Photo – လူမှုကွန်ရက်
အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည့် ဗုံးသီးကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမပင်ခရိုင် ပုလဲမြို့နယ် မင်းတိုင်ပင်ရွာရှိ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
မေလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် ကလေးတစ်ဦးအပြင် ၎င်း၏ အမဖြစ်သူပါ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။
“ဆန်အိုးနားမှာ ရည်ရွယ်ချက်ရှိရှိထားခဲ့တဲ့ ၄၀ မမဗုံးသီးလို့ပြောပါတယ်။ ပုလဲနယ်မှာက စစ်ကောင်စီထားခဲ့တဲ့ အဲ့လိုဖြစ်စဉ်တွေ မကြာခဏကြုံရပါတယ်။ အဓိကတော့ ရွာသားတွေ အန္တရာယ်ဖြစ်အောင် သဘောမျိုးလို့ ယူဆရတယ်။ ၄၀ မမ ဗုံးသီး ပေါက်ကွဲသွားပြီး ခြောက်နှစ်အရွယ်ကလေးလေးမှာဆိုရင် ရစရာမရှိအောင် စုတ်ပြတ်ပြီးတော့ အပိုင်းပိုင်းအစစပါပဲ”လို့ ဒေသခံတစ်ဦးက MPA သတင်းဌာနသို့ ရှင်းပြသည်။
သေဆုံးသွားသည့် ကလေးငယ်၏ အမဖြစ်သူအသက်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဖွင့်ထားသည့် ဆေးရုံကို ပို့ဆောင်ပြီး ကယ်တင်နိုင်ခဲ့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပျူစောထီးစခန်းများဆီက ရိက္ခာများလိုအပ်လျှင် ကျေးရွာများဆီလာပြီး လုယက် ယူဆောင်မှုများလည်း ရှိနေကြောင်းစုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပုလဲမြို့နယ်က ဘုန်းကြီးတစ်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီဘက်မှ RBG ဟု ယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းတိုင်ဆရာတော်တပါးနှင့် ကိုရင်တပါးသေဆုံးခဲ့ပြီး ကိုရင်ငယ်တစ်ပါးသည် ခြေထောက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။
“ကျောင်းဆရာတစ်ဦးရဲ့ သားနှစ်ယောက် ကိုယ်ရင်ဝတ်ခိုင်းထားတာပါ။ ကျောင်းထိုင်ဆရာတော်တပါး၊ ကိုရင်တပါးသေဆုံးတယ်။ ကိုရင်တပါးကတော့ ခြေထောက်ဖြတ်လိုက်ရတယ်။ ကိုရင်လေးတွေ သီတင်းသုံးနေတဲ့ ဘုန်းကြီးကျောင်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံံးနဲ့က သိပ်မဝေးဘူး။ ထွေအုပ်ရုံးကနေ လှမ်းပစ်တာ”ဟု ဒေသခံတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ မုံရွာအပါအဝင် ရှစ်မြို့နယ် စစ်ဆင်ရေးကြောင့် အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်နေပြီး ဖုန်းလိုင်းဆက်သွယ်ရေး ရံဖန်ရံခါသာ ရရှိနေသောကြောင့် ဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရသည်။
ပုလဲမြို့နယ်တွင် အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာများလိုလျှင် ရွာများသို့ လာရောက်ကာ အတင်းအဓမ္မ ယူဆောင်မှုများရှိနေသလို ၎င်းတို့ အရက်သေစာ သောက်စားပြီးချိန်များတွင်လည်း ကျေးရွာများဆီသို့ ၄၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်မှုများပြုလုပ်သည်ဟု စုံစမ်းသိရှိရသည်။
“သူတို့ဆီမှာလည်း သတင်းပေးတွေရှိပါတယ်။ ဘယ်သူတွေနေတယ်။ ဘာလုပ်တယ်ဆိုတာ သိပါတယ်။ ဒီလိုဒေတာ အချက်အလက်တွေ ရှိပေမယ့် သူတို့ သောက်စားမူးယစ်ပြီးတဲ့အချိန်ကျရင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မရှိတဲ့ ရွာတွေလည်း လှမ်းပစ်တာပဲ။ တစ်ခါတလေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့စခန်းတွေဆီကို သွားရောက်ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်မှုတွေရှိပေမယ့် အများအားဖြင့်တော့ ကျေးရွာတွေဆီကို အကြောင်းမဲ့ လှမ်းလှမ်းပစ်တာများတယ်”ဟု ဒေသခံတစ်ဦးက ဆက်လက် ရှင်းပြသည်။
လတ်တလောတွင် ယင်းမာပင်ခရိုင်အတွင်း ကျေးရွာများရှိ ပြည်သူများသည် အစား၊ အသောက်များအတွက် ခက်ခဲနေကြသလို ပုလဲမြို့ပေါ်တက်ပြီးလည်း ရိက္ခာများ မဝယ်ရဲကြကြောင်းလည်း စုံစမ်းသိရှိရသည်။
“ပြည်သူတွေအနေနဲ့ အရေးပေါ်စားစရာအတွက် အရင်ဝယ်ခြမ်းရတဲ့ ရွာကြီးတွေဆီကို သွားမဝယ်ရဲတော့ဘဲ အခက်အခဲ တွေ့နေရတာပါ။ ပုလဲပေါ်လာရင်ဖမ်းဆီးရိုက်နှက်တာတွေလုပ်လို့ သွားဖို့လာဖို့တွေ ဝန်တာကြီးနေတယ်ပေါ့။ လက်ရှိမှာတော့ ပြည်သူလူထုတွေအားလုံး စားရေးသောက်ရေးတွေ အလွန်ခက်ခဲနေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ပျူစောထီးစခန်းများသို့ ရိက္ခာလာပို့ရာတွင်လည်း အနီးအနားရှိ ရွာများဆီ ပစ်ခတ်တာတွေ ပြုလုပ်သလို ဝင်ရောက်လုယက်မှုများ ပြုလုပ်နေကြကြောင်းလည်း စုံစမ်းသိရှိရသည်။
“ပျူစောထီးစခန်းတွေကို ရိက္ခာပို့ရင်း လမ်းတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တာတွေ ဝင်ရောက် လုယက်တာတွေ လုပ်ဆောင်တယ်။ သတင်းကြားရတာတော့ အဲ့ဒီစခန်းတွေကို ပေးမယ့် ရိက္ခာတွေကို စစ်ကြောင်းမှူးတွေက ဈေးပေါပေါနဲ့ တခြားတစ်နေရာကို ရောင်းပစ်လိုက်တာတွေ လုပ်တယ်။ ကားတွေအခွံအတိုင်းလာတယ်။ ဒီရောက်ခါကျမှ ပြည်သူလူထုတွေ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်ယူကြတာ။ အင်တာနက်ဖြတ်ခံရတဲ့အနေအထားကတော့ နှစ်လဝန်းကျင်လောက်တော့ ရှိပါပြီ”ဟု ဒေသခံတစ်ဦးက လက်ရှိဖြစ်ပျက်နေသည့် ယင်းမာပင်ခရိုင်အတွင်း အခြေအနေများနှင့် ပတ်သက်ပြီး MPA သတင်းဌာနသို့ ရှင်းပြသည်။