမရှိတော့လို့ ဆိုတော့ မှ တာဝန်အရ စစ်ဆေးတာပါဆိုတယ်။ ကျနော်နဲ့ပါလာတဲ့ ကောင်လေးက ဒူးထောက်ပြီး လက်မြှောက်ထားရတာ ပြီးတော့မှ ဒူးထောက်စရာလဲမလိုဘူး လက်မြှောက်စရာလဲမလိုဘူး။ သွားသွားဆိုပြီး လွှတ်လိုက်တယ်။
ကျနော်တို့ကိုလွှတ်တဲ့အချိန်မှာ စစ်ကားကြီး နှစ်စီးထပ်ရောက်လာတယ်။ စစ်သားတွေအပြည့်ပဲ လမ်းပေါ်မှာ ထွက်ပြီးရပ်နေတယ်။ သွားသွား အကိုတဲ့ အဲ့ကောင်တွေ ရောက်လာရင် ပိုဆိုးလိမ့်မယ်ဆိုပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တာ။ နောက်မှာ Taxi တစီးကျန်နေခဲ့တယ် ပြီးတော့နောက်ထပ် ကားတစီးလဲကျန်ခဲ့တယ် ။ ဖြစ်နေတဲ့အချိန် ဘေးမှာ Ambulance တစီးလာသေးတယ် သူကတော့မီးတန်းဖွင့်ပြီးလာတာ သူ့တို့ကို စစ်ပြီးတော့ သွား ပြောတာပေါ့။ နောက်ကကားတွေ လာလို့ ထင်တယ် သက်သာသွားတယ်။ နို့မို့ဆိုရင်တော့မလွယ်လောက်ဘူး ။ သေနတ်ကိုင်ထားတဲ့ကောင်တွေ ရဲတွေ အကုန်လုံးကတော့ တော်တော်များများတော့ မမူးဘူး။ ဒါပေမယ့်ကျနော်ကို သေနတ်နဲ့ ချိန်ပြီးတော့ ပစ်မယ်လို့ပြောနေတဲ့ ရဲကတော့ မူးနေတယ်။ အသင်းတာဝန်ရှိတဲ့သူကို ဖုန်းဆက်တဲ့သူကတော့ သေနတ်ကိုင်ထားပြီး မူးနေတဲ့ ရဲနောက်တောက်လျှောက်တော့လိုက်ပြီးတော့ ကာနေတယ်။ ကျနော်တို့ တစီးထဲပဲ ရှိလို့ရှိရင် ပစ်တောင်ပစ်ခံရမလားမပြောတတ်ဘူး။
မေး။ ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဘာပြောချင်လဲ
ဖြေ။ ။ ကျနော်တို့က လူတွေကိုလိုက်ကူညီပေးနေတာ။ အောက်ဆီဂျင်ကို တနေကုန် ခက်ခက်ခဲခဲတန်းစီကြရတယ် ပြီးတော့ ရတဲ့အချိန်မှာလဲ မိုးချုပ်တဲ့အချိန်မှရတယ် ။ ဒီလိုမျိုုး ၁၀နာရီ ညမထွက်ရ ဘာညာဆိုတာမျိုး လုပ်ထားတော့ သွားရလာရတာ ခက်တယ်။ အဆင်ပြေသလိုပဲ သူတို့နဲ့တွေ့တဲ့အချိန်ကောင်းကောင်းမွန်မွန်ပဲ ပြောပြီးသွားကြရတာပေါ့ ပုံမှန် မမူးဘဲ နေတဲ့သူတွေဆိုရင်တော့အဆင်ပြေတယ်။ သူတို့စစ်တယ် ကားဖွင့်ပေးဆို ပေးတယ်။ အိတ်တွေပြဆိုပြတယ်။ အဲ့လိုမျိုးနဲ့ပဲ သွားနေတာပေါ့ ။တခါတလေကျရင် အဲ့လိုမူးနေတဲ့ သူတွေတာဝန်ယူနေတဲ့အချိန်မှာ တွေ့လို့ရှိရင်တော့ အဲ့လိုမျိုး ဖြစ်တာပါ့။ အဲ့ဒါမျိုးတွေက မဖြစ်သင့်ဘူးလို့တော့ထင်တယ်။ အခုဆို ကျနော်တို့ အသိအဖွဲ့တွေရှိသေးတယ် ဒီလိုပဲ လိုက်ကူညီနေတဲ့ သူတွေ အောက်ဆီဂျင် မရသေးလို့ဆို စောင့်နေရတာ သူတို့ပြန်ရမယ့်နေရာနဲ့ သွားတန်းစီတဲ့နေရာနဲ့က အဝေးကြီးပဲ။ အဲ့ဒါမျိုးတွေအတွက်ကျ ကျနော်တို့ မလုံခြုံဘူးလို့ထင်တယ်။