တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ KNU တပ်မဟာ ၄ နယ်မြေအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း ယင်းနယ်မြေအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
ယင်း ပစ်ခတ်မှုနှင့်ပတ်သက်၍ MPA သတင်းဌာနမှ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ် (PRDF) သို့ ဆက်သွယ်မေးမြန်းရာ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PRDF တပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီနေ့မနက်က ပုလောကုန်းမှာ တပ်စွဲထားတဲ့ခွေးတွေနဲ့ ကျွန်တော်တို့ရဲဘော်တွေ တိုက်ပွဲဖြစ်ပွားကြတာ။ သူတို့ဘက်က လူတွေထိလို့ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်နေတာ”ဟု PRDF တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ပျူစောထီးတပ်များ အခြေစိုက်ရွာဖြစ်သည့် ပုလောကုန်းရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PPDF)၊ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ် (PRDF) တပ်ပေါင်းစုတို့ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်း တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ပုလောကုန်းကျေးရွာရှိ ပျုစောထီးတပ်များမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထံ အင်အားဖြည့် ပူးပေါင်းခဲ့ပြီး ထိတွေ့မှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
ထို့နောက် နေ့လယ် ၂ နာရီတွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း ယင်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တပ်သားတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရ (စိုးရိမ်ရ) သူ လေးဦးရှိခဲ့ပြီး ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ် (PRDF) တပ်ပေါင်းစုတို့မှ လွတ်မြောက်နယ်မြေသို့ အကျအဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“မနက်ကထိပ်တိုက်တွေ့တော့ နှစ်ဘက်ပစ်ခတ်မှုဖြစ်တော့ ပျုစောထီးတပ်တွေပါ လာပေါင်းတာ။ ကျွန်တော်တို့ဘက်က အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ သူတို့ဘက်က စစ်သားတစ်ကောင်သေတယ်”ဟု ယင်းတိုက်ပွဲတွင် ပါဝင်သည့် ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ် (PPDF) ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိတွင် MPA သတင်းဌာနသို့ သတင်းပေးပို့ချက်များအရ KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၁ အုပ်ချုပ်သည့် ဒူးရင်းပင်ရှောင်ရွာ အပါအဝင် နယ်နမိတ်ချင်းထိစပ်နေသည့် ဝက်တိုးရွာ၊ ဂျင်းဂါရွာနှင့် မော်မိကျေးရွာများအတွင်းသို့ ယနေ့ နေ့လယ် ၂ နာရီခန့်က ပုလောအခြေစိုက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် အလုံး ၃၀ ကျော် ကျရောက် ခဲ့ကြောင်း စုံစမ်းသိရသည်။