Photo – MPA ပုံစာ – ယနေ့ ရန်ကုန်မိုးရွာသွန်းနေပုံ။
အပူချိန်မြင့်နေသည့် ရန်ကုန်တွင် အာစန်နီ (အားကောင်းသောဆိုင်ကလုနိးမုန်တိုင်း) အဖျားခတ်မှုကြောင့် မိုး စတင်ရွာသွန်းလာပြီဖြစ်သည်။
“အခုမိုးရွာတာက နောက်ကျတယ်ပြောရမယ်။ အရင်နှစ်တွေကဆို လေးလပိုင်းထဲက ရွာနေပြီ။ အခုနောက်ကျပေမယ့် ဆက်ရွာရင်တော့ အပူချိန်လျော့ပါပြီ”ဟု ရန်ကုန်စမ်းချောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။
ယနေ့နံနက် ၆ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ မိုးရွာသွန်းခဲ့ပြီးနောက် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်မှ ယခုထိ ရန်ကုန်ရှိ မြို့နယ်အသီးသီးတွင် မိုးရွာသွန်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီသည် မြန်မာနိုင်ငံအတွင်းဝင်မည်မဟုတ်သည့်အတွက် အဝါရောင်အဆင့်ဖြစ်ကြောင်းနှင့် ယနေ့နံနက်မှ ၁၃ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိ နိုင်ကြောင်း မိုးဇလမှ သတိပေးထားသည်။