Photo – MPA ပုံစာ – ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဗုဒ္ဓဘုရားရှင်ရပ်နားခဲ့သည့် ကျောက်တော်တောင် ဘုရားအတွင်း အကြမ်းဖက်စစ်တပ်မှ ဘန်ကာများပြုလုပ် နေထိုင်ပုံ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းက ရိုဟင်ဂျာကျေးရွာတချို့ရှိ ဗလီဝတ် ကျောင်းတော်၊ စာသင်ကျောင်းများတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲနေထိုင်နေကြောင်း ကျေးရွာသားများက ပြောသည်။
“ကျွန်တော်တို့ရွာက ဗလီမှာ စစ်သားတွေလာနေတာ တစ်ပတ်လောက်ရှိနေပါပြီ။ ရွာသားတွေက စိုးရိမ်နေကြပါတယ်။ ဗလီနားတောင် သိပ်မသွားရဲကြတော့ဘူး”ဟု မောင်တောခရိုင်၊ ဘူးသီး တောင်မြို့နယ်၊ ဝရကျွန်းကျေးရွာနေရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
အဆိုပါ ဒိုးတန်း၊ ဝရကျွန်းကျေးရွာများအတွင်းရှိ ဗလီကျောင်း၊ စာသင်ကျောင်းနှင့်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်မှအင်အား ၂၀၀ နီးပါးလာရောက် တပ်စွဲနေထိုင်နေကြသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဟုလည်း ရွာသားများက ပြောသည်။
“ကျွန်တော်တို့ရွာက စာသင်ကျောင်းမှာ ရောက်နေကြတာ ငါးရက်ရှိနေပါပြီ။ တချို့စစ်သားတွေက အိမ်တွေကိုဝင်ပြီးလူတွေကို အတင်းမေး ကြပါတယ်။ အာဆာနဲ့အဆက်အသွယ်ရှိလား။ အေအေနဲ့အဆက်အသွယ်ရှိလားဆိုပြီးတော့ပေါ့”ဟု ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ဆိုသည်။
ထို မြောင်းနား ရိုဟင်ဂျာကျေးရွာသို့ အကြမ်းဖက်စစ်သားအင်အား ၅၀ ခန့်ကကျေးရွာ စာသင်ကျောင်းအတွင်း လာရောက် တပ်စွဲနေပြီး မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာကျေးရွာအများအပြားရှိ စာသင်ကျောင်းအားလုံးနီးပါးတွင်လည်း အကြမ်းဖက် စစ်တပ်က တပ်စခန်းများသဖွယ် တပ်စွဲနေထိုင်နေကြောင်းလည်း ဒေသခံများက ပြောသည်။
“ကျွန်တော်တို့ သုံးမိုင်လမ်းဆုံကနေ မောင်တောမြောက်ပိုင်း၊ သုံးမိုင်-ကြိမ်ချောင်းလမ်းတစ်လျှောက်မှာ သွားတိုင်းမြင်နေရပါတယ်။၂၀၁၇ တုန်းက ဖြိုဖျက်ခံရတဲ့ ရိုဟင်ဂျာကျေးရွာတွေမှာ ကျန်နေတဲ့ စာသင်ကျောင်းအားလုံးမှာ စစ်တပ်က အခိုင်အမာ တပ်စွဲထားတာကို ခုထိမြင်နေရပါတယ်”ဟု မောင်တောဒေသခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ ဗလီဝတ်ပြုကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးရွာများအတွင်းအပြင် ဘုရား၊ ပုထိုး၊စေတီနှင့် ဘုန်းကြီးကျောင်းများမှာပင် စခန်းချတပ်စွဲနေ ထိုင်နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။
“ဘူးသီးတောင်မြို့နယ်က ၃၁ ဘုံ၊ ရှေးဟောင်းစေတီပေါ်မှာ စစ်တပ်ကတပ်စွဲနေတာကြပါပြီ။ နောက်ပြီး မြောက်ဦး ကျောက်တော်ဘက်က ရှေးဟောင်း ဘုရားပုထိုးတွေ ပေါ်မှာရော။ ဒါက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်သလို ဘာသာရေးကိုလည်း စော်ကားတာပါ”ဟု ရခိုင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော် (အေအေ) နှင့် မင်းအောင်လှိုင်တပ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလမှ ယနေ့အထိ ဘူးသီးတောင်မြို့နယ်ရှိ ၃၁ ဘုံ၊ ရှေးဟောင်းစေတီ၊ ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် ကျောက်တော်တောင်ဘုရားနှင့် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရွှေတောင်စေတီတောင်ကုန်းအပါအဝင် သမိုင်းဝင် ရှေးဟောင်းဘုရားစေတီ တောင်ကုန်းအများအပြားတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲနေထိုင်နေသည်ဟု ဒေသခံများက ရှင်းပြသည်။
“တိုက်ပွဲဖြစ်တုန်းက ဦးဇင်းကျောင်းသို့ တပ်မ ၅၅ ကစစ်သားတွေလာပြီ စခန်းချနေတယ်။ ပြီးရင် ကျောင်းက ပစ္စည်းတွေကို ခိုးယူသွားကြတယ်။ မယူနိုင်တာတွေကို ဖျက်ဆီးထားခဲ့ကြတယ်။ တကယ့် အဆိုးတိရစ္ဆာန်တွေပါ”ဟု ရခိုင်ရှိ ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ကြားသည်။
အကြမ်းဖက်စစ်တပ်မှ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးများပါမကျန် အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုင်ပြုလုပ်နေပြီး ၂၀၁၇ ခုနှစ်က မောင်တောခရိုင်အတွင်း ရိုဟင်ဂျာကျေးရွာပေါင်း ထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးပြီး တချို့စာသင်ကျောင်းများအတွင်း စခန်းချနေထိုင်နေကြသည်ဟု စွပ်စွဲပြောဆိုထားသော်လည်း လက်တွေ့မြေပြင်ရှိ ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ထိုသို့ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။