By Sayar Ngaat/MPA
လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၌ လေထုအရည်အသွေး တိုင်းတာသည့်စက်များ နည်းပါးနေကြောင်း မိုးလေဝသစောင့်ကြည့် လေ့လာသူများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်နေသည့် ရန်ကုန်မြို့တွင် လေထုအရည်အသွေးတိုင်းတာသည့်စက်သည် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးမိုးလဝသစခန်းနှင့် ရန်ကုန်မြို့တော်ခန်းမ တစ်ခုတွင်သာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ကမ္ဘာအေးမှာ တစ်ခုပဲရှိတယ်၊ အဲဒီမှာတိုင်းတာချက်အရ ၅၀ မှ ၂၀၀ အတွင်း Moderate to Unhealthy အဆင့်ရှိတယ်၊ သတိပြုနေထိုင်ဖို့ လိုတဲ့အဆင့်ပါ၊ တိုင်းတာတဲ့စခန်းနည်းတာရယ်၊ တိုင်းတဲ့စက်က နေ့စဥ်မဖတ်နိုင်ဘဲ တစ်လမှတစ်ကြိမ်လောက်ပဲ ဖတ်လို့ရတယ် ” ဟု ၎င်းက ပြောသည်။
လေထုညစ်ညမ်းမှုဖြစ်စဉ်များသည် တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ကား ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်သည့် အခိုးအငွေ့များကြောင့် အဓိကဖြစ်ပွားလျက်ရှိကြောင်း မိုးဇလတာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
” လေထုအရည်အသွေးတိုင်းတာတဲ့စက်တစ်ခုက ဘယ်လောက်မှမပေးရဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်ကို ဘေးခဏဖယ်၊ ကိုယ့်အတွက် ကိုယ်တောင် အဲဒါလေးတစ်ခု ဝယ်မတပ်ချင်ကြ၊ ဝယ်တပ်ရကောင်းမှန်းမသိကြတာ၊ လေပြင်းတိုက်တာမှမဟုတ်ဘဲ ငြိမ်နေတဲ့လေကလည်း ဒုက္ခပေးတတ်တယ်၊ ပြဿနာကို မီးခွက်ထွန်းရှာတယ်၊ သန့်ရှင်းတဲ့လေနဲ့ မသန့်ရှင်းတဲ့လေကွာခြားသွားရာက မသန့်ရှင်းတဲ့လေက ဒုက္ခပေးတာခံရတာပါပဲ ” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် လေထုညစ်ညမ်းမှုဖြစ်စဉ်များတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မီးစက်များ၊ ဆေးလိပ်ငွေ့များမှ ထွက်ရှိသည့် ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ပါဝင်နေပြီး ၎င်းဓာတ်ငွေများကို အချိန်ကြာရှည်စွာ ရှုသွင်းမိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ကြောင်း ဦးဝင်းနိုင်က သတိပေးထားသည်။
လေထုညစ်ညမ်းမှုများသည် တစ်မြို့နှင့်တစ်မြို့ မတူနိုင်သဖြင့် လေထုတိုင်းတာသည့်စက်များ မြို့အလိုက်ရှိပါက တိကျသည့် ဒေတာများရနိုင်ကာ လက်ရှိတွင် လေထုညစ်ညမ်းမှု အခြေအနေများကိုခန့်မှန်းခြေသာ သိရှိရကြောင်းသဘာ၀ပတ်ဝန်းကျင် အရေးလုပ်ဆောင်သူတစ်ဦးက ဆိုသည်။
” လေထုညစ်ညမ်းမှုက တစ်မြို့နဲ့တစ်မြို့မတူဘူး စက်မှုဇုန်များတဲ့မြို့မှာဆို လေထုအရည်အသွေးကတစ်မျိုး၊ သစ်ပင်တွေများတဲ့နေရာမှာဆို လေထုအရည်အသွေးက တစ်မျိုးဆိုတော့ မြို့အလိုက် လေထုတိုင်းတာတဲ့စက်တွေရှိရင်တော့ တိကျတဲ့ဒေတာတွေရနိုင်မှာ အခုကတော့ ခန့်မှန်းခြေ သဘောမျိုးဖြစ်နေတာ ” ဟု ၎င်းက ပြောသည်။
လေထုညစ်ညမ်းမှု အဆင့်များကို အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့် ကြက်သွေးရောင် စသဖြင့် အဆင့်ဆင့် သတ်မှတ်ထားပြီး အနီရောင်သည် AQI ၁၅၁မှ ၂၀၀ ထိရှိကာ လေထုညစ်ညမ်းမှုများ အန္တရာယ်ရှိနေသည့်အဆင့်ဖြစ်ပြီး ကြက်သွေးရောင်သည် ၃၀၀နှင့်အထက်ရှိကာ အဆိုးဝါးဆုံးအဆင့်ဖြစ်သည်။
ရန်ကုန်မြို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရက်က ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာသည့်အဖွဲ့အစည်း IQ Air မှ တိုင်းတာချက်အရ လေထုညစ်ညမ်းမှုသည် ခရမ်းရောင်အဆင့်ဖြစ်ပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့များစာရင်းတွင် အဆင့်နှစ် နေရာသို့ ရောက်ရှိခဲ့သည်။
လက်ရှိ ရန်ကုန်မြို့သည် ယနေ့ နံနက် ၁၁နာရီခွဲအထိ IQ Air တိုင်းတာချက်များအရ အနီရောင်ဆင့်တွင် ရှိနေပြီး ကမ္ဘာ့ လေထုညစ်ညမ်းမှုမြို့များစာရင်း၏ အဆင့်ရှစ် နေရာတွင် ရှိနေဆဲဖြစ်သည်။
” လေထုညစ်ညမ်းတယ်ဆိုပြီး သတင်းတွေမှာတွေ့တယ်။ မနက်အစောဆို မြူကျတာလား လေထုညစ်ညမ်းလို့ အမှုန်အမွှားတွေလားမသိဘူး။ မြင်ကွင်းမှုန်းဝါးနေတယ်။ အခုက ပွင့်လင်းရာသီရောက်လာပြီတော့ လေထုခြောက်သွေ့ပြီး ညစ်နေမယ်လို့ထင်တယ်။ ဟိုအရင် ၂၀၁၉၊ ၂၀၂၀ လောက်ကတည်းက ဒီလိုရာသီဆို လေထုညစ်ညမ်းမှုဖြစ်လာတာဆိုတော့ အခုလည်းဖြစ်နေမှာဘဲ၊ ကျန်းမာနေတဲ့သူမလို့ သိပ်မသိတာဖြစ်မယ်။ ရင်ကျပ်ရောဂါတို့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါရှိသူတွေဆို ပိုသိသာမယ်ထင်တယ် “ ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ခဲ့ကာ ကျောင်းတချို့နှင့် ရုံးများ ပိတ်ထားခဲ့ရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၏ အဆိုအရ ကမ္ဘာ့ပေါ်ရှိလူဦးရေ၏ ၉၉ရာခိုင်နှုန်းသည် အရည်အသွေးညံ့ဖျင်းသည့် လေကိုရှုနေရကြောင်းနှင့် နှစ်စဉ် လူဦးရေနှစ်သန်းခန့်သည် လေထုညစ်ညမ်းမှုများနှင့်ဆက်နွယ်ကာ အချိန်မတိုင်မီသေဆုံးနေရကြောင်း သိရသည်။
စာတည်း-ကိုဆန်း