By MPA /007
ယမန်နေ့ က သင်္ကန်းကျွန်းစံပြစျေးတွင် လိုင်းကားပေါ်ကအဆင်း မိန်းကလေးတစ်ဦး၏ ပိုက်ဆံအိတ်ကိုယောင်္ကျားတစ်ဦးက လုယက်ရာ မိန်းကလေးက ပြန်ခုခံနေစဉ် ဓါးနှင့်ထိုးပြီးပြေးသွားကြောင်း ဒေသခံလမ်းဘေးမုန့်ဆိုင်ရှင်ပိုင်ရှင်တစ်ဦးကပြောသည်။
“ညနေ မှောင်ရီပျိုးချိန် ၆နာရီကျော်မှာဖြစ်သွားတာ။ ကောင်မလေးကတော့ စစ်သားတွေ မလာချိန် သွေးထွက်လွန်ပြီး သေသွားတယ်ကြားတယ်။ ဓါးနဲ့ထိုတဲ့အကောင်ကကောင်လေးလဲသွားတော့ခပ်တည်တည်ထွက်သွားရော “ဟု ဒေသခံစျေးသည်က ဆက်ပြောသည်။
ယင်းကဲ့သို့ မှုခင်းများကြောင့် တရုတ်နိုင်ငံထုတ် ဘက်ထရီစက်ဘီးများနှင့်ဂျပန်ထုတ် တစ်ပတ်ရစ် မြန်မာပြည်တွင်ပြန်လည်ဆင်သော စက်ဘီးများကို ဆိုင်ကယ်စီးခွင့်မပြုသည့် မြို့နယ်များတွင် အမျိုးသမီးများ ဝယ်ယူစီးနင်းမှုများပြားလာကြောင်း မင်္ဂလာဒုံမြို့နယ်ရှိ ဘက်ထရီစက်ဘီး လက်လီလက်ကားဖြန့်ဝေရောင်းချသူတစ်ဦးကပြောသည်။
“အဓိကက ဘတ်စ်ကားစီးတာရော၊လမ်းလျှောက်သွားတာရောက မလုံခြုံတော့တဲ့အတွက် စက်ဘီးက အဆင်မပြေတော့ဘူး လို့ပြောကြတယ်။ အခုအကိုတို့ယူတဲ့ ပင်ရင်းကိုကစျေးတက်လာလို့ စျေးတက်ပြီးရောင်းနေရတာတောင် ဝယ်သူရှိနေသေးတယ်”ဟု မင်္ဂလာဒုံမြို့နယ်ရှိ ဘက်ထရီစက်ဘီး လက်လီလက်ကားဖြန့်ဝေရောင်းချသူတစ်ဦးကပြောသည်။
နင်းတွန်းဘီးဟုခေါ်သည့်ဂျပန်တစ်ပတ်ရစ် လီသီယံဘက်ထရီစက်ဘီးမှာလည်း ကရင်ပြည်နယ်က စစ်ပွဲများကြောင့် စျေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းချနေရကြောင်း သာကေတမှဘက်ထရီစက်ဘီး လက်လီ လက်ကား ဖြန့်ဝေရောင်းချသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက သွေးသောက်အဖွဲ့ပေါ်ပေါက်လာခြင်းနှင့်အတူ ဖြစ်ပွားမှုနှုန်းမြင့်မားလာသည့် လုယက်မှု၊အနုကြမ်းစီးမှု၊ဓားပြမှုများနှင့် ခါးပိုက်နှိုက်မှုတွေကြောင့် နေ့စဉ်သွားလာလှုပ်ရှားမှုများတွင် အဖမ်းအဆီးများသည့် ဆိုင်ကယ်အစား ၂၄ဗို့အားသုံး ဘက်ထရီခြောက်ထည့်သွင်းအသုံးပြုသည့် ဘက်ထရီဘီးများကို စီးနင်းနေကြောင်း တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတစ်ဦးကပြောသည်။
“ဘက်ထရီဝယ်ပြီးဆင်ရင် တစ်သိန်းတောင်မကျော်ဘူး။ ဆိုင်ကယ်နဲ့ဆို ဘဲဥနဲ့ ခွေးခြုံအောင်းနေတော့ မသွားရဲဘူး။ ဘက်ထရီဘီးက ဖမ်းချင်လဲဖမ်းတယ်ဆိုပေမယ့် သွားရတာအဆင်ပြေတယ်။ ဂီယာသုံးချက်နင်းလိုက်ရင် ဆိုင်ကယ်နဲ့လုမှရမယ်။ ပြီးတော့ အလှကုန်သွားပို့နေတဲ့ ဆူးလေနဲ့ တောင်ဒဂုံကို ၂၄ဗို့ဘက်ထရီနှစ်လုံးက အသွားအပြန်အေးဆေးရတယ်”ဟု တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတစ်ဦးကပြောသည်။
#ဘက်ထရီစက်ဘီး #လုယက်မှု #MPA