By Mg Dagon / MPA
ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့တော် တောင်ကြီးမြို့ရှိ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုးကွယ်သည့် နာမည်ကျော် ရွှေဘုန်းပွင့်ဘုရားရှိရာ ရွှေဘုန်းပွင့်တောင်ပေါ်တွင် မီးလောင်ကျွမ်းခဲ့ရာမှာ တစ်ပတ်ခန့်အကြာတွင် ငြိမ်းသက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါတောမီးသည် ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့မှ ယမန်နေ့ မတ် ၁၈ ရက်နေ့အထိ လောင်ကျွမ်းခဲ့ပြီးနောက် ယနေ့ မတ် ၁၉ ရက်တွင် ငြိမ်းသက်သွားခြင်းဖြစ်ကြောင်း မျက်မြင်များထံမှ သိရသည်။
ယင်းမှာ လမ်းဖော်ရန် မီးရှို့နေခြင်းဖြစ်ပြီး ထိုသို့ နှစ်စဉ်မီးရှို့လေ့ရှိကာ တောမီးမှာ တစ်ပတ်မှ ဆယ်ရက်ခန့်အထိ လောင်ကျွမ်းလေ့ရှိသော်လည်း အန္တရာယ်ဖြစ်ပေါ်လေ့မရှိကြောင်း ထိုအကြောင်းကိုသိရှိထားသူ မြို့ခံများထံမှ သိရသည်။
“အဲဒီလိုပဲ အကြာကြီးလောင်လေ့ရှိတယ်။ မီးလောင်တာမဟုတ်ဘူး။ တမင်ရှို့တာပါ။ တောမီးဆိုတော့ သိတဲ့အတိုင်းပဲ တမြေ့မြေ့လောင်နေတာပေါ့။ ဒီနေ့တော့ ငြိမ်းသွားပြီ။ ပြာပဲရှိတော့တယ်” ဟု တောင်ကြီးမြို့တွင် နှစ် ၃၀ ကျော်နေထိုင်လျက်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါမီးကို ‘လမ်းခြား’ မီးဟု ဒေသအခေါ်ရှိပြီး မိုးရာသီအတွင်း သစ်ပင်များကြောင့် လမ်းများပိတ်ဆို့သွားသည်ကို မီးဖြင့် ရှင်းလင်းခြင်းဖြစ်ကာ မသက်ဆိုင်သည့် နေရာများသို့ မကူးစက်နိုင်ရန် လူများစောင့်ကြပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။
နောက်ထပ် တောင်ကြီးမြို့ခံ ၃၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကလည်း “ခါတိုင်းတောမီးပဲလေ။ လောင်နေကျပဲ တငွေ့ငွေ့နဲ့။ တစ်ပတ်လောက်အထိ တငွေ့ငွေ့နဲ့လောင်နေတာပဲ။ မသိတဲ့သူတွေကတော့ မီးလောင်တယ်ဆိုပြီး လိုင်းပေါ်လျှောက်ရေးတင်နေကြတာပေါ့” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်၏ ညွှန်ကြားချက်အရ ရွှေဘုန်းပွင့်တောင်ပေါ်ရှိ လမ်းများကို ယခုနှစ်အတွင်း ပြုပြင်ခြင်းအပြင် မုဒ်ဦးသစ်များလည်း ပြုလုပ်မည်ဖြစ်ကြောင်း ယင်းတောင်ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နီးစပ်သူမြို့ခံများထံမှ သိရသည်။
“မြစိမ်းတောင်(ဘုရား) ‘S’ အကွေ့လည်း ပြင်မှာရယ်၊ အဆင်းမှာလည်း မုဒ်ဦးလုပ်မှာရယ်၊ ဘုရားဖြူအထိ လမ်းပြင်မှာရယ်။ တောင်ပေါ်မှာ အလုပ်သမားကအစ ဝန်ကြီးအထိရှိတယ်။ မီးလောင်တာမဟုတ်ဘူး။ လမ်းဖော်ဖို့၊ ပြင်ဖို့ မီးရှို့တာ” ဟု ရွှေဘုန်းပွင့်တောင်ပေါ်တွင် နေ့စဉ်အဆင်း/အတက်ပြုလုပ်နေသူနှင့် အတူနေထိုင်သူ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းသို့ သစ်ပင်များမီးရှို့ခြင်းသည် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့်အတွက် မြို့ခံလူထုအပေါ် အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ၏ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေသကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည်ဟု မြို့ခံအချို့ကလည်း လူမှုကွန်ရက်များပေါ်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများပြုလုပ်နေကြသည်။
ရွှေဘုန်းပွင့်တောင်ဟုလူသိများသည့် နွားလားဥဿဖတောင်ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားကို ၁၉၆၉ ခုနှစ်တွင် ရက်ကန်းစင်တောင် ဆရာတော်ကြီး ဦးဩဘာသက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေစေတီတော်ပုံစံတူအဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ရွှေဘုန်းပွင့်ဘုရားကိုကိုးကွယ်သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိပြီး ၎င်းလာပါက မြို့လုံခြုံရေးကို ပိုမိုတင်းကျပ်လေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။
တောင်ကြီးမြို့တွင် စစ်ကောင်စီနှင့် ပအိုးဝ်ပြည်သူ့စစ်ဟုခေါ်သည့် ပအိုးအမျိုးသားအဖွဲ့ချုပ်(PNO)ကြီးစိုးသည့်ဒေသဖြစ်၍ တော်လှန်ရေးအင်အားစုများအားနည်းသည့် မြို့တစ်ခုဖြစ်သည်။