အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မေလ ၂၂ ရက်၊ ယမန်နေ့ ည ၁၀ နာရီအချိန်က အကြမ်းဖက် စစ်တပ်မှ လက်နက်များပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ပစ်ခတ်မှုမှာ သာမန်လက်နက်စမ်းသပ်သည့်ပုံစံမျိုးမဟုတ်ဘဲ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံးအား အဆက်မပြတ် ပစ်ခတ်သည့် အသံများကို ကြားခဲ့ရသည်ဟု ဆိုကြသည်။
” ပစ်သံက အစုံကြားရပါတယ်။ လက်နက်ကြီးသံတွေရောပါ။ နောက်ပြီး ဒရုန်းပျံသံတွေလည်း ကြားရပါတယ်” ဟု အမ်းဒေသခံ တစ်ဦးက MPA သို့ပြောသည်။
အဆိုပါပစ်ခတ်မှုများ အနည်းဆုံး နေရာလေးခုကကြားရပြီး စက်သေနတ်လိုမျိုး အတွဲလိုက်ပစ်ခတ်သံများလည်း ပါဝင်ကြောင်း ဆိုသည်။
” တခါပစ်ရင်အဆက်မပြတ်ကြားရပါတယ်။ စက်သေနတ်တွေနဲ့ရော ဆက်တိုင်းပစ်တာထင်ပါတယ်။ တိုက်ပွဲဖြစ်သလိုမျိုး လက်နက် မျိုးစုံ ပစ်ခတ်တာပါ” ဟု အမ်းမြို့နယ်၊ အောက်ရွာဒေသခံတစ်ဦးက ဆိုသည်။
ထိုပစ်ခတ်သံများမှာ အမ်းမြို့ဟောင်း၊ ရွာသာယာ၊ အောက်ရွာ၊ ခလရ ၃၇၃ တပ် ရင်း၊အမ်းမြို့တွင်းနှင့် လေယာဉ်ကွင်း အနီးတို့မှ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
” ပထမတော့ အေအေဘက်က လာတိုက်တယ်ထင်နေတာပါ။ ခဏအကြာ သေချာနားထောင်ကြည့်မှ စစ်တပ်ဖက်ကပစ်တာကို သတိထားမိပါတယ်။ အေအေလာတိုက်ရင် အဆင်သင့်ဖြစ်အောင် ညဉ့်တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားတာလို့ မြင်ပါတယ်” ဟု အမ်းမြို့နယ်၊ အောက်ရွာ ကျေးရွာသားတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွစ်တာမှတဆင့် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူးရှိသည့် နေရာထိ လာတိုက်၍ရကြောင်း ခြိမ်းခြောက်ရေးသားထားသည်။
ရခိုင်မှာပြီးခဲ့သည့် မေ ၁၈ ရက်နေ့ ည ၈ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စခန်းတစ်ခုက လက်နက်ငယ် ပစ်ခတ်ခဲ့ပြီး မေ ၁၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းရှိ အကြမ်းဖက် စစ်သားများ ရှိနေသည့် နယ်ခြားစောင့်စခန်း အမည်ခံမှလည်း လက်နက်ငယ်ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
” ရခိုင်မှာ ခုမြင်နေရတာတွေက စစ်တပ်ရော၊ အေအေဘက်ကပါ တိုက်ပွဲဝင်ဖို့ အဆင်သင့်လုပ်နေကြတာကို တွေ့မြင်နေရပါတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှုတွေကို ပိုပြီးမြင်နေရတာပေါ့” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးထားပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင် ဖိတ်ခေါ်ထားသောဆွေးနွေးပွဲသို့ တက်၊ မတက်ကို အေအေဖက်က တရားဝင် အကြောင်းမပြန်ထားကြောင့်လည်း သိရသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နှင့်အကြမ်းဖက်စစ်တပ်တို့ကြား ယခုနှစ်၊ ဧပြီလဆန်းမှစတင်ပြီး စစ်ရေးတင်းမာနေကာ ယခုလ အတွင်း တိုက်ပွဲဝင်ရန် နှစ်ဘက်စလုံးမှ အဆင်သင့်နေရာယူထားကြကြောင်း ဒေသခံမျက်မြင်များက ပြောသည်။