ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန် နားလည်မှုစာချွန်လွှာ (MOU) ပြုလုပ်ထားသည့် အလုပ်သမား ရာချီသည် ယနေ့ မေလ ၁၀ ရက်နေ့ အဂါင်္နေ့တွင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရရှိရသည်။
မြန်မာအလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန် စောင့်ဆိုင်းနေသည်မှာ ကြာနေပြီဖြစ်ပြီး ထိုင်းအစိုးရ နှင့် မြန်မာဘက်တို့ ညှိနှိုင်းနေကြခြင်းကြောင့် ကြန့်ကြနေသော်လည်း ယနေ့တွင် အလုပ်သမား ၃၀၀ နီးပါးကို ခွင့်ပြုလုပ်ခြင်းဖြစ်သည်။
၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို လိုအပ်သည့်စစ်ဆေးမှုများခံယူပြီး ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
“မနက်စောစောပိုင်းလောက်ကတည်းက ကားတွေနဲ့အဆင်သင့်အနေအထားဖြစ်နေတာ။ သူတို့ အထက်ပိုင်း ခွင့်ပြုချက်စောင့်နေတာဖြစ်မယ်။ အခုတော့ ခွင့်ပြုပေးလိုက်ပြီ။ ၂၈၇ ဦးလို့ပြောတယ်” ဟု မဲဆောက်သတင်းရင်းမြစ်တစ်ဦးက MPA သတင်းဌာနသို့ ပြောပြသည်။