လွိုင်ကော်မြို့ မိုးဗြဲမြို့အနီး ဝှါရီးဆူးပလိုင်ရွာမှ ဒေသခံများအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေး ပေးနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MBPDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဝှါးရီးဆူးပလိုင်ရွာရှိရွာသားများက ၎င်းတို့၏ နေအိမ်များတွင် စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်လိုကြောင်း အကူညီတောင်းခံလာ၍ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လုံခြုံရေးလုပ်ဆောင်ပေးနေစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီဘက်တွင် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းလည်း သိရှိရသည်။
ထိုပစ်ခတ်မှုတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (မစိုးရိမ်ရ) ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သလို ဝှါးရီးဆူးပလိုင်ရွာရှိ ရွာသားများ လိုအပ်သည့် ရိက္ခာများကိုလည်း အချိန်မီယူဆောင်နိုင်ခဲ့သည်။
ယင်းတိုက်ပွဲ အသေးစိတ်ကို သိရှိရန် MPA သတင်းဌာနမှ သွားရောက်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပေ။