(ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသော စစ်တွေအကျဥ်းထောင်/MPA)
By MPA
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ရေးတင်းမာမှုမြင့်တက်နေသော ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ဒေသခံများကို အေအေနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီး တရားစွဲဆို ထောင်ချမှုများ ပြန်လုပ်လာနေကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှ ဒေသခံနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ အရပ်ဝတ်ရဲများက မေလ ၂၆ ရ က်နေ့ ၊ ညနေ၃ နာရီအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅၀၅(က)ဖြင့် တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များကဆိုသည်။
” မေးစရာရှိတယ်ဆိုပြီး အရပ်ဝတ်နဲ့ လူကိုးယောက်လောက်ကခေါ်သွားတယ်။ မနေ့ကတော့ ၅၀၅(က)နဲ့ ရမန်ယူပြီး ထောင်ချုပ်ကို ယူသွားပါတယ် ” ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တစ်ဦးက MPA သို့ပြောသည်။
အဆိုပါ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်နေ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို မေလ ၂၆ ရက်နေ့က ၅၀၅(က)ဖြင့် တရားစွဲ တင်ထားကာ ကျောက်ဖြူအကျဥ်းထောင်သို့ ခေါ်ဆောင်သွားပြီး AA နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်လူမျိုးနှစ်ဦးနှင့် ရှမ်းအမျိုးသမီး နှစ်ဦးကိုလည်း မေလ ၂၇ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ကြောင်း ရခိုင်ဒေသခံများကဆိုသည်။
” သူတို့ကို မနေ့က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တရားရုံးက ပုဒ်မအလိုက် ထောင်အသီးသီးချမှတ်လိုက်တာပါ။ သူတို့က အကြမ်းဖက်မှုရယ်၊ တခြားအမှုတွေနဲ့ရင်ဆိုင်နေရတာပါ။ ခုက အေအေနဲ့ဆက်စပ်သူတွေဆိုပြီး အဓိကထောင်ချလိုက်တာပါ ” ဟု နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
ထိုအထဲတွင် မခင်ဇာခြယ်ကျော်(ခ)မဇာဇာအား အကြမ်းမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)နှင့် ထောင်ဒဏ် ၅နှစ်၊ ကိုသိန်းထွန်းအေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(ဂ)နှင့် ၃ နှစ်၊ စာရွက်စာတန်းအတုပြုလုပ်မှု၊ မှတ်ပုံတင်အတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ နှင့် ထောင်ဒဏ် ၁ နှစ်၊မတင်မေလအား အကြမ်းဖက်မှု ဥပဒေ ၅၂(ဃ)နှင့် ထောင် ၃ နှစ်၊ ကိုစိုးစိုးအား အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (ဂ)နှင့် ထောင် ၃ နှစ်ချမှတ်လိုက်ပြီး ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုကြောင်း သိရသည်။
အလားတူ ၎င်းတို့ ၄ ဦးနှင့်အတူ ကိုမြမောင်နှင့် ဇနီးဖြစ်သူ မသိင်္ဂီဌေးတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နှင့် မငြိစွန်း၍ မနေ့က ရုံးချိန်းတွင် တရားသေလွှတ်ပေးလိုက်ကြောင်းသိရသည်။
၎င်းတို့မှာ သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်ကြသည့် ရခိုင်လူမျိုးများဖြစ်ကြသည်။
ယခုထောင်ဒဏ်အသီးသီး ချမှတ်ခံရသည့် ကိုသိန်းထွန်းအေးမှာ စစ်တွေမြို့နယ်မှဖြစ်ပြီး၊ ကိုစိုးစိုးမှာ ပေါက်တောမြို့နယ်၊ သရက် ကျေးရွာက ဖြစ်ကာ မခင်ဇာခြယ်ကျော်(ခ)ဇာဇာနှင့် မတင်မေလ တို့မှာ ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှဖြစ်ကြသည်။
ယခုထောင်ဒဏ်ချမှတ်လိုက်သူ ၄ ဦးနှင့် လွတ်မြောက်လာသူ ၂ ဦးတို့သည် ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူးတင်ထွန်းက တရားလို ပြုလုပ်၍ ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ကိုသိန်းထွန်းအေးမှာ စာရွက်စာတမ်း၊ မှတ်ပုံတင် အတု ပြုလုပ်သည်ဟု ဆိုကာ ရဲအုပ် ညီညီထွန်းက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထိုလေးဦးကို ပြီးခဲ့သည့်NLD အစိုးရလက်ထက်၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး ရက္ခိုင်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားပြီး အေအေကို အကြမ်းဖက် အဖွဲ့မှ ရုပ်သိမ်းထားသည့် အကြမ်းဖက်စစ်တပ်က အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ချလိုက်ခြင်းဖြစ်သည်။
” ခုနောက်ပိုင်း အေအေဖက်က NUG နဲ့တရားဝင်တွေ့ပေမယ့် မင်းအောင်လှိုင်ခေါ်တာကိုတော့ သွားမတွေ့ဘူးလေ။ နောက်ပြီး အေအေဖက်က စစ်ရေးပြင်ဆင်ထားတော့ စစ်တပ်ဖက်က အေအေနဲ့ပတ်သက်တယ်လို့ထင်သူတွေကို လုပ်ပြတာပေါ့ ” ဟု ရခိုင်အရေးစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီနှင့် အေအေတို့က ၄င်းတို့ ဖမ်းဆီး ရမိထားသူများကို အပြန်အလှန်လွှတ်ပေးခဲ့သော်လည်း အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ခန့်ကျန်နေသေးကြောင်း ရခိုင်နိုင်ငံရေးအကျဥ်သားဟောင်းများကဆိုသည်။