By MPA
နောက်ဆက်တွဲငလျင် အကြိမ် နှစ်ရာကျော်လှုပ်ခတ်ခဲ့ခြင်းကြောင့် ငလျင်ကြီးထပ်မံလှုပ်ခတ်နိုင်မည့် အခြေအနေလျော့နည်းသွားကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ၊ ၅၁ မိနစ်အချိန်က အင်အားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ အင်အားအလွန်ပြင်းသော ငလျင်ကြီးလှုပ်ခတ်ပြီးနောက် အင်အား ရစ်ချ်တာစကေး ၇ အဆင့်ရှိ ငလျင်ကြီးတစ်ကြိမ်လှုပ်ခတ်ခဲ့သည်မှ အပ ကျန်ငလျင်များအသည် အင်အားအသင့်အတင့်သာရှိသောငလျင်များလည်းဖြစ်သည်။
အထက်ပါ ငလျင်ကြီး၏ နောက်ဆက်တွဲလှုပ်ခတ်ခဲ့သည့် ငလျင်များသည် အင်အား ရစ်ချ်တာစကေး တစ်မှ ၂ ဒဿမ ၉ အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်သည် ၅၄ကြိမ်၊ အင်အားရစ်ချ်တာစကေး ၃မှ ၃ဒဿမ၉အတွင်းလှုပ်ခတ်ခဲ့မှုသည် ၉၁ ကြိမ်၊ အင်အားရစ်ချ်တာစကေး ၄မှ ၄ဒဿမ၉အထိ လှုပ်ခတ်ခဲ့သည့် ငလျင် ၄၇ကြိမ်နှင့် အင်အား ၅မှ ၅ဒဿမ၉ ထိလှုပ်ခတ်ခဲ့သည့် ငလျင် ခုနှစ်ကြိမ်တို့ဖြစ်သည်။
ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ပေါ်မှ Tension များကိုလျော့နည်းသွားစေသည့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခြင်းသည် အကြိမ် ၂၀၀ရှိခဲ့ပြီဖြစ်ပြီး နောက်ဆက်တွဲငလျင်ငယ်များမှ အပ ငလျင်ကြီးလှုပ်နိုင်မည့် အခြေအနေ မရှိတော့သလောက်လျော့နည်းသွားပြီဖြစ်သည်ဟု ဦးဝင်နိုင်က အသိပေးထားသည်။