ကျောင်းသူကျောင်းသား ဆရာဆရာမ စာသင်ကျောင်းတွေကို စစ်ရေးအရ တိုက်ခိုက်မည် မဟုတ်ကြောင်း ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA) က ယနေ့တွင် ထုတ်ပြန်သည်။
စာသင်ကျောင်းများသို့ ပြန်လည်ဝင်ရောက်ရန်ရွေးချယ်ခြင်းသည် ကလေးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ပြီး အသိအမှတ်ပြု ရမည်ဖြစ်သလို စစ်ကျွန်ပညာရေးစနစ်ယန္တရားတွင် မပါဝင်ဘဲ အသက်ဘဝများစွာရင်း၍ အာဏာဖီဆန်ခြင်း (CDM) တွင် ပါဝင်ကာ တော်လှန်လျက် ရှိသူများကိုလည်း ထောက်ခံကြောင်း အသိပေးထားသည်။
BPLA သည် အာဏာသိမ်းပြီးချိန် ကာလကတည်းကပင် ပြည်သူ့ဆန့်ကျင်မှုအင်အားကို ပြသသောနည်းဗျူဟာ တစ်ရပ်အဖြစ်ပါဝင် ထောက်ခံနေပြီး BPLA တပ်ဖွဲ့ဝင်များတွင်လည်း CDM ကျောင်းသူကျောင်းသားများနှင့် ကျောင်းဆရာဆရာမများ အများအပြား ပါဝင်နေကာ ဖက်ဆစ်စစ်တပ်ကို စစ်မြေပြင်တွင် တိုက်ပွဲဝင်ချေမှုန်းလျက်ရှိနေသည့် တပ်တော်ဖြစ်သည်။
မိဘများက ကလေးသူငယ်များ၏ ပညာရေးကို စိုးရိမ်ခြင်း၊ အစားထိုး ရွေးချယ်စရာ ပညာရေးလက်လှမ်းမီမှုနည်းပါးနေသေးခြင်း အစရှိသောအားနည်းချက်များကို အကြမ်းဖက်စစ်ကောင်စီက အခွင့်ကောင်းယူကာ ၎င်းတို့ ၏ အုပ်ချုပ်လည်ပတ်နိုင်မှု ယန္တရား အတုအယောင်ကို ဖော်ဆောင်လျက်ရှိနေသည်။
ထိုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးစနစ်ယန္တရားကျောင်းများသို့ မသွားရောက်ဘဲ အစားထိုးရွေးချယ်စရာ နည်းလမ်းဖြင့် ပညာသင်ပေးသော တော်လှန်ပညာရေးများကို BPLA အနေဖြင့် များစွာအားပေးထောက်ခံကြောင်း ထုတ်ပြန်ချက်ထုတ်ကာ အသိပေးခဲ့သည်။
သို့သော် ထိုအခွင့်အလမ်းများနှင့် အစားထိုးဆောင်ရွက်ချက်များကို လက်လှမ်းမမီ၊ မတတ်နိုင်သောကြောင့် ကျောင်းသို့ ပြန်လည် ပို့ဆောင်ရမည့် မိဘပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝ ရန်ပြု ထိခိုက်စေမည် မဟုတ်ကြောင်းလည်း ထုတ်ဖော်အသိပေးခဲ့သည်။