By Sayar Ngaat / MPA
အနောက်ဘက်မှ ရွေ့လျားသည် လေပွေလှိုင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသည့် လေအေးများ တွေ့ဆုံမှုကြောင့် ဧပြီ ၂၈ရက်မှ မေ ၃ရက်အထိ ခြောက်ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ မိုးရွာသွန်းနိုင်သည့် အခြေအနေကြောင့် မန္တလေးမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများသည် စိုးရိမ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ဒေသများ၌ အမိုးအကာ လိုအပ်ချက်များလည်း ရှိနေပြီး မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံထားရသည့် နေအိမ်များ ထပ်မံပြိုကျလာမည်ကို စိုးရိမ်နေကြကြောင်း ငလျင်ဘေးသင့်ပြည်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။
” မန္တလေးမှာဘဲ မိုးရွာတာမိုးရေအရမ်းပါလို့ တိုက်တစ်ခုပြိုကျသွားတဲ့ ရုပ်သံတစ်ခု လိုင်းပေါ်မှာ တက်လာသေးတယ်။ အဲဒီလိုမျိုးကြောင့် ယိုင်နေတဲ့အိမ်တွေထပ်ပြိုလာမှာကို စိုးရိမ်နေကြတယ်။ ပျက်စီးသွားတဲ့အိမ်တွေကတော့ အမိုးမလုံ၊ မျက်နှာကြပ်တွေကွာကျထားလို့ မိုးရေတွေယိုတဲ့ဒဏ်ကိုခံနေရတယ်။ မိုးယိုတဲ့နေရာတွေ ခွက်တွေလိုက်ခံရ ရှိတဲ့အကာလေးတွေနဲ့လိုက်အုပ်ရနဲ့ ဒီကြားထဲငလျင်ထပ်လှူပ်ရင် မိုးရွာထဲ ထီးဆောင်းပြေးရသေးတယ် ” ဟု ၎င်းက ပြောသည်။
၂၀၂၅ခုနှစ်၊ မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့တွင် အိမ်ပြိုသွားသည့်သူများနှင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြုပြင်နေသူများသည် ပစ္စည်းများကို အိမ်ရှေ့၌သာ ထုတ်ထားကြပြီး ပစ္စည်းများ ကာရန်အတွက်နှင့် လူများ နေထိုင်ရန်အတွက် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း ငလျင်ဘေးသင့်ပြည်သူများကို ကူညီနေသူက ဆက်လက်ရှင်းပြသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ဧပြီ ၂၈ရက်မှ မေ သုံးရက်အတွင်း မန္တလေးတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသစောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်ကလည်း ဧပြီလ ၂၈ရက်၊ ၂၉ရက်၊ ၃၀ရက်များအတွင်း ပဲခူးရိုးမတစ်လျှောက်ဝင်ရောက်လာနိုင်သည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ မိုးရွာနိုင်ပြီး မန္တလေးတိုင်းတောင်ပိုင်းတွင် မိုးများနိုင်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
” ၂၀၂၅ ခုနှစ်၊ ဧပြီလအကုန် မေလ လဆန်းပိုင်းမှာတော့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်ထုစုဖွဲ့မှုအားကောင်းနေပြီး တောင်ဘက်၊ အနောက်တောင်နဲ့ အနောက်လေအားကောင်းနေတယ်။ ပဲခူးရိုးမတလျှောက်ဝင်ရောက်လာနိုင်မဲ့ မိုးတိမ်များကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ မိုးရွာနိုင်မဲ့ အခြေအနေများ ဖြစ်ပေါ်စေမှာကို တွေ့ရပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ ဧပြီလ ၂၈၊၂၉ နဲ့ ၃၀ ရက်တွေအတွင်း မန္တလေးတိုင်းတောင်ပိုင်းမှာ မိုးများနိုင်ကြောင်းပြနေပါတယ် ” ဟု ဦးဝင်းနိုင်က ရေးသားထားသည်။
” အခုက ပြိုသွားတဲ့ အိမ်ဘေးမှာဘဲ အမိုးအကာလေးတွေ ကာပြီးတော့ နေနေတယ်။ ပုံမှန် မိုးနည်းနည်းပါးပါး ရွာရင်တော့ သိပ်ကိစ္စမရှိဘူး။ ဒါပေမဲ့ အရင်တစ်ခါလို လေရော မိုးရောကျပြီး မိုးများရင်တော့ အဆင်မပြေပါဘူး။ ရာသီဥတုက အရမ်းပူနေရတဲ့အထဲ၊ မိုးအရမ်းရွာမှာကိုပါ စိုးနေရတယ် ” ဟု ငလျင်ဘေးသင့် မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
လက်ရှိ မန္တလေးမြို့တွင် နေ့အပူချိန်များမြင့်တက်နေပြီး ၄၀ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေခြင်းကြောင့် ငလျင်ဘေးသင့်ပြည်သူများသည် အပူရှပ်သည့် ဒဏ်ကိုပါ ခံစားနေရကြောင်းလည်း သိရသည်။
” လမ်းတွေအများစုက ကွန်ကရစ်လမ်းတွေဆိုတော့ နေ့လည်နေခင်းပူထားတဲ့နေအပူရှိန်က ညဆိုအငွေ့ပျံပြီး လမ်းပေါ်အိပ်ရတာ အောက်ကအခင်းခင်းအိပ်တာတောင် တော်တော်ပူပါတယ်။ အဲ့ဒီဆိုးကျိုးတွေက မျက်လုံးတွေကျောတွေ အပူရှပ်တာတွေထိ ဖြစ်လာကြပါတယ်။ ရေဆိုးမြောင်းတွေပေါလာတော့ ခြင်တွေကလည်းတော်တော်ကိုများပါတယ်။ ခြင်ဆေးခွေထွန်းတာတောင် မနိုင်ဘူး။ ရာသီဥတုကပူ မီးကပျက် ခြင်ကကိုက်နဲ့ ညဆိုကောင်းကောင်းအိပ်မပျော်ကြဘူး။ နေကပူ ရေကဆာကြပြီး ရေသန့်ရေခဲတွေလည်း ဝယ်ရခက်ပါတယ် ” ဟု ငလျင် ဘေးသင့်ပြည်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်တွင် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားသည်။