ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့နယ်အတွင်းရှိ အကျဉ်းသား ၂၄ ဦးအား ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့မှ ဝန်ခံကတိဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု ယနေ့မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် ဖော်ပြအသိပေးသည်။
ကရင်နီပြည်နယ်အတွင်း လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား (၁၂၆) ဦးမှ နိုင်ငံတကာအဖွဲ့ အစည်းများ၏ တောင်းဆိုမှု အပြင် လူသားချင်းစာနာထောက်ထားမှုကြောင့် အကျဉ်းသား (၂၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းလည်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ တရုတ်နိုင်ငံသား (၄) ဦးကိုလည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြည်သူများ၏ အသက်အိုးအိမ်ကာကွယ်စောင့်ရှောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်ကောင်စီထောက်လှမ်းရေးတပ်များ၊ ဒလံများ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ နှင့် စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သူများအားလုံးးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းသွားမည်ကိုလည်း ရေးသားထားသည်။
ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖြစ် ဆက်လည်တည်ရှိနေသော သူများလည်း အမြန်ဆုံး သိရှိ ပြင်ဆင်ပြီး ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန်ကိုလည်း တိုက်တွန်းထားသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အသေးစိတ်ကို MPA သတင်းဌာနမှ ဆက်လက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။