By Sayar Ngaat/MPA
မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် ဟိမဝန္တာဝက်ဝံများသည် အကောင်ရေကျဆင်းလာသဖြင့် ထိန်းသိမ်းရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။
ဟိမဝန္တာဝက်ဝံများသည် အသားနှင့် တိုင်းရင်းဆေးအတွက် သတ်ဖြတ်ခံရခြင်းများအပြင် တရားမဝင်ကုန်သွယ်ခြင်းနည်းလမ်းများဖြင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချမှုများခံနေရသောကြောင့် အကောင်အရေအတွက် ကျဆင်းလာခြင်းဖြစ်ကြောင်း Native Species Conversation & Identification မှ ကိုဝင်းပိုင်ဦးက ပြောသည်။
” အကောင်းအရေကျဆင်းလာတဲ့ အဓိကအကြောင်းအရင်းကတော့ လူတွေကြောင့်ပါပဲ၊ အလှမွေးဖို့နဲ့ရော၊ ရောင်းစားဖို့ရော၊ တခြားနိုင်ငံကို တင်ပို့ဖို့ ရော၊ အသားအတွက်လည်း ရောင်းကြတာရှိတယ်။၊ တချို့ကကျတော့လည်း ဟိမဝန္တာဝက်ဝံတွေရဲ့လက်ဖဝါးတွေ၊ ခြေဖဝါးတွေကို ဖြတ်ပြီးတော့ တိုင်းရင်းဆေးအဖြစ် ဖြတ်ရောင်းကြတာမျိုးတွေလည်း ရှိတယ်၊ ဝက်ဝံတွေရဲ့ လိင်အင်္ဂါတွေကို ဖြတ်ပြီးတော့ ပရဆေးအသုံးအနေနဲ့ သုံးကြတာမျိုးတွေရှိတယ် ” ဟု ၎င်းကပြောသည်။
ကမ္ဘာပေါ်တွင် North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear စသည့် ဝက်ဝံမျိုးစိတ် (၈) မျိုးရှိပြီး အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ပျံ့နှံ့ ရှင်သန်ကျက်စားကြကြောင်းသိရသည်။
ယင်းမျိုးစိတ် (၈) မျိုးအနက် မြန်မာနိုင်ငံတွင် ရင်ဘတ်တွင် အင်္ဂလိပ်အက္ခရာဗွီ(V) ပုံသဏ္ဌာန်ပါသည့်ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ရင်ဘတ်တွင် အဝိုင်းပုံပါသည့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြကြောင်း သိရသည်။
” မျိုးသုဥ်းရန်အန္တရာယ်နဲ့နီးကပ်နေပြီး စိုးရိမ်ရတဲ့အခြေအနေရှိတဲ့အထဲမှာတော့ပါတယ်၊ ကျားတွေ၊ကျားသစ်တွေလိုမျိုး အရမ်းကြီး ရှားပါးနေတာမျိုး၊ အရေးပေါ် ထိန်းသိမ်းဖို့လိုနေတဲ့ အခြေအနေမျိုးတော့မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း ဟိမဝန္တာဝက်ဝံတွေကို ထိန်းသိမ်းနေကြတာဆိုတော့ မြန်မာနိုင်ငံအနေနဲ့က ကိုယ့်မှာရှိတဲ့ အကောင်လေးတွေကိုပဲ နိုင်သလောက်လေး ထိန်းသိမ်းပေးရင်ကိုအဆင်ပြေတယ် ” ဟု ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံများကို တောထူထပ်သည့်နေရာများ၊ ဝါးရုံတောများနှင့် အမြဲစိမ်းတောများတွင် တွေ့ရပြီး ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိက တွေ့ရကြောင်းလည်း သိရသည်။
ရှားပါးစားရင်းဝင် မျိုးစိတ်များကို ဥပဒေအရကာကွယ်ထားသည်ဟုဆိုသော်လည်း ထိထိရောက်ရောက် အရေးယူမှုများအားနည်းနေပြီး သတ်ဖြတ် ရောင်းဝယ်ခြင်းများကို တားဆီးနိုင်ရန် လိုအပ်ကြောင်း တောရိုင်းတိရစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
” မြန်မာနိုင်ငံမှာ ဟိမဝန္တာဝက်ဝံက အကောင်အရေအတွက် ဘယ်လောက်ရှိလဲဆိုတာတွေလည်း အတိအကျ စာရင်းမကောက်ယူ နိုင်သေးဘူး။ ဒီဝက်ဝံမျိုးစိတ်တွေက ကမ္ဘာပေါ်မှာ ရှားပါး နေပြီဖြစ်တဲ့အတွက် မျိုးသုဉ်းမှုလည်း အတော်နီးကပ်နေပြီ၊ နောက်ပြီး ဥပဒေအရ ထိန်းသိမ်းထားတယ်ဆိုတာကလည်း စာရွက်ပေါ်မှာပဲ ရှိနေတယ်။ တော်တော်အားနည်းနေတယ်။ ဒီနောက်ပိုင်းမှာဆို တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ်တာတွေ၊ ရောင်းဝယ်တာ တွေကိုက ပေါ်ပေါ်ထင်ထင်ကို ပြုလုပ်လာနေတာကို တွေ့ရတယ် ” ဟု ၎င်းက ပြောသည်။
လူများ၏ သတ်ဖြတ်ခြင်းများအပြင် သစ်တောများ ပြုန်းတီးခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်မှုများပြားလာခြင်းများကြောင့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၏ ကျက်စားရာ နေရာများ နည်းပါးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ဆိုသည်။
” သစ်တောတွေကနေ အဆမတန် သစ်ထုတ်လုပ်မှုတွေကြောင့် သစ်တောတွေက တဖြည်းဖြည်း ပြုန်းတီးကုန်တယ်၊ ပြုန်းတီးတဲ့နေရာတွေမှာ တောင်ယာတွေလုပ်ကြပြီး စိုက်ပျိုးမြေတွေ ချဲ့ထွင်ကြပြန်တယ်။ အဲဒီတော့ တောရိုင်းတိရစ္ဆာန်မျိုးစိတ် တွေအတွက် ကျက်စားရာ နေရာတွေ ပျောက်ကုန်တယ်။ တိရစ္ဆာန် တွေရဲ့ ကျက်စားရာနေရာတွေကို သွားချဲ့ထွင်ပြီး စိုက်ခင်းတွေထဲ ဝင်လာလို့ သတ်တယ်ဆိုတာဟာ အကြောင်းပြချက်ကောင်းတစ်ခု ဟုတ်မနေဘူးလို့ ကျတော်ကတော့ မြင်ပါတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ဟိမဝန္တာဝက်ဝံများကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် အနီရောင်စာရင်းတွင်လည်း ထည့်သွင်း သတ်မှတ်ထားသည်။
၂၀၂၀ခုနှစ်တွင် ထုတ်ပြန်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ဟိမဝန္တာဝက်ဝံများကို ထည့်သွင်းထားခြင်းမရှိဘဲ သာမန်ကာကွယ်ထားသည့်မျိုးစိတ်စာရင်းတွင်သာ ထည့်သွင်းထားကြောင်း သိရသည်။