အွန်လိုင်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီကို ဝေဖန်ရေးသားသူများ အဖမ်းခံရမှုများပြားလာကြောင်း သိရှိရသည်။
RFA သတင်းဌာန၏ သတင်းတစ်ရပ်တွင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ရေးသားမှုများအပါအဝင် NUG၊ CRPH နှင့် PDF များကို ထောက်ခံသည့် အရေးအသားနှင့် အွန်လိုင်းပေါ်တင်သူများကို ဖမ်းဆီးအရေးရေးမှုများရှိခဲ့သည်ဟုဆိုသည်။
ယင်သတင်း၏ ဖော်ပြချက်အရ ဇန်နဝါရီလ ၂၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ အွန်လိုင်းပေါ် ရေးသား ဝေဖန်မှု ပြုလုပ်သူ ၂၂၉ ဦးရှိကြောင်း သိရှိရသည်။
“ကိုယ်တွေက official acc နဲ့ သုံးနေတဲ့အခါကျတော့ public မှာ တော်ရုံ ကွန်းမန့်မရေးဖြစ်ဘူး။ ပြီးတော့ click app တွေကိုလည်း ဖုန်းထဲမသိမ်းထားနိုင်တော့ဘူး။ ညဘက်အိမ်ပြန်ရောက်မှ ဒေါင်း။ အပြင်သွားရင် ပြန်ဖျက်၊ အဲလိုတွေ လုပ်နေရတာပေါ့။ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်ဂရုတွေကနေ ပြည်သူတစ်ယောက်ကို နာမည်၊နေရပ်လိပ်စာအတိအကျနဲ့ တင်လိုက်ပြီဆိုရင် စခတွေက လာဖမ်းတော့တာပဲလေ။ သူတို့ကလည်း အဲ့လိုတင်ဖို့အတွက် နာမည်ကြီး page တွေ၊ တော်လှန်ရေးမှာ အားကြိုးမာန်တက် ပါဝင်နေတဲ့ ဆယ်လီတွေရဲ့ ကွန်းမန့်တွေအောက်မှာ ဝင်ရေးသူတွေကို စောင့်ကြည့်ပြီး ဒုက္ခပေးတာဆိုတော့ အစစအရာရာ သတိထားနေရတာပေါ့”ဟု ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးက MPA သတင်းဌာနကို ပြောပြသည်။
အကြမ်းဖက် စစ်ကောင်စီကို ဝေဖန်ရေးမှုများကြောင့် မြန်မာပြည်တွင်း ၎င်းတို့ကို ဆန့်ကျင်သည့် ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေရပြီး သွားသတိ၊ လာသတိဖြင့် တစ်နေ့တာကို ဖြတ်သန်းနေရသည်။
“နောက်ပြီး vpn သုံးရင် ဖမ်းမယ်ဘာညာဆိုပြီး အကြောက်တရားထည့်တယ်။ အဲ့တော့ တချို့လူတွေက အပြင်သွားရင် vpn ဖျက်ပစ်တာတို့လုပ်ကြတယ်။ စိတ်သောကတွေ ပေးတယ်ပေါ့လေ။ ဒါကြောင့် အကောင့်အစစ်နဲ့သုံးတယ်ဆိုရင် ကွန်းမန့် ဝင်ရေးတာတွေမှာ သတိထားပါပေါ့။ ဆိုရှယ်ပေါ်မှာ ရေးလိုက်တဲ့ စကားတစ်ခွန်းကြောင့် ခုချိန်မှာ ဖမ်းဆီးခံလိုက်ရရင် ရှေ့ဆက်ပြီး ဘာမှလုပ်နိုင်တော့မှာမဟုတ်တဲ့ အတွက် သတိထားဖို့ လိုတယ်”ဟု ၎င်းပြည်သူက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရေးသားမှုကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်၊ ဆယ်လီများနှင့် သာမန်ပြည်သူများ လေးလအတွင်း ၂၀၀ ကျော်အဖမ်းခံခဲ့ရသည်ဟု RFA သတင်းဌနာက ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁,၈၂၁) ဦး ရှိခဲ့ပြီဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနိုင်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀,၅၂၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁,၀၃၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၆၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁,၉၇၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသည်။
ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၆) ဦးရှိပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။