ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်၏ ရေတပ်သင်္ဘောတချို့ကို ကုလားတန်မြစ်အတွင်းတွေ့ရစဥ်/ MPA
ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးတင်းမာနေသည့် ရခိုင်တွင် အာဏာသိမ်းစစ်တပ်က ရေငုပ် သင်္ဘော ထုတ်ပြလာပြီး သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ကာ ရခိုင်ပြည်သူများအား ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ဆိုသည်။
” ဒီနေ့မနက်က သံဇစ်မြစ်ထဲမှာ တွေ့လိုက်တာပါ။ စစ်သင်္ဘောကြီးလည်း ၂စီးပါပါတယ်။ ဒေသခံရခိုင်တွေကို ခြိမ်းခြောက်တာ လို့မြင်ပါတယ် ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက MPA သို့ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်အတွင်း မေလ ၃၁ ရက်၊ ယနေ့နံနက်က အာဏာသိမ်းစစ်တပ်၏ ရေငုပ် သင်္ဘော အပါအဝင် ရေတပ်သင်္ဘောကြီးနှစ်စီးကို ဒေသခံပြည်သူများ မြင်တွေ့လိုက်ရပြီး မေလ ၃၀ ရက်၊ ယမန်နေ့ညက ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားဝန်းထဲတွင် စခန်းချတပ်စွဲနေသော အကြမ်းဖက်စစ်တပ်မှ အနီးရှိ စစ်ဘေးရှောင်စခန်းသို့ သေနတ်ပစ်ဖောက်ပြီး မနေရဲအောင် ခြိမ်းခြောက်နေကြောင်းလည်း ဆိုကြသည်။
” အရင်ညတွေကလည်း သုံးလေးချက်ဖောက်တာမဟုတ်ဘူး။ အချက်သုံးလေးဆယ်ပစ်သလို ကျွန်မတို့နေတဲ့ စစ်ဘေးရှောင် စခန်းဖက် သို့ တမင်သက်သက်ပစ်တာပါ။ ကလေးတွေနဲ့ကြောက်ပြီး ဝပ်နေကြရပါတယ် ” ဟု ကျောက်တော် မဟာမြတ်မုနိ စစ်ဘေးရှောင် စခန်းမှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ်မှ ကျေးရွာ၊ ရပ်ကွက်၊ ဘုန်းကြီးကျောင်း၊ ဘုရားပုထိုး၊ စာသင်ကျောင်းများနှင့် ဗလီကျောင်းများ တွင်လည်း စခန်းချ တပ်စွဲနေထိုင်နေကြသဖြင့် ဘာသာရေးဆရာများအပါအဝင် ဒေသခံများလည်း စိုးရိမ်ကြောက်လန့် စိတ်မကောင်း ဖြစ်နေကြရကြောင်း ဆိုကြသည်။
” ကျွန်တော်တို့ရွာကဗလီမှာ စစ်သားတွေလာနေတာ သုံးပတ်ပြည့်တော့မှာပါ။ ရွာသားတွေကတော့ မနေစေချင်ကြပါဘူး။ ဒါပေမယ့် သူတို့ကိုကြောက်တော့ တစ်ယောက်မှမပြောရဲပါဘူး ” ဟု ဘူးသီးတောင်မြို့နယ်၊ ဒိုးတန်းကျေးရွာနေ ရိုဟင်ဂျာလူမျိုး၊ မော်လဝီ ဆရာတစ်ဦးက MPA သို့ပြောသည်။
အကြမ်းဖက်စစ်တပ်က လူနေကျေးရွာများနှင့် ကျေးရွာများအနီးတွင် စခန်းချနေထိုင်ပြီး မြေမြှုပ်မိုင်းများထောင်ထားသဖြင့် ဒေသခံ ပြည်သူများ မိုင်းနင်းမိပြီးသေဆုံးမှုများဖြစ်နေကြောင်းလည်း ဒေသခံများကဆိုသည်။
” စစ်သားတွေက ရွာနားက တော၊ တောင်တွေမှာလာပြီး စခန်းချနေကြပါတယ်။ မိုင်းတွေထောင်ထားပြီး ပြန်သွားကြရင်လည်း ဒီအတိုင်း ထားခဲ့ကြတော့ ဘာမှမသိတဲ့ဒေသခံတွေနင်းမိပြီး အသက်ဆုံးရှုံးနေရပါတယ်။ စစ်တပ်က မိုင်းထောင်ထားခဲ့တာ ပြည်သူတွေကို သတ်မိန့်ပေးခဲ့သလိုပါပဲ ” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာတွင် ယနေ့နံနက်က မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၇၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ကျေးရွာသားများကပြောသည်။
ထို့အပြင် ယခုလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သား ကျေးရွာသို့ မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီတပ်သား ၆၀ခန့် ရောက်ရှိလာပြီး ရွာသားများအား ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်ကာ ကျေးရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖုန်းများကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ကျေးရွာသား အချို့က ပြောသည်။
” စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဇော်မင်းထွန်းခြိမ်းခြောက်ခဲ့သလိုပဲ။ စစ်တပ်က ရခိုင်ပြည်သူတွေကို သေနတ် ပစ်ဖောက်တာ တွေ၊ လက်နက်ကြီးပစ်ပြတာတွေသာမကဘူး။ ရေငုပ်သင်္ဘောပါထုတ်ပြပြီး ခြိမ်းခြောက်ပြနေတာပါ။ ဒါဟာလည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတာပါပဲ ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။
အကြမ်းဖက်စစ်တပ်က မောင်တောဒေသ၊ အမ်းနှင့် ကုလားတန်မြစ်အထက်ပိုင်းသို့ လက်နက်၊ ရိက္ခာ၊ စစ်သည်အင်အား အဆမတန် ဖြည့်တင်းနေပြီး ဒေသခံပြည်သူများအား ဖမ်းဆီးတရားစွဲခြိမ်းခြောက်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်းလည်း ဒေသခံ ပြည်သူများက ဆိုသည်။