Photo-MPA
အင်းစိန်အကျဉ်းထောင်ဝန်ထမ်းများ၏ ဇနီးများကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်ပစ်သင်တန်းပေးနေကြောင်း အင်းစိန် အကျဉ်းထောင် ဝန်ထမ်း အိမ်ရာအတွင်း နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါသေနတ်ပစ်သင်တန်းကို ပြီးခဲ့သည့် ဧပြီလဒုတိယအပတ်မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ဦးစီးသင်ကြားပေးနေခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်ဝန်ထမ်းအိမ်ရာအတွင်းနေထိုင်သူတစ်ဦးကပြောသည်။
“အခုက ထောင်စောင့်ရဲမိန်းမတွေတင်မကဘူး။ ဘာတာရဲ့မိန်းမပါတက်နေရတာ။ ဝန်ထမ်းအိမ်ရာက မိန်းမတွေ အကုန်လုံး တက်ရတယ်။ မိသားစုဝင်တွေလည်း သန်းခေါင်စာရင်းထဲပါရင်တက်လို့ရတယ်”ဟု အင်းစိန်အကျဉ်းထောင်ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်သူတစ်ဦးကပြောသည်။
လက်ရှိ သေနတ်ပစ်သင်ကြားပေးနေသည့် ထောင်ဝန်ထမ်းမိသားစုများကို လက်ဖြောင့်တပ်သားအဆင့်နှင့် ရဲဘော်အဆင့်ခွဲကာ သတ်မှတ် ပေးထားကြောင်း တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုခြင်းမရှိသေးကြောင်း ယင်းသင်တန်းတွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။
“အမက သင်တန်းတက်နေရတာပေါ့။ သင်တန်းက ညနေဖက်သင်တာ။ သူတို့က ရဲဘော်အဆင့်ကို G3လိုဟာကိုင်ခိုင်းတယ်။ လက်ဖြောင့်တပ်သားအဆင့်ဆို စနိုက်ပါလိုသေနတ်ပုံစံမျိုးကိုင်ရတယ်။ အမတို့ဝန်းထိပ်မှာ ထမင်းကြော်ရောင်းတဲ့အမဆို လက်ဖြောင့် တပ်သားအဆင့်ပေါ့ ” ဟု ယင်းသင်တန်းတွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်းက တပ်တွင်းနေ တပ်သားဇနီးမယားများကို သေနတ်ပစ်သင်ကြားပေးပြီး ရိုင်ဖယ် သေနတ်တစ်လက်နှင့် ကျည်ဘောက် ၃ခုပေးသည်ဟူသည့်သတင်း ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်သည့် မိသားစုများကို သေနတ်ကိုင်ခိုင်းကာ အကြမ်းဖက်စစ်ကောင်စီမှ အသုံးချလာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
#အင်းစိန်#အကျဉ်းထောင်#ဝန်ထမ်း#ဇနီး#သေနတ်ပစ်သင်တန်း#MPA