By Sayar Ngaat / MPA
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အပါအဝင် မြို့ပေါင်း ၂၀ ၌ နေ့အပူချိန်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ် ဧပြီ ၂၅ရက်နှင့် ၂၆ရက်အတွင်း အထက်ပါမြို့များ၌ အပူချိန် ၄၀ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်လာနိုင်ခြင်းလည်းဖြစ်သည်။
“ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့အချို့ဖြစ်ပါတယ်။ မကွေးတိုင်းထဲက မြို့တွေ အပူဆုံးပါ၊ ဧပြီ ၂၈ရက်နဲ့ ၂၉ရက်တွေမှာ အပူချိန်ပြန်ကျနိုင်ပါတယ် ” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
အပူချိန်မြင့်တက်လာနိုင်သည့် မြို့များမှာ စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ အထက် မင်းလှ၊ ရေစကြို၊ ပေါက်၊ တံတားဦး၊ မြစ်ငယ်၊ ကျောက်ဆည်၊ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ စဉ့်ကိုင်၊ ပုလဲ၊ တမူး၊ မုံရွာ၊ ဘုတလင်၊ မြင်းမူ၊ မြောင် စသည့်မြို့များဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့(ဧပြီလ ၂၄ရက်)က မကွေးတိုင်း၊ ချောက်မြို့သည် ကမ္ဘာအပူဆုံးမြို့များစာရင်း၌ အပူချိန် ၄၄.၆ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၈)နေရာတွင် ရောက်ရှိနေခဲ့သည်။
ချောက်မြို့သည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၆၊ ၂၇၊ ၂၈ ရက်များ၌ အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ကျော်ဖြင့် ကမ္ဘာအပူဆုံး ဒုတိယမြို့အဖြစ် စာရင်းဝင်ခဲ့သေးသည်။
ယမန်နေ့ ထူးခြားသည့် နေ့အပူချိန်များသည် ချောက်မြို့တွင် ၄၄ဒသမ၆ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့တွင် ၄၃ဒသမ၅ ဒီဂရီစင်တီဂရိတ်၊ မင်းကင်းမြို့တွင် ၄၃ဒသမ၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့နှင့် ဆင်ဖြူကျွန်းမြို့တွင် ၄၃ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နှင့် ကလေး၀မြို့တွင် ၄၂ဒသမ၈ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် ၄၂ဒသမ၆ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့တွင် ၄၂ဒသမ၃ဒီဂရီစင်တီဂိတ်နှင့် မြင်းခြံမြို့နှင့် တောင်တွင်းကြီးမြို့တွင် ၄၂ဒီဂရီစင်တီဂရိတ်တို့ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန် ၄ဒီဂရီစင်တီဂရိတ်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၂ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
” ငလျင် ကြောင့် အိမ်က ပြိုတဲ့အထဲကို ပါသွားတယ်။ လောလာဆယ်က အကာလေးတွေပဲ ကာပြီး နေနေရတယ်၊ ငလျင်ကြောင့် ဒုက္ခရောက် နေရတဲ့အထဲ နေက အရမ်းပူတော့ ဘယ်လို နေရမှန်းကို မသိတော့ဘူး။ ညဘက်တွေဆို အိပ်လို့တောင်မရဘူး။ ဒီနေ့ဆိုရင် အပူချိန်က ၄၀ဒီဂရီစင်တီဂရိတ်ကို ကျော်တယ်” ဟု မန္တလေးမြို့မှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ပြောသည်။
” ကျမတို့ ချောက်မြို့ကတော့ အပူချိန်က နှစ်တိုင်း စံချိန်တင်တာပါပဲ၊ မနှစ်ကလည်း ဒီလိုအချိန်ပဲ၊ ဒီနှစ်လည်း တော်တော်ပူတယ်၊ အပူချိန်နဲ့ ပတ်သက်ပြီး သတိပေးတာတွေတော့ သိပ်မတွေ့ရဘူး။ မြို့ထဲမှာတော့ ဘယ်မှသိပ်မထွက်ကြဘဲ အသွားအလာဆင်ခြင်ကြတာမျိုးတွေတော့ လုပ်နေကြပါတယ် ” ဟု ချောက်မြို့ခံပြည်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ အပူချိန်မြင့်တက်နေသည့်အတွက် အပူဒဏ်ကြောင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းများ ကြုံတွေ့နိုင်ရသဖြင့် ရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ သတိထားသင့်ကြောင့် ဆရာဝန်တစ်ဦးက ပြောသည်။
” ရောဂါအခံရှိသူတွေ အနေနဲ့ နေ့ခင်းဘက်မှာ အရိပ်ရတဲ့ အပင်တွေ အောက်တို့၊ လေဝင်လေထွက်ကောင်းတဲ့ အမိုးအကာအောက်မှာဘဲ နေသင့်ပါတယ်။ အပူချိန်အရမ်းမြင့်နေတဲ့အချိန် မဖြစ်မနေ အပြင်သွားရမယ်ဆိုလည်း အင်္ကျီလက်ရှည်တို့၊ ထီး၊ ဦးထုပ်တို့ ဆောင်းသွားသင့်တယ်။ ရေများများ သောက်ဖို့လိုအပ်တယ်။ အဓိကကတော့ ရေဓာတ်ခမ်း ခြောက်တာတွေ ဖြစ်နိုင်တဲ့အတွက် ရေနဲ့ ဓာတ်ဆားကို လုံလုံလောက်လောက် ဆောင်ထားဖို့ အရေးကြီးပါတယ် ” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှလည်း ဧပြီလ ၂၅ရက်နှင့် ၂၆ရက်များတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အပူချိန် ၄၂ဒီဂရီမှ ၄၄ဒီဂရီစတင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း ဧပြီလ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။