မလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ အသက် ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အများအပြား ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား ခြောက်ဦး၏ ဈာပနကို မြန်မာလူမှုကူညီရေး အသင်း(မလေးရှား)က ကူညီဆောင်ရွက်မှုများပေးခဲ့သည်။
အဆိုပါ သေဆုံးခဲ့သူများထဲမှ ငါးဦးသည် အသက် ၁၉ နှစ်မှ အသက် ၂၇ နှစ်အကြား လူငယ်များဖြစ်ပြီး၊ တစ်ဦးသည် အသက် ၃၄ နှစ်အရွယ် ဖြစ်ပေသည်။ ယင်းကဲ့သို့ သေဆုံးမှုများပြားခဲ့ခြင်းများနှင့်ပတ်သက်ပြီး MPA က မြန်မာလူမှု ကူညီရေး အသင်း(မလေးရှား) ဥက္ကဌ၊ ဦးစန်းဝင်းနှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
မေး- မလေးရှားရောက် မြန်မာ အလုပ်သမားတွေ သေဆုံးတဲ့ ဖြစ်စဥ်တွေက ပြီးခဲ့တဲ့ လတွေမှာဘယ်လောက်များ များ ရှိနေလဲ။
ဖြေ- တော်တော်များတယ်ဗျ။ ပြီးခဲ့တဲ့ လတွေက စာရင်းတွေကတော့ စာအုပ်ထဲမှာဘဲ ရှိမယ်။ ကျတော်တို့ ဒီအပတ်ဆို မှတ်တောင် မမှတ်နိုင်ဘူး။ တစ်ပတ်ကို ဆယ်ယောက်လောက် သေတဲ့ အပတ်တွေတောင် ရှိတယ်။
မေး- သေဆုံးခဲ့တဲ့ လုပ်သားတွေက လူငယ်တွေ များတာတွေ့ရတယ်နော်။
ဖြေ- ဟုတ်တယ်ဗျ။ အဓိကက ဒီက ရာသီဥတုနဲ့ ကျတော်တို့ မြန်မာပြည်က ရာသီဥတု ပုံစံမတူလို့ ဖြစ်တာ။
မေး- ရာသီဥတုနဲ့ ဘယ်လိုမျိုး သက်ဆိုင်တာလဲ။
ဖြေ- ဒီမှာက ရာသီဥတုက သုံးမျိုးရှိတယ်။ နေပူတယ် မိုးရွာတယ်၊ ညကျရင် ၁၂ နာရီနောက်ပိုင်းတွေက အေးတယ်။ ကျတော်တို့ မြန်မာလုပ်သားတွေက အိပ်ရင် အကုန်ချွတ်ပြီး အိပ်ကြတော့၊ ညဘက် အေးလာတာမျိုးကို မခံနိုင်ကြဘူး။ အဲ့ဒီမှာ သေတာတွေ ဖြစ်လာတာပဲ။
မေး- နည်းနည်းလောက် အသေးစိတ်လေး ပြောပြပေးပါလား။
ဖြေ- ဒီလိုဗျ။ မြန်မာအလုပ်သမားတွေက အလုပ်က ပြန်ရောက်တဲ့ အချိန်ကြရင် အဲ့ဒီအချိန်တွေက နည်းနည်း ပူသေး တယ်။ မြန်မာတွေက ပြန်ရောက်ရင် သောက်(အရက်)ကြတယ်။ အရက်သောက်ရင် အင်္ကျီတွေ အကုန်ချွတ်ချက်ပြီး သောက်ကြတာပေါ့၊ ပြီးရင် အိပ်မယ်လုပ်ရင် ခင်းထားတဲ့ မွေ့ယာတွေဘာတွေက သေးတာရော၊ ဘာရောနဲ့ မအိပ်ကြဘူး။ အောက်က သံမံသလင်း မှာ ဆင်းအိပ်ကြတာပေါ့။ အဲ့ဒီမှာ သူတို့နေတဲ့ နေရာတွေမှာက ကျတော်တို့ နံရံတွေမှာထားတဲ့ ပန်ကာကြီးတွေထားတာ။ လှည့်လို့ရတဲ့ ပန်ကာတွေမဟုတ်ဘူးလေ။သူတို့ အိပ်ပြီးတော့ ည က တစ်နာရီကျော်လောက်ဆို တစ်အားအေးလာပြီ။ အဲ့ဒီမှာ အပေါ်က ပန်ကာကြီးကလည်း တောက်လျှောက် ဖွင့်ထား သလို ဖြစ်နေတော့ မခံနိုင်ဘဲ မနက်ကျရင် သေတာတွေ ဖြစ်လာတာပေါ့။
မေး- ဘယ်ရက်တွေမှာ သေဆုံးတဲ့ ဖြစ်စဥ်တွေ ပိုများလဲ။
ဖြေ- သောကြာ၊ စနေ၊ တနင်္ဂနွေ အဲ့ဒီရက်တွေမှာ သေဆုံးမှုတွေ ပိုများတယ်။ သူတို့က အလုပ်ကပင်ပန်းကြတယ်။ သောကြာနေ့ဆို နောက်ရက်အလုပ်ပိတ်ပြီဆိုတော့ သူဌေးစီက ပိုက်ဆံချေးလာ၊ ပြီးရင် သောက်ကြပြီပေါ့ အဲ့လိုရက်တွေမှာ ပိုပြီး သေကြတယ်။
မေး- အရက်နဲ့ရော ဆိုင်မလား။
ဖြေ- အရက်ကတော့ စျေးပေါတာနဲ့ ကြီးတာ ကွာတာပေါ့၊ ကျတော်တို့ မြန်မာမှာဆို ပိုက်ဆံတတ်နိုင်ရင် လေဘယ် တွေဘာတွေ သောက်ကြသလိုပေါ့၊ဒီမှာက ပိုက်ဆံ မရှိကြတော့ စျေးပေါတဲ့ အရက်တွေဝယ်သောက်ကြတာပေါ့။ အရက်တွေက စျေးပေါတော့ အရည်အသွေးက မကောင်းဘူးလေ။သူတို့ကလည်း စွတ်သောက်တော့ စွတ်မူးကြတယ်။ မူးပြီးရင် တုံးလုံးပဲ ထိုးအိပ်၊ မနက်ကျတော့ သေနေတာမျိုးတွေ ဖြစ်လာတာပေါ့။
မေး- သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုတွေစီကိုရော အကြောင်းကြားပေးတာမျိုး ရှိလား။
ဖြေ- ဒီမှာဆွေမျိုးတွေအများစုရှိပါတယ်။ မရှိတဲ့သူ ဖေ့ဘုတ်ကနေ နေရပ်လိပ်စာကြေငြာပါတယ်။ ခင်ဗျာ ဒီတော့မိသားစုနဲ့အဆက်အသွယ်ရပါတယ်။
မေး- Dead Body တွေကိုရော ပြည်တွင်းပြန်ပို့တာမျိုးတွေ ပြုလုပ်တာမျိုးရော ရှိလား။
ဖြေ- ရှိပါတယ် ဒီနေ့လည်းမြန်မာပြည်ကို ပြန်ပို့ပါတယ်။
မေး- ဒါတွေနဲ့ ပတ်သတ်ပြီး အသိပညာပေးတာမျိုးတွေရော လုပ်ဖြစ်လား။
ဖြေ- ကျတော်တို့ လုပ်တယ်။ သူတို့က ငယ်ကြတော့ လာပြီးရင် ကျွေးတဲ့မုန့်စားပြီး ပြန်သွားတာမျိုး များတာပေါ့။ ဘာမှ သေချာနားထောင်တာမျိုး မလုပ်ကြဘူးလေ။ ပြီးတော့ ဒီမှာက အဖမ်းအဆီးတွေလည်း ရှိတော့ သွားလို့ လာလို့ မလွယ်တော့ မလာဖြစ်ကြတာတွေရောပေါ့။
မေး- ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ – သေခြင်းတရားဆိုတာတော့ ကွေ့ကင်းလို့မှမရလို့၊ အကြောင်းအမျိုးမျိုးကြောင့်တော့သေရမဲ့အချိန်သေကြရတာ ပါဘဲ၊ ခင်ဗျာ ဘယ်သူကတော့ မိဝေး၊ ဖဝေးသေခြင်ကြမလည်း….။
ဟုတ်ကဲ့ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။