လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရန် အကြမ်းဖက်စစ်ကောင်စီကို တွန်းအားပေးမည့်အစီအစဉ် ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးပွဲတွင် မအောင်မြင်ခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။
ကုလအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ဖြေရှင်းရန် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ပြီး ရည်ရွယ်ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံတချို့က ကန့်ကွက်ခဲ့သောကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံသဘောတူညီချက် ဘုံ ၅ ချက်အပေါ် ဗြိတိန်နိုင်ငံဘက်က မူကြမ်းတစ်စောင် တင်ရာတွင် ကန့်သတ်မှုတွေ ရှိနေသည်ဆိုသည့် အချက်အပေါ် တရုတ်နိုင်ငံဘက်က တိုးတက်ပြောင်းလဲမှု နှေးကွေးသည်ဆိုသည့် စကားလုံးဖြင့် တုံ့ပြန်မှုများရှိခဲ့ကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဗြိတိန်နိုင်ငံဘက်က ယင်းအခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် အလွန်အကျွံတောင်းဆိုမှုများ ပြုလုပ်ခဲ့၍ ဖြစ်သည်ဟု အပြစ်တင်ထားသည်။
သံတမန်အသိုင်းအဝိုင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် မြန်မာ့အရေး အဖြေမထွက်ခဲ့သည်မှာ တရုတ်နှင့် ရုရှားဘက်မှ ဟန့်တားမှုများရှိခဲ့၍ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။