Photo – လူမှုကွန်ရက်
By MPA
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သိမ်တော်ရွာကို နေ့လယ်ပိုင်းကစတင်ပြီး မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ မေလ ၁၅ ရက်နေ့တွင် MPA သတင်းဌာနသို့ ပြောသည်။
“ရွာနားကနေ ကင်းထောက်ပြီး ကြည့်နေတုန်းပါ။ မီးရှို့နေတာကို မြင်နေရတယ်။ တော်တော်များများ အရှို့ခံနေရတာ။ ရွာထဲမှာ ခွေးတွေကလည်း ရှိနေတော့လေ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ခင်ဦးမြို့နယ်က သိမ်တော်ရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ယနေ့တွင် တိုက်ပွားဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီက ယင်းရွာကို မီးရှို့ဖျက်ဆီးမှုများသာရှိကြောင်း စုံစမ်းသိရှိရသည်။
“တိုက်ပွဲဖြစ်ဖို့အတွက် မိုင်းကွင်းဆင်ထားတယ်။ ဒီကောင်တွေက လက်နက်ကောင်းတော့ ကျွန်တော်တို့က မိုင်းကွင်း အားကိုးပြီး တိုက်ပွဲဆင်ရမှာကိုး။ တိုက်ပွဲကတော့ မဖြစ်သေးဘူး။ ဒီကောင်တွေဘက်က ဒလန်ကောင်းလို့ မိုင်းကွင်းတွေရှောင်ပြီး သွားနေကြတာ”ဟု ၎င်း ကဆက်ပြောသည်။
လက်ရှိတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် BLDF အဖွဲ့အစည်းနှင့် မဟာမိတ်ညီနောင်များက အားမတန်၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ အခြေအနေကို စောင့်ကြည့်နေရသည်ဟု စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့၍ ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး အဆိုပါ ဖြစ်စဉ်များသည် နေရာပေါင်း (၂၉၆) နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Data For Myanmar ၏ စစ်တမ်းများအရ သိရှိရသည်။