By Sayar Ngaat / MPA
မြန်မာနိုင်ငံတွင် ကျူးကျော်ငါးမျိုးစိတ်များကို ဘေးမဲ့လွှတ်ခြင်းသည် ဒေသရင်းငါးမျိုးစိတ်များ ပျောက်ဆုံးလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြထားကြသည်။
ကျူးကျော်ငါးမျိုးစိတ်များသည် မျိုးဆက်ပွားနှုန်း အလွန်မြန်ခြင်းနှင့် ဒေသငါးမျိုးရင်းများကို အမဲလိုက်စားသုံးနှုန်းမှု များပြားခြင်းကြောင့် ဒေသရင်းငါးမျိုးစိတ်များ ပျောက်ဆုံးသွားနိုင်ကြောင်း Piscey Aquatics Page နှင့် NSCI Group Admin အဖွဲ့ဝင်တစ်ဦးက ပြောသည်။
” ဘေးမဲ့လွှတ်တဲ့ ကျူးကျော်ငါးမျိုးစိတ်ရဲ့ အမဲလိုက်စားသုံးနှုန်းနဲ့ မျိုးဆက်ပြန့်ပွားနှုန်းအရ ဒေသတွင်း ငါးအသေးမျိုးစိတ်တွေ ပျောက်ဆုံးမယ်၊ နဂိုရှိတဲ့ ငါးအကြီးတွေလဲ စားကျက်ဆုံးရှုံးရမယ် မျိုးပွားနှုန်းအရ ကျူးကျော်မျိုးစိတ်တွေက သာလွန်တဲ့အတွက် ရေရှည်မှာအရေအတွက် နည်းလာမယ် ” ဟု ၎င်းက ပြောသည်။
ကျူးကျော်မျိုးစိတ်ဆိုသည်မှာ မူရင်းဒေသ၌ ရှင်သန်သည့် မျိုးစိတ်များ မဟုတ်ဘဲ တခြားအရပ်ဒေသများမှ နည်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီးသဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် စီးပွားရေးတို့အပေါ် ထိခိုက်စေသည့် မျိုးစိတ်များကို ခေါ်ဆိုခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင်ရှိသည့် ကျူးကျော်ငါးမျိုးစိတ်များမှာ စုပ်ခွက်ငါး၊ ငါးခူခေါင်းပွ၊ လိပ်ပါးနီ၊ ပါကူး၊ တီလားပီးယား တို့ဖြစ်ပြီး နောက်ထပ် အန္တရာယ်ရှိသည့် ကျူးကျော်ငါးမျိုးစိတ်များမှာ ငါးရံ့ဘီလူး ခေါ် တိုမန်ငါးရံ့၊ Peacock Bass၊ Red Tail Catfish တို့ဖြစ်ကြောင်း သိရသည်။
ယင်းကျူးကျော်ငါးမျိုးစိတ်များအနက် တီလားပီးယားငါးမျိုးစိတ်များသည် မျိုးပွားနှုန်းမြန်ဆန်မှုနှင့် အမဲလိုက်စားသောက်နှုန်း ကြီးမားခြင်းတို့ကြောင့်သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခဖြစ်စေကြောင်း Piscey Aquatics Page နှင့် NSCI Group Admin အဖွဲ့ဝင်တစ်ဦးက ပြောသည်။
” တီလားပီးယားက ပါးစပ်နဲ့ဆန့်သမျှ အပင်၊ ငါး၊ အရွက်၊ အသီးအစ အစုံစားတယ်၊ ပြီးတော့ မျိုးပွားနှုန်းအရမ်းမြန်တယ်။ ဘယ်လောက်ထိမြန်လဲဆိုရင် သားပေါက်ပြီး လေးလလောက်အရွယ်မှာတင် ပြန်ပြီးတော့မျိုးပွားနိုင်နေပြီ၊ ဟိုနား ကျွင်းတွေ တူး၊ ဒီနား ကျွင်းတွေ တူးနဲ့ သားတွေ ထပ်ပေါက်တယ်၊ သူတို့ရဲ့ အသက်ရှင်နိုင်တဲ့နှုန်းက အရမ်းမြင့်တယ်၊ နောက်ပိုင်း မြစ်တွေချောင်းတွေထဲမှ ငါးဆယ်ကောင်ဖမ်းလို့ရှိရင် ခြောက်ကောင်လောက်က တီလားပီးယားတွေ ဖြစ်ပြီးတော့ ကျန်တဲ့ လေးကောင်လောက်က စုပ်ခွက်ငါးတွေဖြစ်နေတယ် ” ဟု ၎င်းက ပြောသည်။
ထို့ပြင် အခါကြီး ရက်ကြီးများ၌ မြစ်ချောင်း အင်းအိုင်များအတွင်းသို့ ဘေးမဲ့ငါးများလွှတ်ရာ၌ ကျူးကျော်ငါးမျိုးစိတ်များ မဖြစ်ရန်လိုအပ်ပြီး ကျူးကျော် မျိုးစိတ်များဖြစ်ပါက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ဆိုးကျိုးများစွာ သက်ရောက် စေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်းများ ပြုစုနေသူတစ်ဦးက ပြောသည်။
” ဘေးမဲ့ငါးလွှတ်တယ်ဆိုတဲ့ ဓလေ့ကြောင့် မြန်မာနိုင်ငံမှာ ငါးတွေ လွှတ်ကြတယ်။ လွှတ်တဲ့နေရာမှာ စည်းကမ်းမဲ့ လွှတ်ချင်သလိုတွေ လွှတ်တာက ဂေဟစနစ်အပေါ်ကို ဆိုးကျိုးများစွာ သက်ရောက်စေပါတယ်။ ကျူးကျော်ငါးမျိုးစိတ်တွေကို မဆင်မခြင်လွှတ်လို့ ဒေသရင်းငါးလေးတွေက စားသုံးခံရတယ်။ စားကျက်တွေ ပျောက်ကြရတယ်။ကုသိုလ်ရဖို့ ငါးလွှတ်တာကနေ ဒေသရင်းငါးမျိုးစိတ်လေးတွေ ဒုက္ခမရောက်စေဖို့အတွက် အများကြီး သတိထားဖို့ လိုပါတယ် “ ဟု၎င်းက ပြောသည်။
ထို့ပြင် အလှမွေးငါးဝါသနာရှင်များသည် ပြည်ပမှ မျိုးစိတ်များကို ဝယ်ယူ၍ မွေးမြူကြရာတွင် မွေးမြူသည့် မျိုးစိတ်များသည် သားရဲငါးမျိုးစိတ်များဖြစ်နေသည့်အခါ နေရာအခက်အခဲကြောင့် သဘာဝအတွင်းသို့ လွှတ်သည့်အတွက် ကျူးကျော်ငါးမျိုးစိတ်ပြဿနာများ ဖြစ်ပေါ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရှင်ဥပဂုတ္တကန်အတွင်းရှိ ငါးများအား မင်္ဂလာကန်တော်အတွင်းသို့ ရွှေပြောင်းလွှတ်ရာ၌ ကျူးကျော်ငါးမျိုးစိတ်များ ပါရှိနေသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာသူများကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။
” ကယ်ဆယ်ပြီး လွှတ်ပေးလိုက်တဲ့ငါးတွေက မွေးမြူရေးတွေမှာ မွေးကြတဲ့ မျိုးစပ်ထားတဲ့ ငါးခူ တွေလေ၊ ကျူးကျော်မျိုးစိတ်တွေပဲ၊ အဲဒီငါးတွေက ငါးတွေကို အကုန်စားတယ်၊ သူတို့ ကိုယ်အလေးချိန်ရဲ့ ထက်ဝက်ကျော်လောက်ထိကို စားနိုင်တယ်၊ အဲဒါကြောင့်မို့ တခြားမျိုးရင်းငါးမျိုးစိတ်တွေအတွက်တော့ အန္တရာယ်ဖြစ်စေတာပေါ့ ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကျူးကျော်ငါးမျိုးစိတ် ၁၈မျိုး ရှိပြီး၊ကျူးကျော် ပေါင်းပင်၊ မြက်ပင်၊ အပင် မျိုးစိတ် ၆၀မျိုး၊ ကျူးကျော် အင်းဆက်နှင့် ပိုးမွှား မျိုးစိတ် ၂၈မျိုး၊ကျူးကျော် ငှက်မျိုးစိတ် – ၃မျိုးတို့ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။