By Crystal / MPA
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်မှု သုံးရက်ခန့်စောနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MPA သို့ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးရာသီကာလ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင်လည်း မုတ်သုံလေသည် မေ ၁၆ ရက်မှ ၂၀ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသ၊ မေ ၂၁ရက်မှ ၂၅ရက်နေ့အတွင်း မြစ်၀ကျွန်းပေါ်ဒေသ၊ မေ ၂၆ရက်မှ ၃၁ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် ဇွန် တစ်ရက်နေ့မှ ငါးရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။
“ မြန်မာနိုင်ငံကို တောင်ပိုင်း၊ မြစ်၀ကျွန်းပေါ်၊ အလယ်ပိုင်း၊ မြောက်ပိုင်း စသဖြင့် အပိုင်းတွေ ခွဲခြားသတ်မှတ်ထားတာရှိလို့ မုတ်သုံအားကောင်းရင် တစ်နိုင်ငံလုံး မုတ်သုံဝင်တာ စောသွားနိုင်တယ်။ အားပျော့နေရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နောက်ကျနိုင်တာပေါ့၊ ကျတော်ကတော့ အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မုတ်သုံအဝင်၊ အထွက်ကို တင်ပြပေးသွားမှာပါ ” ဟု ဦးဝင်းနိုင်က ပြောသည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတောင်ပိုင်း-တနင်္သာရီဒေသသို့ အနောက်တောင်မုတ်သုံလေသည် မေ ၁၉ရက်မှ ဝင်ရောက်မည်ဖြစ်သော်လည်း ယခုနှစ်(၂၀၂၅ခုနှစ်)တွင် သုံးရက်ခန့် စောပြီး ဝင်ရောက်နိုင်ခြေရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မုတ်သုံဝင်ရောက်မှုနှင့် ဆုတ်ခွာမှုကို ပုံသေ သတ်မှတ်ပြီး ပြော၍ မရကြောင်း ဦးဝင်းနိုင်က ဆက်လက်ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း လေပွေလှိုင်းများ၊ လေအေးနှင့် လေနွေးတွေ့ဆုံခြင်းများကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ လေပြင်းတိုက်ခြင်းများဖြစ်ပေးနေသည့်အပြင် မြန်မာ-ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်မြို့ကြားရှိ မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
“ မိုးဦးကာလ မရောက်သေးလို့ အချိန်အခါမဟုတ် မိုးလို့ သုံးနှုန်းတာဖြစ်တဲ့အတွက် မိုးကြီး၊ ရေကြီးဖြစ်နိုင် မဖြစ်နိုင်ကတော့ ကြိုတင်ပြောလို့မရသေးပါဘူး။ အခုရွာနေတဲ့မိုးက မေ လေးရက်နောက်ပိုင်းဆိုရင် ရပ်တန့်သွားအုန်းမှာပါ” ဟု ဦးဝင်းနိုင်က ပြောသည်။
ယခုတစ်ပတ်အတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)၏ ထုတ်ပြန်ချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့်ကရင်နီပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုထားသည်။
“ မိုးက အခုတောင်ရွာနေတယ်။ မနှစ်ကထက်စာရင် မိုးရွာတာ နည်းနည်းစောတယ်။ ဒါပေမဲ့ မိုးကအရမ်းတော့ မများဘူး။ ရွာတယ်ဆိုရုံလောက်ပါပဲ၊ ငလျင်ဒဏ်သင့်ဒေသက သူတွေအတွက်တော့ စိတ်ပူမိတာပေါ့၊ အခုက အလှူရှင် များတယ်ဆိုပေမဲ့ တချို့အလှူရှင်တွေ မသိတဲ့နေရာတွေမှာ နေစရာ မရသေးတဲ့သူတွေအတွက်ဆို စိတ်ညစ်နေမှာဘဲလေ၊ ဒီရက်ပိုင်းမှာလည်း ငလျင်လှုပ်နေသေးတော့ စိတ်ပူရသေးတယ်” ဟု ရန်ကုန်မြို့နေ အသက် သုံးဆယ်အရွယ် အမျိုသမီးတစ်ဦးက ပြောသည်။
လက်ရှိ လေပွေလှိုင်းများ၊ လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မိုးရွာသွန်းမှုအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးတိမ်တောင်များဖြစ်ပေါ်တတ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက သတိပေးထားသည်။
“ ကျတော်တို့ဘက်မှာတော့ မိုးမရွာဘူး။ လေပြင်းတွေတော့တိုက်တယ်။ မိုးပါမလာဘူး။ မိုးတွင်းကာလ ကြိုတင်ပြင်ဆင်တာမျိုးတော့ မရှိပါဘူး။ ဒီအတိုင်းပါပဲ၊ မိုးတွင်းအခက်အခဲကတော့ သွားရေးလာရေး၊ ဆက်သွယ်ရေး အဲ့ဒါတွေ တော့ အခက်အခဲရှိတာပေါ့၊ ကျန်တဲ့ အခက်အခဲတွေကတော့ အများကြီး မရှိပါဘူး ” ဟု အညာဒေသသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ်သည် ထူးခြားမိုးလေဝသဖြစ်စဉ် လာနီညာနှစ်ဖြစ်ပြီး ယမန်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဧပြီလသည် ပုံမှန်မိုးရေချိန်ထက် ပိုမိုရွာသွန်းထားကြောင်းလည်း သိရသည်။
လာမည့် မေလသည် အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်မည့် ကာလဖြစ်သည့်အပြင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ်သို့ပြောင်းလဲနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း
Photo-ပေးပို့ (ပုံစာ- ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၌ မိုးရွာသွန်းမှုအားမြင်တွေ့ရစဉ်)