By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးကြွေခြင်းကြောင့် နေအိမ် တစ်ရာကျော် ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်နှင့် ၂၃ ရက်တွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းကြောင့် ကွတ်ခိုင်မြို့ရှိ ရပ်ကွက် နှစ်မှ နေအိမ် နှစ်အိမ်၊ မန်တုံ့မြို့နယ်၊ လမ်းဆုံကျေးရွာမှ အိမ်ငါးအိမ်၊ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းရွာမှ နေအိမ် ၃၀၊ တွန်ပုတ်ကျေးရွာမှ နေအိမ် ၆၀ကျော်နှင့် စယ်လုံကျေးရွာမှ နေအိမ် ၂၀ကျော် ပျက်စီးခဲ့သည်။
“ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကော၊ လေကော တိုက်တယ်။ မိုးသီးပါပါလာတော့ အိမ်ခေါင်မိုးတွေ အကုန်ပေါက်ကုန်တာ၊ အချို့အိမ်တွေဆို သွပ်မိုးတွေလန်ကုန်တာ၊ နဂိုကတည်းက စစ်ကြောင့် ရွာခံတွေက အခက်အခဲရှိနေတာ၊ စီးပွားရေးလည်း ကျပ်တည်းနေတယ်လေ၊ အခုလို အိမ်တွေပျက်စီးသွားတော့ သွပ်ဝယ်ဖို့တောင်အဆင်မပြေဘူး။ သွပ်တစ်ခုကို သောင်းဂဏန်းပေးရတာ ” မန်တုံမြို့နယ်၊ လမ်းဆုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများသည် စီးပွားရေးကျပ်တည်းကာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရပြီး ယခုကဲ့သို့ ရာသီဥတုဒဏ်ကိုပါ ကြုံတွေ့ခဲ့ရခြင်းကြောင့် ပိုမို ခက်ခဲရကြောင်း ဒေသခံများက ဆိုသည်။
“ တွန်ပုတ်ရွာက အများဆုံးထိတာ နေအိမ် ခြောက်ဆယ်ကျော်ပျက်စီးသွားတယ်လို့ ကြားတယ်။ ကျတော်တို့ ရွာမှာတော့ အလုံး ၂၀လောက် သွပ်မိုးတွေ လန်သွားတယ်။ ဒီလိုဖြစ်မယ်လို့ မထင်ဘူးလေ၊ ရွာခံတွေက ရာသီဥတု အခြေအနေကိုလည်း မခန့်မှန်းတတ်ဘူး။ အစ မိုးရွာတာ နောက်ပြီးလေပြင်းတိုက်လာတယ်။ တဖြည်းဖြည်းနဲ့ မိုးသီးပါကြွေတာ၊ အိမ်ထဲကပစ္စည်းတွေလည်း ရေဆိုကုန်တယ် ” ဟု နမ့်ခမ်းမြို့နယ်၊ မန်ကောင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ နွေရာသီကာလတွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်စဉ်များသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားတိုင်း နေအိမ်များ ပျက်စီးရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ မြို့ထဲမှာတော့ မိုးသီးမကျဘူး။ လေပြင်းတွေတိုက်လို့ အပင်လဲတာ အိမ်နှစ်လုံးထိသွားတယ်။ ရွာတွေမှာတော့ လေပြင်းကော မိုးသီးတွေပါကျလို့ လေးငါးအိမ်လောက်ပျက်စီးသွားတယ်။ မတ် ၂၂ရက်နေ့တုန်းက လုံကြိမ်ရွာမှာ မိုးသီးအရမ်းကျလို့ အိမ်တွေပျက်စီးသွားတာရှိတယ်” ဟု ကွတ်ခိုင်မြို့နယ်၊ လုံကြိမ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၁၉ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ ကောင်းလိမ်ကျေးရွာအုပ်စု၊ ကျောင်းပျဉ်ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၁ လုံးပျက်စီးခဲ့သေးသည်။
ထို့ပြင် ၂၀၂၃ခုနှစ် အောက်တိုဘာလကလည်း သီပေါမြို့နှင့် နမ္မတူမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၈၀ခန့် ရေကြီးနစ်မြုပ်ခဲ့ကာ လယ်ဧက ၅၀၀ နီးပါး ပျက်စီးခဲ့ရသည်။
ယင်းအပြင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၌ပင် နမ့်ခမ်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
နွေရာသီကာလတွင် အပူပျံတက်တိမ်များကြောင့် မိုးတိမ်တောင်များဖြစ်ထွန်းပြီး အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာ၀ဘေးအန္တရယ်များဖြစ်ပေါ်တတ်သည့်အပြင် လေပွေလှိုင်းများကြောင့်လည်း အဆိုပါဖြစ်စဉ်များလည်း ဖြစ်ပွားတတ်သည်။
စာတည်း-ကိုဆန်း