By Zwe Ko /MPA
ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားသည်။
အရှေ့မြောက်မုတ်သုံလေအားကောင်းခြင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှလာသည့် လေအေးစီးကြောင်းနှင့် တောင်တရုတ်ပင်လယ်မှလာသည့် ရေနွေးစီးကြောင်းများ တွေ့ဆုံမှုကြောင့် ဖေဖော်ဝါရီ ၂၄ရက်မှ ၂၆ရက်နေ့ထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MPA သို့ပြောသည်။
“ ရွာရန်ရာခိုင်နှုန်းကတော့ ၅၀-၅၀ပါပဲ၊ ရွာရင်လဲ မိုးရေချိန်က ၁၀ မီလီမီတာကနေ ၁၅မီလီမီတာ အများဆုံးပါပဲ ” ဟု ဦးဝင်းနိုင်ကပြောသည်။
ယခုကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဆိုသော သတင်းကြောင့် ဆောင်းသီးနှံ ရိတ်သိမ်းမည့် တောင်သူများ သည် ၎င်းတို့ စိုက်ခင်းများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်မှုများရှိနေကြောင်း တောင်ငူမြို့နယ်မှ အသက် ၄၀အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“ မိုးမိရင် ပဲတွေက အရောင်ပျက်တယ်။ အစို့ပေါက်တာတွေ၊ ပဲစေ့ကွဲတာတွေဖြစ်ကုန်မှာ၊ တစ်ရက်လောက်ဆိုတော်သေးတယ်။ အခုက နှစ်ရက်သုံးရက် ရွာမယ်လို့ပြောတော့ မတ်ပဲတွေကို မြန်မြန်ရိတ်သိမ်းနိုင်အောင် လုပ်နေရတယ်။ ပဲနုတ်ဖို့အတွက် အလုပ်သမားကမရ၊ မိုးမိမှာကို စိတ်ညစ်နေရတယ် ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပဲခင်းများ မိုးမိပါက ထွက်ရှိလာသည့် ပဲများကို ကုန်သည်၊ ပွဲစားများက စျေးနှိမ်ဝယ်ယူခြင်းကြောင့် တောင်သူများ ပိုမိုဆုံးရှုံးနိုင်ကြောင်း သာယာ၀တီမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
“ မိုးမိတဲ့ပဲတွေက အရောင်ပျက်တာတွေ၊ ပဲစေ့ကွဲတာတွေဖြစ်တော့ ကုန်သည်တွေက မလိုချင်ဘူးလေ၊ စျေးနှိမ်ဝယ်တယ်။ မတ်ပဲတစ်တင်း တစ်သိန်းပေါက်ရင် မိုးမိတဲ့ပဲက ရှစ်သောင်းလောက်ပဲ ရတော့တာ၊ အဲ့ဒါဆို အလုပ်သမားခ၊ ထွန်စက်ခ၊ ရိတ်သိမ်းခ၊ ဆေးဖိုး၊ မျိုးဖိုးတွေနဲ့ဆို တောင်သူတွေ ရှုံးမှာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုနှစ် နွေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားနိုင်သည့် မုန်တိုင်းများကြောင့် မိုးရွာသွန်းနိုင်သည့်အပြင် မုတ်သုံအဝင်စောနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
“ မိုးဦးစောမယ်၊ မေလလောက်မှာ လာနီညာပျောက်မယ်၊ အဲ့ဒီအခါ အယ်နီညိုလည်းမဟုတ် လာနီညာလည်းမဟုတ်တဲ့ ရာသီဥတုဖြစ်စဉ်ထဲကိုရောက်မယ်၊ အဲ့ဒီတော့ မေလနဲ့ ဇွန်လလောက်မှာ မုတ်သုံဝင်လာနိုင်တယ်။ မိုးဦးကာလ မိုးများမယ် မများဘူးကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်မဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကို စောင့်ကြည့်ရမယ်” ဟု ဦးဝင်းနိုင်က ရှင်းပြသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ အောက်တိုဘာလကလည်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် မတ်ပဲစိုက်ခင်းများပျက်စီးခဲ့ရသည့်အတွက် ပျိုးကြဲထားသည့် မတ်ပဲခင်းများပျက်စီးကာ တောင်သူများဆုံးရှုံးခဲ့ရသည်။
ယင်းအပြင် ၂၀၂၄ခုနှစ်၊ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စပါးခင်း ဧက သိန်းနှင့်ချီရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသေးသည်။
စာတည်း-ကိုဆန်း