ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင်ရှိသည့် နေအိမ်တစ်ခုကို လူတစ်စုက ဓားပြတိုက်သည့်ဖြစ်ရပ် ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
အိမ်သားအချို့ စျေးသွားနေချိန်တွင် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး အိမ်တွင်ကျန်ရစ်ခဲ့သူများထံမှ လက်ဝတ်လက်စားများနှင့် အိမ်ရှိ ပစ္စည်းများကို ရိုက်ခွဲ ယူဆောင်သွားခြင်းဖြစ်ကြောင်း စုံစမ်းရှိသိရှိရသည်။
“အဘွားက နှလုံးရောဂါရှိတာပါ။ အိမ်မှာ အလုပ်လုပ်တဲ့ကောင်မလေးက တောင်းပန်လို့ မျက်လုံးပိတ်ခိုင်းပြီး ဝတ်ဆင်ထားတဲ့ ရွှေတွေ အပြင် အိမ်မှာရှိတဲ့ ရွှေနဲ့ပိုက်ဆံတွေ အကုန်ယူသွားပါတယ်”ဟု ဓားပြအတိုက်ခံရသည့် မိသားစုနှင့် နီးစပ်သူတစ်ဦးက MPA သတင်း ဌာနသို့ ပြောပြသည်။
ဓားပြတိုက်လူစုသည် ခန့်မှန်းခြေ ၁၀ ဦးခန့်ရှိသည်ဟု ကနဦး သိရှိရပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။
“ပိုဂရုစိုက်ဖို့ သတိပေးချင်ရုံပါ။ လိုင်းပေါ်တမင်ခြောက်တယ်ထင်နေမှာစိုးလို့ အမှန်တကယ်ကြုံနေကြရတာမို့ပါ”ဟု ပြည်သူများ သတိထားရန် ဓားပြအတိုက်ခံရသည့် မိသားစုနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း မြန်မာပြည် နေရာအနှံ့တွင် ခိုး၊ဆိုး၊လု၊ ဓားပြတိုက်မှုများ များပြားလာပြီး ပြည်သူများ၏ လုံခြုံရေးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေသည်။ အွန်လိုင်းအသုံးပြုသူတချို့မှာလည်း ဘယ်နေ့ ကိုယ့်အလှည့်ကျလာမည်လဲဆိုသည့် စိုးရိမ်မှုဖြင့် သုံးသပ်ရေးသားမှုများရှိနေသည်။