By Sayar Ngaat/ MPA
မျိုးသုဉ်းမှုအန္တရာယ်ကို ရင်ဆိုင်နေရသည့်ကမ္ဘာ့ရှားပါးစာရင်းဝင် အင်းကျားများသည် အကောင်အရေအတွက် လျော့နည်းလာသဖြင့် ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။
ယခင်က အင်းကျားများကို မြန်မာနိုင်ငံတွင် ပေါများစွာ တွေ့ရသော်လည်း အစာရေစာရှားပါးမှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် ရှားပါးလာခြင်းဖြစ်ကြောင်း Native Species Conversation & Identification မှ ကိုဝင်းပိုင်ဦးကပြောသည်။
” အရင်တုန်းက အင်းကျား တော်တော်များများတွေ့ရတယ်။ အရမ်းရှားတဲ့အထဲမှာ မပါဘူး။ အခုနောက်ပိုင်းမှာ နယ်စပ်ဒေသတွေ၊ တောင်တန်းဒေသတွေဘက်မှာ အစားအစာရှားပါးတဲ့ဒဏ်တွေကြောင့် တောရိုင်းကောင်တွေကိုပဲသတ်စားတာတွေ ပိုပြီးတော့ ဆိုးလာတယ်။ အမဲလိုက်တာတွေကလည်း ပိုပြီးတော့ တွင်ကျယ်လာတဲ့ သဘောမျိုးဖြစ်နေတော့ တားလို့လည်းမရဘူး။ တားလို့မရတဲ့အပြင် ရှိတဲ့အကောင်လေးတွေကိုပဲ ထိန်းသိမ်းနေရတဲ့သဘောမျိုးဖြစ်နေတော့ မနိုင်တော့ဘူး ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် တော၊ တောင်များအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်ကာ မှတ်တမ်းများ ကောက်ယူနိုင်ခြင်းမရှိတော့သဖြင့် အင်းကျား အရေအတွက်ကို အတိအကျ မသိရတော့ကြောင်း ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။
အင်းကျားများကို၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်၊ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းပြည်နယ်နှင့်ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ၂၇၄၃ အထိတွေ့ရတတ်ကာ တောတောင်ထူထပ်သည့် နေရာများတွင် နေထိုင်ကျက်စားကြကြောင်းလည်း သိရသည်။
မြန်မာ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မာလာယုကျွန်းဆွယ်စသည့် နိုင်ငံများတွင်လည်း အင်းကျားများကိုတွေ့ရပြီး အရှေ့တောင်အာရှတွင် အကောင်အရေအတွက်သည် နှစ်စဉ် လျော့နည်းလျက်ရှိသည်။
အင်းကျားများသည် တစ်ကောင်တည်းနေလေ့ရှိပြီး ညအခါ၌ အစာရှာလေ့ရှိကာ သစ်ပင်ကြီးများရှိ သစ်ကိုင်းကြီးများပေါ်တွင်သာ အနေများသဖြင့် သစ်တက်ကျားဟုလည်း ခေါ်ကြသည်။
ထို့ပြင် အင်းကျားများသည် အလွန်လျင်မြန်ကြပြီး အမြန်နှုန်းသည် တစ်နာရီလျှင် မိုင် ၄၀ နှုန်းရုံသာမက ရေကူးလည်း ကျွမ်းကျင်ကြပြီး သဘာဝထဲတွင် ၎င်းတို့ကို တွေ့ရခဲကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ၊ လောက်ကိုင်၊ မိုင်းရူး၊ မိုင်းဆတ်မြို့များတွင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး စျေးကွက်များအားကောင်းနေပြီး အလှဆင်ပစ္စည်းများနှင့် ဆေးဖက်ဝင်သည်ဟုဆိုကာ အင်းကျားများကို အရေခွံ၊ အစွယ်၊ ဦးခေါင်းခွံအပြင် အကောင်အရှင်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများလည်း ရှိနေကြောင်းလည်း သိရသည်။
” ဝယ်ရောင်း ဈေးကွက်ကတော့ရှိနေတာပဲ၊ လောက်ကိုင်တို့၊ မိုင်းရူး၊ မိုင်းဆတ်တို့ဘက်တို့က တောရိုင်းတိရစ္ဆာန်စျေးကွက်တွေမှာဆိုရင် တစ်ခါမှ မရောင်းဘူးဆိုတဲ့နေ့မရှိဘူး။ လိပ်၊ ကျား၊ ကျားသစ် ပေါ်တင်ကြီးကို ချရောင်းနေတယ်၊ ဘယ်လိုမှလည်းတားလို့မရဘူး။ သူတို့ကိုတားနိုင်တဲ့အင်အားလည်းမရှိတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
အင်းကျားများသည် ကျား၊ ကျားသစ်မျိုးစိတ်များပြီးလျှင် ရှားပါးသည့်မျိုးစိတ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျယ်အဝန်း၊ ရေမြေတောတောင်ဖြင့် တွက်ကြည့်ပါက အရေအတွက် အလွန်နည်းပါးလျက်ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အင်းကျားများကို ကမ္ဘာရှားပါးစာရင်းဝင် မျိုးစိတ်အဖြစ် ၂၀၀၈ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး၂၀၂၀ခုနှစ်တွင် ထုတ်ပြန်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် အင်းကျားများကို ထည့်သွင်းထားသည်။
ထို့ပြင် အင်းကျားများကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCN ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် အနီရောင်စာရင်းတွင်လည်း ထည့်သွင်း သတ်မှတ်ထားသေးသည်။
” ကိုယ့်ရဲ့ဝမ်းစာအတွက် လုပ်တယ်ဆိုရင်တောင် နည်းနည်းလေးတော့ ချန်သင့်တယ်။ ဒါတွေက သက်ရှိသယံဇာတတွေဖြစ်တာကြောင့် အားလုံးကုန်သွားလို့မဖြစ်ဘူး။ အားလုံးအဆင်ပြေသွားတဲ့အချိန် ထိန်းသိမ်းရေးတွေပြန်လုပ်ရင် ကိုယ့်မှာလက်ကျန်ဘာမှမရှိဘူးဆို အဆင်မပြေဘူး အဲဒါကြောင့် ထိန်းသိမ်းရေးကို နည်းနည်းလေးအာရုံစိုက်ပြီးတော့ လုပ်ပေးသင့်တယ်။ အင်းကျားကလည်း တော်တော်လေးကို အကောင်ရေအတွက်နည်းလာပြီ၊ သူ့ကိုထိန်းသိမ်းဖို့ဆိုတာလည်း အများကြီးလိုတယ်။ အခုကျန်နေတုန်းမှာဘဲ ထိန်းသိမ်းဖို့လိုပါတယ် ” ဟု တောရိုင်းတိရစ္ဆာန်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ၂၀၂၄ခုနှစ်၊ဒီဇင်ဘာလမှစတင်ကာ ရက်၉၀ကြာ ကင်မရာထောင်ချောက်များတပ်ဆင်၍ မှတ်တမ်းပြုစုခဲ့ရာ ဘင်္ဂလားကျား၊ အင်းကျား၊ ဆင်၊ မလေးရှားဝက်ဝံ နှင့်ဟိမဝန္တာဝက်ဝံမျိုးစိတ်များ အပါအဝင် ရှားပါးမျိုးစိတ် ၂၅မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ် မေလတွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် ကင်မရာထောက်ချောက်များဖြင့် မှတ်တမ်းတင်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းဘေးမဲ့တောအတွင်း နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ၈ မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး ရှိနေသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များလည်း နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။
စာတည်း-ကိုဆန်း