By Crystal / MPA
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေ့အပူချိန်များ မတ် ၁၄ရက်နောက်ပိုင်းမှ စတင်ကာ နေ့အပူချိန်များသည် ၄၀ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်သဖြင့် အပူလျှပ်ခြင်း(Heat-Stroke) နှင့် မီးဘေးအန္တရာယ် (Fire Danger) ကို အထူးသတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းတို့တွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက်အထိ မြင့်တက်လာနိုင်ကြောင်း Meteoblue ၏ NEMS(Global)model forecast ၌ ဖော်ပြထားသည်။
ယနေ့ (မတ်လ ၁၁ ရက်)တွင် ဘားအံမြို့အပူချိန်သည် ၃၉ ဒီဂရီစင်တီဂရိတ် အထိ အမြင့်ဆုံး ဖြစ်နေပြီး ပဲခူး၊ မကွေး၊ ထားဝယ်၊ မော်လမြိုင် တို့၌ နေ့အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ် အထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖော်ပြထားချက်အရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများ၏ အမြင့်ဆုံးအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် အောက်တွင်သာ ဆက်လက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုထားသည်။
” နွေရာသီမှာ ကြုံရတာက အပူလျှပ်တာ၊ ရေဓါတ်ဆုံးရှုံးမှုများလို့ သတိလစ် လဲကျပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တာတွေဟာ နှစ်တိုင်းဖြစ်နေတာပါပဲ၊ ပူတဲ့အချိန် မနက် ၁၁ နာရီလောက်ကစပြီး ညနေ ၄ နာရီလောက်အထိ နေပူထဲသွားလာတာကို ဆင်ခြင်ကြဖို့ လိုပါတယ် ” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။
လက်ရှိကာလသည် ဆောင်းအကုန်-နွေအကူး ရာသီဖြစ်ပြီး ညဘက်ပိုင်း၌ အအေးဓာတ်များရှိသော်လည်း နေ့အပူချိန်များ ဆက်လက်တိုးမြင့်လာမည်ဖြစ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၌ ပျမ်းမျှအပူချိန် ၃၇မှ ၃၈ ဒီဂရီစင်တီဂရိတ် ဝန်းကျင်သာရှိသော်လည်း Weather Station မှ တိုင်းတာရရှိသည့် အချက်အလက်များအရ ၄၈ဒဿမ၃ ဒီဂရီစင်တီဂရိတ် အထိ အလွန်မြင့်တက်နေသောကြောင့် ရုံးခန်း၊ စာသင်ခန်းနှင့် Air Condition ပါသည့် မော်တော်ယာဉ်များမှ ထွက်ခွာသည့်အခါ ရုတ်တရက် အပူလျှပ်ခြင်း-Heat-Stroke ဖြစ်စေနိုင်ကြောင်းလည်း ဦးဝင်းနိုင်က အသိပေးထားသည်။
” တော်ရုံသိပ်မပူတဲ့ ရာသီဥတုမှာ လုပ်တဲ့ အလုပ်မျိုးနဲ့ ရာသီဥတုပူတဲ့အချိန်မှာ လုပ်ရတဲ့အလုပ်၊ အလုပ်က အတူတူပဲဆိုပေမဲ့ အရမ်းပူတဲ့အခါမျိုးမှာ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်တွေက ဆုံးရှုံးတယ်။ အလွယ်တကူပင်ပန်းလွယ်တယ်။ အဲ့ဒါကြောင့် ကျတော်တို့ အရိပ်မှာ နေခိုင်းတာမျိုးတွေ၊ အရေဓာတ်များများသောက်ခိုင်းတာမျိုး လုပ်ခိုင်းရတာပေါ့နော်။ Heat Stroke က အသက်ဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တယ်။ အပူဒဏ်ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီးပူလာတဲ့အတွက် MOH က အပူဒဏ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာတွေကို ဖတ်ရှုပြီး ဂရုစိုက်ဆင်ခြင်နေထိုင်ကြဖို့ ပြောချင်ပါတယ် ” ဟု CDM ဆရာဝန်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်အပူဒဏ်ကြောင့် သေဆုံးမှုဖြစ်စဉ်များရှိခဲ့သော်လည်း စာရင်းအတိအကျမှတ်တမ်းပြုစုထားသည့် အချက်အလက်များအား ထုတ်ပြန်ထားခြင်း မတွေ့ရှိရပေ။
” အရင်နှစ်တွေက အရမ်းပူရင်တောင် ၃၈၊ ၃၉ လောက်အထိပဲလေ။ အခုက ၄၀ ကျော်အထိ အပူချိန်မြင့်လာတယ်။ ပြီးတော့ အပူလှိုင်းဖြတ်မှာတွေကိုလည်း စိတ်ပူနေရတယ်။ အရင်နှစ်ထက်စာရင် ပိုပူရတဲ့အထဲ မီးကမလာ၊ အဲကွန်းက မနိုင်၊ မီတာခတက်မှာစိုးလို့ အဲကွန်းကလည်း အမြဲမဖွင့်နိုင်၊ မီးကလည်း ပုံမှန်မလာတော့ ညဘက်တွေ ပူပြီး အိပ်မပျော်နိုင်ဘူး ” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ် ၂၀၂၅ ခုနှစ်သည် လာနီညာနှစ်ဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ် အယ်လ်နီညိုနှစ်ကဲ့သို့ ဆိုးဆိုးရွားရွား အပူမပြင်းထန်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့် လေ့လာသူများက ခန့်မှန်းထားသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂ဝ၃ဝ မှ ၂ဝ၅ဝ အတွင်း ရာသီဥတုပြောင်းလဲပြီး အပူလွန်ကဲခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တတ်သော ရောဂါများကြောင့် ပုံမှန်သေဆုံးသူဦးရေထက် နှစ်သိန်းခွဲနီးပါး ပိုမိုသေဆုံးနိုင်ကြောင်း (WHO) က ခန့်မှန်းထားသည်။