By Myo Thiha/ MPA
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေပြင်းများတိုက်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် ငလျင်ဒဏ်ခံထားရသည့် ပြည်သူများသည် နေအိမ်များ ပြိုကျပျက်စီးမည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မေ ၁၀ရက်)၊ မွန်းလွဲ နှစ်နာရီ ၄၅မိနစ်အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ မိုးသီးများလည်း ကြွေခဲ့ကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“ မိုးရွာပြီး ၁၅မိနစ်လောက်ကြာတော့ လေပြင်းတွေတိုက်လာတယ်။ မိုးသီးတွေလည်းပါတယ်။ သုံးနာရီခွဲလောက်မှ တိတ်သွားတာ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မဟာအောင်မြေမြို့နယ်၊ ၃၆-၃၇ ကြား၊ ၇၄လမ်း၊ စင်္ကြာနွယ်စဉ်ရပ်ကွက်ရှိ တိုက်တစ်လုံး၏ အမိုးများလေပြင်းနှင့်အတူလွင့်စင်ခဲ့ပြီး ၃၇-၃၈လမ်းကြား၊ ၇၄လမ်းပေါ်ရှိ သံဂဟေလုပ်ငန်းခွင် တစ်ခုသို့ ကျရောက်ခဲ့ပြီး အဆိုပါလုပ်ငန်းခွင်အတွင်းရှိ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ သွပ်ပြားတွေလွင့်ပြီးတော့ ၀ရိန်လုပ်ငန်းလုပ်နေတဲ့သူနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ တစ်ယောက်တော့ စိုးရိမ်ရတယ်” ဟု စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုများပြားပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ငလျင်ဘေးဒဏ်ခံထားရသည့်အိမ်များနှင့် မဖြိုဖျက်ရသေးသည့်အိမ်များသို့ ရေများဝင်ရောက်ကာ ထပ်မံပြိုကျမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။
“ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးရွာလို့ တိုက်တစ်လုံးပြိုသွားသေးတယ်။ ဖြိုရမဲ့တိုက်တွေကလဲ အများကြီးရှိသေးတယ်လေ။ ကျမတို့တွေက ငလျင်သေးသေးလှုပ်လဲလန့်နေရတယ်။ အခုမိုးရွာတော့လဲ ထိတ်လန့်နေရတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ မန္တလေး၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိမှုအပြင် သစ်ပင်အချို့ လဲကျမှုများလည်းဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ငါးရက် ည ၈နာရီ ၁၅မိနစ်ကလည်း မန္တလေးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ငလျင်ရှောင် Camp များ ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
မတ် ၂၈ရက်က လုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပြည်သူလေးထောင်ခန့်သေဆုံးခဲ့ရကာ၊ နေအိမ်များစွာပျက်စီးခဲ့သည့်အပြင် နောက်ဆက်တွဲငလျင်များလှုပ်ခတ်နေခြင်းကြောင့် မန္တလေးမြို့ခံ အများစုသည် စိတ်ဒဏ်ရာများရရှိနေသည်။