By MPA
မေကိုးရက်မှ ၁၆ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
“ မေ ကိုးရက်နေ့ကနေ မေ ၁၆ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိနေဆဲဖြစ်တယ်။ မေ၁၈ရက်ကနေ ၁၉ရက်နေ့အတွင်း အားကောင်းတဲ့ လေဖိအားနည်းရပ်၀နး ဖြစ်လာနိုင်တယ် ” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထို့ပြင် ECMWF ၏ခန့်မှန်းချက်တွင်လည်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ထိစပ်နေသော ဧရာ၀တီအနောက်ဘက်ကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ်ကမ်းရိုးတန်းအနီးတွင် မေ ၁၆ရက်နေ့အထိ ဆိုင်ကလုန်းမုန်ုတိုင်းဖြစ်နိုင်ချေ ၃၀ရာခိုင်နှုန်းအထိရှိနေကြောင်း ဖော်ပြထားသည်ဟု ဦးဝင်းနိုင်က ရေးသားထားသည်။
ထိုကဲ့သို့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပါက မေ ကိုးရက်မှ ၁၀ရက်နေ့တွင် တနင်္သာရီတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းနိုင်ပြီး အနည်းဆုံး မိုးရေချိန် ၁ဒဿမ၂ လက်မထိရှိနိုင်သည်။
ဆက်လက်ပြီး မေ ၁၁ရက်မှ ၁၂ရက်နေ့အတွင်း တောင်ဘက်နှင့် အနောက်ဘက်မှ ဝင်လာသည့် မိုးတိမ်များ ဆက်လက်ရွေ့လျားနိုင်သည့် လမ်းကြောင်းတလျှောက်ရှိ မိုးနည်းရေရှားဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့နှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ကာ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
ယင်းအပြင် မေ ၁၇ရက်နှင့် ၁၉ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေ မိုးများနိုင်သည့်အပြင် မေ ၁၈ရက်မှ ၁၉ရက်နေ့အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအလွန်များနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသဌာနများက ခန့်မှန်းထားသည်ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ယခုလအတွင်း အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်မည့် ကာလဖြစ်သည့်အပြင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ်သို့ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။