
စောဘောကျော်ဟဲ – ဒုတိယဗိုလ်ချုပ်ကြီးဒုဦးစီးချုပ်
(KNLA ) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် Myanmar Pressphoto Agnecy အင်တာဗျူး
မေး။ ။ လက်ရှိကေအဲန်ယူထိန်းချုပ်နယ်မြေများနှင့်ကရင်ဒေသတွေအတွင်းက စစ်ရေးအခြေအနေကိုအကျဉ်းချုံး ပြောပြပါ။မြန်မာ့တပ်မတော်စစ်စခန်းများအနေအထားနဲ့ရှေ့ဆက်စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေဖြစ်လာနိုင်လား။
ဖြေ။ ။ ကေအဲန်ယူထိန်းချုပ်နယ်မြေများနဲ့ ကရင်ဒေသအတွင်းမှာ စစ်ရေးအရမြန်မာ့တပ်မတော်ရဲ့ကျူးကျော်မှုတွေက ပုံမျိုးမျိုးနဲ့ရှိနေပါတယ်။ ဥပမာ ကျနော်တို့ထိန်းချုပ်နယ်မြေနဲ့အခြေခံဒေသတွေထဲမှာ မြန်မာ့တပ်မတော်ကနေပြီးတော့ ဒရုန်းအမျိုးအစား အမျိုးမျိုးနဲ့ လာရောက် မှတ်တမ်းအချက်အလက်တွေရယူနေတာ၊လေယာဉ်အမျိုးအစားအမျိုးမျိုးနေ့စဉ်နှင့် အမျှလာပြီးမှတ်တမ်းယူ ဓါတ်ပုံရိုက်နေတာတွေရှိပါတယ်။ ဒါဟာစစ်ရေးပြင်ဆင်မှုလည်းဖြစ်ပါတယ်။ ထို့အတူ ကျနော်တို့ဒေသတွေ အတွင်းမှာ မြန်မာ့တပ်မတော်က သူတို့ရဲ့စခန်းအသီးသီးကို ပိုမိုခိုင်မာအောင်ပြင်ဆင်နေတဲ့ လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ ဥပမာအရင်ကနယ်မြေစိုးမိုးရေးအတွက်ချထားတဲ့ စခန်းငယ်တွေကိုစုစည်းထားပြီး ပိုမိုအင်အားကြီးတဲ့စခန်းကြီးအဖြင့်ပြန်စုဖွဲ့တာ၊ လက်နက်နဲ့ လူအင်အားဖြည့်ဆည်းတာ၊ အသစ်လဲလှယ်တာတွေကို လုပ်နေတာလည်းသိရပါတယ်။ ဒါတွေဟာ ကျနော်တို့အတွေ့အကြုံအရဆိုရင် ရေရှည်စစ်ရေးလှုပ်ရှားမှုအတွက် ပြင်ဆင်မှုတွေပဲ ဖြစ်ပါတယ်။
ရှေ့ဆက်တင်းမာမှုတွေ၊ တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတာက မြန်မာ့တပ်မတော်ဘာလုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့က ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနဲ့ အာဏာရှင်စနစ်ကနေလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ စစ်ပွဲတိုင်းဟာ အကုန်အကျများတယ်၊ တန်ဖိုးအကြီးဆုံးကျန်ကျမှုက အသက်ပဲဖြစ်တယ်။ မလိုအပ်ပဲ ကျနော်တို့စစ်တိုက်ဖို့ ရည်ရွယ်ချက်မထားဘူး။ ဒါပေမယ့်ကျနော်တို့ ကရင့်တော်လှန်ရေး ရည်မှန်းချက်တွေပြည့်ဝအကောင်အထည်ဖော်ဖို့ ကျနော်တို့ အဟန့်အတားအားလုံးကို နည်းမျိုးစုံနဲ့ တွန်းလှန်သွားမှာဖြစ်ပါတယ်။ ဒါတွေကို အသက်ရင်းထားတဲ့ ကျနော်တို့ ကရင့်လွတ်မြောက်ရေးတပ်မတော်က ရဲဘော်တွေနားလည်သလို ကရင်ပြည်သူလူထုကလည်းနားလည်ဖို့လိုတယ်။
မေး။ ။ ရေရှည်ဒီအခြေအနေကိုထိန်းချုပ်ဖို့ပဲဖြစ်ဖြစ်၊ ပြောင်းလဲဖို့ပဲဖြစ်ဖြစ် ဘယ်လိုစဉ်းစားထားပါသလဲ။ အရပ်သားပြည်သူများလုံခြုံရေးနဲ့ စစ်ရေးတင်းမာမှု၊ တိုက်ပွဲများကြောင့်နောက်ဆက်တွဲဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်ပါသလဲ။
ဖြေ။ ။ တကယ်တမ်းကကျနော်တို့နိုင်ငံက ပြည်တွင်းစစ်ရဲ့အရင်းအမြစ်ဟာလူမျိုးကြီးဝါဒကို အခြေခံတဲ့ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု ၊ မတရားအုပ်ချုပ်မှု ၊ လူမျိုးစုရဲ့ လူမျိုးဖြစ်တည်မှုဆိုင်ရာယဉ်ကျေးမှု၊ စာပေနဲ့ ဝိသေသလက္ခဏာတွေကို ဖျက်ဆီးခြိမ်းခြောက်မှုများကြောင့် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာအခြေခံဖြစ်တယ်။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှ ၊ ကျနော်တို့လူမျိုးစုတွေရဲ့ဖြစ်တည်မှုတွေကိုအသိအမှတ်ပြုမှု၊ အာမခံမှုတွေ စနစ်တကျရှိမှ ကျနော်တို့ကငြိမ်းချမ်းသာယာတဲ့နိုင်ငံတစ်ခုကိုမျှော်မှန်းနိုင်မှာဖြစ်တယ်။
ဒီပြဿနာတွေကိုဖြေရှင်းရမယ်ဆိုတဲ့ အခါမှာလည်း နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့မလုပ်ပဲ၊ အဓမ္မနည်းလမ်းနဲ့၊ အကြမ်းဖက်တဲ့နည်းနဲ့ ဖိနှိပ်တုံ့ပြန်လာတဲ့အခါ ဒီလိုစစ်ပွဲတွေဖြစ်လာတာပဲဖြစ်တယ်။ ဆိုတော့ ရေရှည်အတွက်စဉ်းစားတဲ့အခါ လက်ရှိအခြေအနေကို ကျနော်တို့ အချိန်အကြာကြီးမဆွဲထားသင့်ပါဘူး။ နှစ်ပေါင်း(၇၀) ကျော်ကြာပြည်တွင်းစစ်ပဋိပက္ခကြောင့် ကျနော်တို့ပြည်သူလူထုနဲ့ တိုင်းပြည်ဟာ အတော်ကို ချွတ်ခြုံကျပြီးဖြစ်နေပါပြီ။ ဒီအချိန်မှာ ကျနော်တို့ဟာ စစ်သက်ရှည်စေတဲ့နိုင်ငံရေးမသမာမှုတွေ၊ မရိုးသားမှုတွေ၊ ကတုံးပေါ်ထိပ်ကွက်လုပ်ချင်နေတဲ့ အကျင့်စရိုက်တွေကို တကယ်စွန့်ပြီ းနိုင်ငံရေးအဖြေကို အရေးတကြီးရှာနိုင်ဖို့ လိုပါတယ်။ ဒီပြည်တွင်းစစ်ပဋိပက္ခကိုကျနော်တို့မရပ်တန့်နိုင်ဘူးဆိုရင် ကျနော်တို့ပြည်သူလူထုတွေအတွက် နောက်ဆက်တွဲစိန်ခေါ်မှုဆိုတာ ကျနော်အထွေအထူးပြောဖို့မလိုတဲ့ ကိစ္စတွေဖြစ်တယ်။
မေး။ ။ ဖက်ဒရယ်တပ်မတော်နှင့်ပက်သက်လို့ မြန်မာနောင်းမှာဗိုလ်ချုပ်ပြောခဲ့တာတွေ့ရပါတယ်။အဲ့ဒီအချိန်တုန်းကပီဒီအက်ဖ်ဆိုတာကိုမဖွဲ့ရသေးတဲ့အချိန်ဖြစ်ပါတယ်။ခုကပီဒီအက်ဖ်ဖွဲ့ထားပြီးပြီဆိုတော့ ဗိုလ်ချုပ်အနေနဲ့ အဲ့ဒီအပေါ်မှာဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ။ ။ PDF နဲ့ပက်သက်ပြီးကျနော် ဘာမှအထွေအထူးပြောစရာမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ PDF ဖွဲ့စည်းတာနဲ့ပက်သက်ပြီးတော့လည်း ကျနော်နဲ့ပြောဆိုဆွေးနွေးတာ ဘာမှမရှိခဲ့သလို ကျနော်တို့စစ်ဌာနချုပ်မှာလည်း ဘာမှတရားဝင်ပြောဆိုဆွေးနွေးထားတာမရှိပါဘူး။ ကျနော်ရဲ့တော်လှန်ရေးစစ်မှုထမ်းအတွေ့အကြုံအရနဲ့ ရင်ဆိုင်ဖြတ်သန်းနေရဆဲ အတွေ့အကြုံစိန်ခေါ်မှုတွေ ရှုထောင့်ကနေ PDF အောင်မြင်ဖို့ပဲကျနော်ဆန္ဒပြုပါတယ်။
မေး။ ။ NUGအစိုးရအဖွဲ့ပေါ်မှာဘယ်လိုအမြင်ရှိပါလဲ။စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် အထောက်အကူဖြစ်နိုင်မယ်ထင်ပါသလား။ကရင့်တော်လှန်ရေးနဲ့ NUGအစိုးရ ဘယ်လိုဆက်စပ်မှုတွေ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူမှာ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးခရိုင် (၇)ခုနဲ့တပ်မဟာ(၇)ခုရှိပါတယ်။ ကရင့်တော်လှန်ရေးဟာ ကရင်တမျိုးသားလုံးကိုကိုယ်စားပြုနေတဲ့အချိန်မှာ လက်တွေ့အုပ်ချုပ်ရေးလုပ်ငန်းတွေမှာကေအဲန်ယူဟာ ခရိုင်(၇)ခုကို တာဝန်ယူနေတာဖြစ်တယ်။ ခရိုင်တစ်ခုစီရဲ့ ခရိုင်ဥက္ကဌများနဲ့ဒုဥက္ကဌဖြစ်တဲ့ တပ်မဟာမှူးများရဲ့ ဦးဆောင်မှုနဲ့ ဒီအုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်အောင် တာဝန်ယူဆောင်ရွက်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း ကျနော်နားလည်ပါတယ်။ ဒီတော့ NUGဘာတွေဘယ်လိုလုပ်နေလဲ ကျနော်မသိပါဘူး။ ဒါပေမယ့် ဒုက္ခအတိရောက်နေတဲ့ မြန်မာနိုင်ငံတဝှမ်းက ပြည်သူလူထုတွေအတွက် တစ်နည်းတဖုံအကျိုးပြုနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ အစိုးရအမည်ခံထားတဲ့အတွက် ရင်ဆိုင်ကျော်လွှားရမယ့်စိန်ခေါ်မှုများကိုလည်း အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ကျနော်ဆန္ဒပြုပါတယ်။ ကျနော်နားလည်သလောက်ဆိုရင် KNU နဲ့ NUG ကြားမှာ ဘာဆက်စပ်မှုမှ မရှိပါဘူး။ ကျနော်တို့အားလုံးဟာ စစ်အဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့သူတွေဖြစ်တယ်၊ ဒီမိုကရေစီကိုလိုလားပြီး လူမျိုးစုများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးအာမခံရှိတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ လက်ခံထားကြသူတွေဖြစ်တယ်။ ဒီတော့ အစုအဖွဲ့ကြားဆက်စပ်မှုမရှိရင်တောင်မှ ဘုံရည်မှန်းချက်နဲ့ ဘုံအကျိုးစီးပွားအရဆက်စပ်နေကြတာပဲဖြစ်မယ်ထင်ပါတယ်။