By Crystal/MPA
ဘင်္ဂလားပင်လယ်အော်တိုင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအချို့၌ ငါးရက်ခန့် မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
လာမည့် ဧပြီ ၁၁ရက်မှ ၁၅ရက်ထိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည့် အခြေအနေရှိကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
“ လေဖိအားနည်းရပ်ဝန်းက အားကောင်းလာမဲ့ အခြေအနေတော့ မရှိဘူးလို့ IMD က ပြောထားပေမဲ့ စောင့်ကြည့်တာ ပိုကောင်းပါတယ်။ မဖြစ်နိုင်တော့ဘူးလို့ ပြောပြီးမှ ဖြစ်လာနိုင်မဲ့ အပူချိန်၊ လေထုဖိအား၊ လေတိုက်နှုန်းနဲ့ ရေခိုးရေငွေ့ပါဝင်မှု အခြေအနေတွေက များနေပါတယ်သေးတယ်။ နောက်ပြီး မိုးများနိုင်ခြေရှိပေမဲ့ လက်ရှိအချိန်မှာ မြစ်ရေတွေ ကျဆင်းနေချိန်မို့ ရေကြီးမဲ့ အခြေအနေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောရပါမယ်” ဟု ဦးဝင်းနိုင်က MPA သို့ပြောသည်။
ထို့ကြောင့် ငလျင်ဒဏ်သင့်ထားသည့် ဒေသများအနေဖြင့် မိုးရွာသွန်းနိုင်မှု အခြေအနေများကို ကြိုတွက်ကာ မိုးကာနှင့် ရွက်ဖျင်တဲကြီးများကို ကြိုတင်ပြင်ဆင်ထားရန် ၎င်းက အသိပေးထားသည်။
“ ရှေ့ရက်က မိုးရွာပေမဲ့ ညီမတို့က အိမ်ထဲမှာနေတော့ အခက်အခဲ သိပ်မရှိပါဘူး။ အိမ်ကိုတော့ ညီမသူငယ်ချင်း အင်ဂျင်နီယာက လာစ်ပေးပြီး နေလို့ရတယ်ဆို့လို့ နေကြတာပါ၊ ငလျင်ကြောင့် အုတ်နည်းနည်းပြိုသွားတဲ့ကားခန်းဘေးက အုတ်တံတိုင်းတော့ ပြင်ပြီးသွားပြီ၊ မီးကတော့ အခုတလော မှန်နေတယ်။ ပျက်လဲ ခဏလောက်ပဲ” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ခုနှစ်ရက် နံနက် ပိုင်းထိ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ၁၀ရက်ကြာချိန်တွင် ပြည်တွင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအချို့ ရပ်နားထားမှုများရှိလာပြီး ပြည်ပနိုင်ငံမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အချို့သည်လည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားသည့်အတွက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်များလည်းရှိနေသည်။
“ ကျတော်တို့အဖွဲ့ စစ်ကိုင်းဆင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးတဲ့ အပိုင်းကတော့ ပြီးသွားပါပြီ၊ လက်ရှိ မန္တလေးဘက် ပြန်တက်နေပါပြီ၊ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူထားတဲ့ အလှူငွေတွေနဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးဖို့ရှိပါတယ်။ ကျတော်တို့အနေနဲ့ ကိုယ်တိုင်လည်း မြေပြင်မှာ လိုက်လှူသလို ပစ္စည်းဝယ်ပေးတဲ့အပိုင်းလည်း လုပ်ဆောင်ပေးနေပါတယ်။ မိုးရွာရင်တော့ သွားရ၊ လာရ၊ လုပ်ကိုင်ရတာ အလုပ်မတွင်ဘဲ အခက်အခဲပိုဖြစ်စေနိုင်ပါတယ်ဗျ ” ဟု Helping Hands Volunteering Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်နေ့မှ စတင်ကာ ယနေ့အချိန်ထိ နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်မှုရှိနေသေးပြီး နေအိမ်ပြိုပျက်ခဲ့သူများ၊ ပြိုကျခါနီးနှင့် အက်ကွဲနေသည့် အဆောက်အအုံများ၌ မနေထိုင်ရဲသည့် မန္တလေးဒေသခံများသည် လမ်းမပေါ်၊ မြေကွက်လပ်၊ ကျုံးဘေး၊ ကွင်းပြင်နှင့် ဘောလုံးကွင်းများ၌ နေထိုင်နေရပြီး ဧပြီ ငါးရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီ ငါးရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငလျင်ရှောင် Camp များပျက်စီးခြင်းနှင့် ဆိုလာမီးတိုင်များ ပြိုလဲမှုများဖြစ်ပေါ်ခဲ့ရသည်။