မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များရှိ အကျဉ်းသားများထံ၊ လူတွေ့ထောင်ဝင်စာတွေ့ခွင့်အား ကိုဗစ်-၁၉ကာလက တည်းက ပိတ်ပင်ကန့်သတ်ထားခဲ့ရာ၊ အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင်လည်း၊ ယင်းကန့်သတ်ချက်အား ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာဧည့်တွေ့ခွင့်အား ယနေ့( အောက်တိုဘာလ ၂၄ရက်)မှစတင်ကာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများအပါအဝင် အကျဉ်းသားဟောင်းများထံမှ သိရသည်။
အကျဉ်းဦးစီးဌာနများမှ ပြန်လည်ခွင့်ပြုလိုက်သော၊ လူတွေ့ထောင်ဝင်စာ ခွင့်ပြုချက်တွင် ကန့်သတ်ချက်များပါဝင်ပြီး၊ ယင်းကန့်သတ်ချက်များသည် အကျဉ်းသား အခွင့်အရေးနှင့် ပတ်သက်၍ ချိုးဖောက်ခံရမှု ရှိမရှိအား၊ ဗဟိုအကျဉ်းထောင်တွင် ထောင်ဦးစီးအဖြစ် ကိုင်တွယ်ဆောင်ရွက်ခဲ့ဖူးပြီး၊ လက်ရှိတွင် ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ရှေ့နေဦးခင်မောင်မြင့်ကို MPAမှ ဆက်သွယ်မေးမြန်းထားမှုများအား ပြန်လည်ဖော်ပြအပ်ပါသည်။
မေး – အကျဉ်းဦးစီးဌာနတွေမှာ လူတွေ့ထောင်ဝင်စာကို ဘယ်လို ကန့်သတ်ချက်တွေနဲ့ တွေ့ခွင့်ပေးမှာပါလဲ။
ဖြေ – ၂၀၂၀ခုနှစ် မတ်လ ၂၀ရက်ကနေ စပြီးတော့မှ တရုတ်နိုင်ငံကနေ စပြီး ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားလာတာပေါ့။ အဲ့ဒါနဲ့ ပတ်သက်လို့ တားမြစ်အမိန့်တွေနဲ့ ဒေသန္တရအမိန့်တွေကို ထုတ်ပြန်ခဲ့တာပေါ့။ အဲ့ဒီအမိန့်တွေအရဘဲ၊ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်းသူ/သား၊ အချုပ်သူ/သားတွေကို လူတွေ့ တွေ့ဆုံခွင့်တွေကို ရပ်ဆိုင်းခဲ့တယ်။ အခု ဒါကို အကျဉ်းဦးစီးဌာနက ပြန်ပြီးခွင့်ပြုပေးမယ်ပေါ့။ ပြန်ခွင့်ပြုတဲ့ အခါမှာလည်း လိုအပ်တဲ့ အချက်တွေကို စီစစ်မယ်ပေါ့။ တစ်နိုင်ငံလုံးက အကျဉ်းထောင်အားလုံးမှာ အတိအလင်း ကြေညာတာပေါ့။ လူတွေ့ ဆုံမယ့်သူက သက်ဆိုင်ရာ အကျဉ်းထောင်အတွင်းမှာ ရှိတဲ့ အကျဉ်းသား၊ အချုပ်သားနဲ့ အိမ်ထောင်စုဇယားလို့ခေါ်တဲ့ ပုံစံ ၁၀မှာ ပါဝင်တဲ့ မိသားစု ဖြစ်ရမယ်။ မှတ်ပုံတင်လက်မှတ်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ ဆိုင်ရာ ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ထောက်ခံစာပါပေးရမယ်ပေါ့။ အဓိက အရေးကြီးတဲ့ အချက်ကတော့ လူတွေ့တွေ့ဆုံမယ့်သူသည် လက်ရှိ ဖျားနာသူ မဟုတ်ရဘူး။ ကိုဗစ်ကာကွယ်ဆေး အထောက်အထားတွေ တင်ပြပေးရမယ်လို့ ကြေညာထားတာပေါ့။ အချက် ၅ချက်ကို တိတိကျကျ ထုတ်ပြန်ထားတာပေါ့။
မေး – ဒီကန့်သတ်ချက်တွေကို ဘာကြောင့် ထုတ်ပြန်တာပါလဲ။
ဖြေ – ဘာကြောင့် ထုတ်ပြန်ထားတာလဲဆိုတော့ ကျွန်တော်ကတော့ အကျဉ်းဦးစီးဌာနမှာ အလယ်အလတ်အဆင့် အရာရှိတစ်ဦးအနေနဲ့ ဦးစီးထောင်မှူးကြီးအနေနဲ့ လုပ်ကိုင်ခဲ့တာဖြစ်လို့ နားလည်တယ်။ အကျဉ်းထောင်အတွင်းမှာ လူပေါင်း သောင်းချီပြီး၊ ထိန်းသိမ်းကိုင်တွယ်ရတဲ့ အခါမှာ ပြင်ပကနေ ကူးစက်ရောဂါပေါ့။ ကာလဝမ်းရောဂါဖြစ်စေ သို့တည်းမဟုတ် ကိုဗစ်ကပ်ရောဂါဖြစ်စေ ဒါမျိုး မကျရောက်နိုင်အောင်၊ ကိုယ့် စောင့်ရှောက်မှုအောက်မှာ ရှိတဲ့ ကိုယ့်ရဲ့ ထိန်းသိမ်းမှုအောက်မှာရှိတဲ့ အကျဉ်းသား၊ အချုပ်သားတွေ ပြင်ပက အရေးကြီးတဲ့ ကူးစက်ရောဂါတွေ မထိရောက် အောင် ကာကွယ်ရတာတွေရှိတယ်။ အဲ့ဒါကြောင့်လည်း အခု အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေထဲမှာ အကျဉ်းသားတွေနဲ့ လူတွေ့လာရောက်တွေ့ဆုံမယ့် သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပြီးသူ ဖြစ်ရမယ်။ အတည်ပြုချက်ပါသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာပေါ့။ အကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသားဖြစ်စေ၊ အချုပ်သားဖြစ်စေ အားလုံးရဲ့ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီကန့်သတ်ချက်တွေဟာ တင်းကျပ်တယ်လို့ မမြင်ဘဲနဲ့ တကယ့်ကို လိုအပ်တဲ့ လိုအပ်ချက်ဖြစ်တယ်လို့ အားလုံးက ခံစားနားလည်ကြဖို့နဲ့ အသိအမှတ်ပြုကြဖို့ လိုတယ်လို့ ပြောလိုပါတယ်။
မေး – ဒီကန့်သတ်ချက်တွေက အကျဉ်းသား အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်ပါသလား။
ဖြေ – အကျဉ်းထောင်ဥပဒေမှာက အင်တာဗျူးလို့ ခေါ်တဲ့ လူတွေ့တွေ့ဆုံတာက (၂)ခု ရှိတယ်။ တစ်ခုက အကျဉ်းထောင် အတွင်းက အကျဉ်းသား၊ အချုပ်သားတွေနဲ့ အကျဉ်းထောင်ပြင်ပက မိသားစုတွေ တွေ့ဆုံကြတဲ့ အင်တာဗျူးတစ်ခု ရှိ တယ်။ နောက်တစ်ခါ အကျဉ်းထောင်အတွင်းမှာဘဲ အသီးသီး ဇနီး/ခင်ပွန်းဖြစ်မယ်၊ အမိ/အဖ ဖြစ်မယ်၊ အမျိုးသား အကျဉ်းသား၊ အချုပ်သားနေရာမှာ ရှိတဲ့သူနဲ့ အမျိုးသမီး အကျဉ်းသား၊ အချုပ်သားနေရာမှာ နေတဲ့ အချင်းချင်းတွေ့ဆုံ တဲ့ ထောင်တွင်းတွေ့ဆုံတဲ့ အင်တာဗျူးရှိတယ်ပေါ့။ ၂၀၂၀ခုနှစ် မတ်လကစပြီးတော့မှ အကျဉ်းထောင်အတွင်းမှာ ထောင်တွင်းအင်တာဗျူးတွေရော၊ ပြင်ပအင်တာဗျူးတွေရော၊ လူတွေ့တွေ့ဆုံမှုတွေကို ကန့်သတ်ထားတာတဲ့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ် တစ်ဦးချင်းအနေနဲ့တော့၊ မိမိတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ ခံစား နိုင်စရာ အကြောင်းတော့ ရှိတယ်။ သို့သော်လည်း ကိုဗစ်-၁၉ရဲ့ အန္တရာယ်ကို ကျွန်တော်တို့ နိုင်ငံတစ်ဝန်းလုံးက နိုင်ငံသားတိုင်း အားလုံး သိပြီးပါပြီ၊ ၂၀၂၁ခုနှစ် ဇူလိုင်လလောက်ကစပြီး နှစ်ကုန်တဲ့အထိ ဒီရောဂါကြောင့် သေဆုံးသွား သူတွေ အများကြီး ရှိပါတယ်။ အကျဉ်းဦးစီးဌာနအနေနဲ့ လူတွေ့တွေ့ဆုံခွင့်တွေကို ကန့်သတ်လိုက်တာက ကိုဗစ်-၁၉ရောဂါရဲ့ အင်မတန် ကြီးမားတဲ့ ဆိုးကျိုးကို ကြိုတင်ပြီးတော့မှ ပိတ်ပင်တားမြစ်လိုက်တယ်လို့ မြင်ပါတယ်။ အဲ့ဒီအပေါ်မှာ လူသားအခွင့်အရေး နိုင်ငံသားအခွင့်အရေး ဘာညာနဲ့ ပြောလာမယ်ဟေ့ဆိုရင်တော့ အဲ့ဒါသည် လက်တွေ့ဖြစ်ရပ် အခြေအနေနဲ့ ကွာဟနေတယ်။ ဒီကူးစက်ရောဂါရဲ့ အန္တရာယ်ကို သတိမမူဘဲ ပြောတာပဲလို့ မြင်ပါတယ်။
မေး – အကျဉ်းဦးစီးဌာနရဲ့ ကန့်သတ်ချက်တွေက အကျဉ်းသားအခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ ထင်မြင်နေတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ – ပြောရရင်တော့ ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောမှာ။ မိသားစုတွေနဲ့ တွေ့ပြီး အသေခံမလား။ အဲ့ဒီအခွင့်အရေးကို စွန့်လွှတ်ပြီးတော့မှ အသက်ရှင်မလား။ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အဲ့အထဲက ကြိုက်တာရွေးပေါ့နော်။ ဒီဘက်က နိုင်ငံသားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အဖွဲ့ပဲ ဖြစ်စေ၊ အာဏာသိမ်းအစိုးရအဖွဲ့ပဲ ဖြစ်စေ အစိုးရတစ်ရပ်အနေနဲ့ဆိုရင် သူက အကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသား၊ အချုပ်သားတွေရဲ့ အသက်ရှင်သန်မှုနဲ့ ကျန်းမာရေးကို အလေးပေးရမှာဘဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း တစ်နိုင်ငံလုံးမှာ ဘယ်လောက် သေသလဲ။ အလောင်းတွေတောင် မသဂြိုဟ်နိုင်အောင် အင်မတန်ကြီးမားတဲ့ ကပ်ရောဂါကြီးဖြစ်တယ်။ ကိုယ့်ရဲ့ တစ်ဦးချင်းရဲ့ မိသားစုတွေနဲ့ တွေ့ဆုံတဲ့ အင်တာဗျူးကို တောင်းခံမလား။ အဲ့ဒီကနေပြီးတော့မှ ကူးစက်လာနိုင်တဲ့ ကိုဗစ်-၁၉ကပ်ရောဂါဘေးကို ကာကွယ်နိုင်တဲ့ တွေ့ဆုံခွင့်ကို ကန့်သတ်မလားလို့ ပြောရင်၊ ကျတော် ဥပဒေသမားတစ်ဦးအနေနဲ့တော့ အကျဉ်းထောင်အတွင်းက အကျဉ်းသား၊ အချုပ်သားတွေကို မထိခိုက်စေချင်ဘူး။ ပြင်ပက သူတွေကိုလည်း မထိခိုက်စေချင်ဘူး။ အဲ့ဒါကြောင့် အကျဉ်းဦးစီးဌာနအနေနဲ့ သင့်လျော်တဲ့ ကာလတစ်ရပ်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါမပြန့်ပွားဖို့ ကန့်သတ်ထိန်းသိမ်းခဲ့တာသည် လက်ခံနိုင်စရာရှိတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု နည်းပါးတဲ့ အချိန်မှာလည်း တွေ့ခွင့်ပေးလိုက်တာသည်လည်း လက်ခံနိုင်စရာ ရှိတယ်လို့ မြင်ပါတယ်။
မေး – လက်ရှိဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး၊ ဥပဒေပညာရှင်အနေနဲ့ ဖြည့်စွက်ပြောပေးလို့ ရပါတယ်။
ဖြေ – အခုလက်ရှိ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ အညီ မိသားစုများက ပြည့်စုံအောင် လုပ်ဆောင်ပြီးမှ အကျဉ်းထောင်အတွင်းမှာရှိတဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေကို တွေ့ဆုံကြပါ။ ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားမပေးပါနဲ့လို့ မေတ္တာရပ်ခံ ပြောချင်ပါတယ်။
ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် MPAအနေဖြင့် ကျေးဇူးတင်ပါတယ်။