Photo – MPA / ဘူးသီးတောင်မြို့နယ်၊မြောင်းနား ရိုဟင်ဂျာကျေးရွာကိုတွေ့ရစဉ်
By MPA
အကြမ်းဖက်စစ်တပ်က ရခိုင်ရှိ ရိုဟင်ဂျာများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာနေကြောင်း ရိုဟင်ဂျာများက ပြောသည်။
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာနှစ်ဦးကို အကြမ်းဖက်စစ်တပ်မှ မေလ ၂၂ ရက် ၊ ည ၁၁ နာရီ အချိန်ခန့်က နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
” လူဦးရေ၊ အိမ်ထောင်စုစာရင်းစစ်မယ်ဆိုပြီး ဝင်ဖမ်းသွားတာပါ။ မနေ့ကတော့ သုံးယောက်ပါသွားပါတယ်။ နောက်နေရာတွေ မှာတော့ အတိအကျမသိရသေးပါဘူး ” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာရွာသားတစ်ဦးက MPA သို့ပြောသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်ခံသွားရသူများမှာ ဘူးသီးတောင်မြို့နယ်၊ ဘကုံးနားကျေးရွာအုပ်စု၊ မြောင်းနားကမ်းကျေးရွာနေ မော်လဝီ မာမတ် တော်ယုပ်၊မြောင်းနားအုပ်စု၊ မြောင်းနားရွာနေ အဘာဒူလ္လာနှင့်အာလီမာမတ်တို့ဖြစ်ကြောင်း မြောင်းနားကျေးရွာသားတစ်ဦးက ပြောသည်။
ထိုဖမ်းဆီးခံသွားရသော ရိုဟင်ဂျာရွာသားသုံးဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမသိရသော်လည်း မြောင်းနား ကျေးရွာ အကျော်ရှိ နယ်ခြားစောင့်တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ရွာသားများကဆိုသည်။
” ဒီနှစ်ဧပြီလကတည်းက ကျနော်တို့ရိုဟင်ဂျာတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာတွေပြုလုပ်လာနေပါတယ်။ စစ်တွေမှာရော ဒီမှာရောဖြစ်နေပါတယ်။ ရွာတွေမှာလည်း လာပြီးစခန်းချနေကြတယ် ” ဟု ရခိုင်ရှိရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့်ဧပြီလကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာတချို့မှ ရိုဟင်ဂျာများကို အကြမ်းဖက်စစ်တပ်မှဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သကဲ့သို့ ယခုလအတွင်းတွင်လည်း စစ်တွေမြို့ရှိ ရိုဟင်ဂျာအချို့ကိုရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
” ကျွန်တော်တို့ရွာနဲ့ ဝရကျွန်းရွာမှာ စစ်သားတွေရောက်နေတာ လေးငါးရက်ရှိပါပြီ။ ရာနဲ့ချီပြီး လက်နက်အပြည့်အစုံနဲ့ရောက်နေတော့ ရွာသားတွေစိုးရိမ်ကြောက်လန့်နေကြပါတယ် ” ဟု ဘူးသီးတောင်မြို့နယ်၊ ဒိုးတန်းကျေးရွာသားတစ်ဦးက MPA သို့ပြောသည်။
ရခိုင်တွင် ရိုဟင်ဂျာအများစုရှိနေသော ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့တွ င် ယခုနှစ်၊ မေလ ၁၅ ရက်နေ့ညနေမှ စတင်ပြီး လက်နက်ရိက္ခာအပြည့်အစုံဖြင့် အကြမ်းဖက်စစ်တပ်မှ အင်အားရာချီ လာရောက်တပ်စွဲနေထိုင်နေကြပြီး ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်း ညာဖက်ရှိ ဒိုးတန်းနှင့် ဝရကျွန်း ရိုဟင်ဂျာကျေးရွာနှစ်ရွာတွင် စစ်သားနှစ်ရာနီးပါး တပ်စွဲနေထိုင်နေကြောင်း ရွာသားများကဆိုသည်။
” ဒိုးတန်း၊ ဝရကျွန်းဖက်မှာက စစ်သားနှစ်ရာလောက်ရောက်နေပါတယ်။ မယူမြစ်နားကရွာမှာတော့ အေအေဖက်က တစ်ရာလောက် ရောက်နေပါတယ်။တဖက်ဖက်ကရှေ့တိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ် ” ဟု ဘူးသီးတောင်မြို့နယ်၊ ဝရကျွန်း ကျေးရွာသား တစ်ဦးက ဆိုသည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေပြီး ပြည်နယ် ကောင်စီရုံး စိုက်ရာ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်ကိုလည်း မေလ ၂၂ ရက်နေ့၊ ညနေ ၉ နာရီခွဲခန့်က စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများ လာရောက်စစ် ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ရခိုင်-မူဆလင် လူမှုသဟဇာတဖြစ်နေမှုများကို နှောက်ယှက်နေကြောင်း ရက္ခိုင့်တပ်တော်(AA)က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
အကြမ်းဖက်စစ်တပ်၏ မေလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၌ အေအေဖွဲ့၏အပြုအမူများမှာ တိုက်ပွဲခေါ်သလို ဖြစ်နေပြီး တစ်ခုခုဖြစ်လာပါက ပြည်သူများသာနစ်နာမည်ဟု ပြောဆိုထားသည်။